မောင်တာ
မန္တလေး-အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်)မန္တလေးတိုင်းဒေသကြီးမှ ဦးဆောင်ကာ မျိုးစောင့်ဥပဒေအမြန်ဆုံးပြဋ္ဌာန်းပေးရန် အောက်တိုဘာ ၃၀ ရက်နေ့လယ်က မန္တလေးမြို့တွင် ရဟန်းရှင်လူအင်အားထောင်ချီကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။
မျိုးစောင့်ဥပဒေအမြန်ဆုံး ပြဋ္ဌာန်းပေးရန် မန္တလေးခရိုင်အတွင်းရှိ သံဃာတော်များနှင့် လူထုများအပါအဝင် မိတ္ထီလာ၊ နေပြည်တော်၊ စစ်ကိုင်း၊ ရွှေဘို၊ ကျောက်ဆည်စသည့် မြို့ရွာများမှ သံဃာတော်များ၊ သီလရှင်ဆရာ လေးများနှင့် လူပုဂ္ဂိုလ်များ ပါဝင်ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ပြီး ဆန္ဒပြပွဲစီစဉ်သည့် မဘသ ဆရာတော်များက အင်အား တစ်သိန်းကျော်ဆန္ဒထုတ်ဖော်မည်ဟု သတင်းထုတ်ပြန်ပြီး ဆန္ဒပြပွဲ လာရောက်ကြည့်ရှုသူ မြို့ခံ အချို့က အင်အား သုံးသောင်းဝန်းကျင်ရှိမည်ဟု ခန့်မှန်းပြောဆိုကြသည်။
နေ့လည် ၁ နာရီမှ ၄နာရီအထိ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၈၅ လမ်းနှင့် ၃၅ လမ်းထောင့်မှ အိမ်တော်ရာ ဘုရားအထိ ၃၅ လမ်းတစ်လျှောက် ကြွေးကြော်သံများဖြင့် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ပြီး အိမ်တော်ရာဘုရားဝင်းအတွင်း ၁၄ ခန်းဓမ္မာရုံတွင် မျိုးစောင့်ဥပဒေဆိုင်ရာ လူထုဟောပြောပွဲပြုလုပ်ခဲ့သည်။
အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းနှင့် ဘာသာကူးပြောင်းရာတွင် အခြားဘာသာဝင်များအနေဖြင့် ၄င်းတို့ ကိုးကွယ်သည့် ဘာသာအလိုက် အကာအကွယ်ပေးထားသည့် ဥပဒေများရှိသည့်အတွက် ဗုဒ္ဓဘာသာအမျိုး သမီးများအနေဖြင့်လည်း ယင်းသို့ ဥပဒေအရ အကာအကွယ်ရစေရန်အတွက် မျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း မဘသ(အထက်မြန်မာပြည်) မန္တလေးတိုင်းဒေသကြီးအတွင်းရေးမှူး ဦးဣန္ဒာစက္က က မိန့်ကြားသည်။
မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေးမှာ လူ့အခွင့်အရေးကို တားမြစ်ပိတ်ပင်ခြင်းမဟုတ်ဘဲ ဗုဒ္ဓဘာသာအတွက် တရားနည်းလမ်းအရ အခွင့်အရေးတောင်းဆိုခြင်းသာဖြစ်သည်ဟု စာရေးဆရာမယဉ်ယဉ်နုက အိမ်တော်ရာ ဘုရား လူထုဟောပြောပွဲတွင် ပြောသည်။
မဘသ ဆရာတော်များက မျိုးစောင့်ဥပဒေအား အမြန်ဆုံး ပြဋ္ဌာန်းပေးရန် လွှတ်တော်ကိုယ်စားလှယ်များကို တောင်းဆိုခဲ့ပြီး ယင်းဥပဒေနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချနေသူများကိုလည်း လာရောက် ဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း ဆန္ဒပြပွဲအပြီး ထုတ်ပြန်သည့် အချက်သုံးချက်ပါ ကြေညာချက်တွင် ဖော်ပြထားသည်။
မျိုးစောင့်ဥပဒေမပြဋ္ဌာန်းနိုင်သရွေ့ နိုင်ငံအတွင်းရှိ အခြားမြို့ရွာများတွင်လည်း ဆန္ဒထုတ်ဖော်တောင်းဆိုပွဲများ ဆက်လက်ပြုလုပ်သွားမည်ဟု မဘသ ဆရာတော်များက မိန့်သည်။