မောင်တာ
မန္တလေး-မျိုးစောင့်ဥပဒေခေါ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးဥပဒေ(၄)ရပ်ကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ အတည်ပြုပြဋ္ဌာန်းပေးရန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးဘာသာ သာနသာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(မဘသ)ဦးဆောင်ဆရာတော် မစိုးရိမ်ကျောင်းဆရာတော် ဦးဝီရသူ မိန့်ကြားသည်။
“၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ မျှော်လင့်ထားပါတယ်။ ဘာကြောင့်လဲဆိုရင် ၂၀၁၅ နောက်ပိုင်းမှာ မျိုးစောင့်ဥပဒေ ကန့်ကွက်မယ့်သူ အာဏာရသွားခဲ့သော် မအောင်မြင်မှာစိုးလို့ပါ” ဟု မဘသ ဦးဆောင်ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအတွက် ပြဋ္ဌာန်းရမည့် ဥပဒေ(၄)ရပ်တွင် ဘာသာကူးပြောင်းခြင်းဆိုင် ရာ ဥပဒေကြမ်းတစ်ခုတည်းသာ ပြည်သူကို ချပြနိုင်သေးသည့်အတွက် လွှတ်တော်၏ မျိုးစောင့်ဥပဒေပြဋ္ဌာန်းနိုင် ရေး လုပ်ဆောင်ချက်များသည် အားနည်းနေသေးသည်ဟု အောက်တိုဘာ ၃၀ ရက်က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် မျိုးစောင့်ဥပဒေ အမြန်ပြဋ္ဌာန်းပေးရေး ဆန္ဒထုတ်ဖော်ပွဲတောင်းဆိုမှုများအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မဘသ ဆရာတော်များက မိန့်ကြားသည်။
လက်ရှိနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တိုင်းရင်းသားများကို အပြည့်အဝ ကာကွယ်မပေးနိုင်သည့် အတွက် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးရန် အရေးတကြီး တောင်းဆိုခြင်းဖြစ်သည်ဟုလည်း မဘသဆရာတော်များ ကပြောသည်။
ပြည်သူ့ကိုယ်စားလှယ်ဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့အသံကို အမှန်တကယ် နားထောင်သည်ဆိုလျှင် မျိုးစောင့်ဥပဒေပြဋ္ဌာန်းပေးရန်နှင့် ထိုသို့ ဥပဒေမပြဋ္ဌာန်းနိုင်သရွေ့ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်တောင်းဆိုပွဲများ ဆက်လက်ပြုလုပ်သွားမည်ဟု မဘသဆရာတော်များက မိန့်ကြားသည်။
မျိုးစောင့်ဥပဒေ(ခေါ်)အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးဆိုင်ရာ ဥပဒေ(၄)ရပ်ဖြစ်သည့် ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ လူဦးရေထိန်းညှိခြင်းဆိုင်ရာဥပဒေနှင့် တစ်လင်တစ်မယားစနစ်ဥပဒေတို့ကို လွှတ်တော်က ပြဋ္ဌာန်းပေးရန် ယခုနှစ်ဆန်းပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းထံ သဝဏ်လွှာပေးပို့ခဲ့သည်။
ယင်းဥပဒေများ ပြဋ္ဌာန်းနိုင်ရန် သံဃာတော်များ အပါအဝင် လူပုဂ္ဂိုလ် တစ်သိန်းသုံးသောင်းကျော် လက်မှတ်ရေးထိုးောတင်းဆိုထားပြီး မဘသ(ဗဟို)မှတစ်ဆင့် နိုင်ငံတော်သမ္မတထံ တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
သို့သော် မျိုးစောင့်ဥပဒေမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ကန့်သတ်မှုများ ရှိလာနိုင်ပြီး လူ့အခွင့်အရေး စံနှုန်းများနှင့် ကိုက်ညီမှုမရှိသည့်အတွက် မပြဋ္ဌာန်းသင့်ကြောင်း ပြည်တွင်း ပြည်ပ လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ထားသည်။
မျိုးစောင့်ဥပဒေကို ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသား အမျိုးသမီးများအတွက် ဥပဒေအရ အကာအကွယ်ရစေရန် ပြဋ္ဌာန်းစေလိုခြင်းသာဖြစ်ပြီး လူ့အခွင့်အရေးကို ချိုးဖောက်မှုမရှိကြောင်း၊ မျိုးစောင့်ဥပဒေကို ကန့်ကွက်သည့် အဖွဲ့များဖြင့်လည်း ဆွေးနွေးလိုကြောင်း မဘသဆရာတော်များက မိန့်ကြားသည်။