27.9.2014 ရက်နေ့ ည 8:00 နာရီခန့်မှာ သီရိမဟာဗောဓိကျောင်းသို့ ပြန်ရောက်ပါသည်။ တပည့် ကျန်ကျောင်း ရောက်နေလေ၏။ ကျန်ကျောင်းဆိုသည်မှာ ဦးဇင်းတစ်ပါးသာဖြစ်ပါသည်။ စာရေးသူ ၂၀၀၁ ခုနှစ်မှစ၍ အမျိုးသားရေးတရားများ လှည့်လည်ဟောပြောစဉ်က စာရေးသူ၏ အစောင့်အရှောက်အဖြစ် လိုက်ပါလေ့ရှိ သောကြောင့် ကိုယ်ရံတော်ကျန်းကျောင်းဟု ခေါ်ဝေါ်ခံရခြင်းဖြစ်ပါသည်။ ဦးဇင်းကျန်းကျောင်း သီရိလင်္ကာ၌ ပညာစာဆည်းပူးနေသည်မှာ သုံးနှစ်မျှပင် ရှိပြီဖြစ်လေသည်။
တပည့် ကျန်ကျောင်းက ဗောဓုဗလအဖွဲ့ထံသွား၍ တွေ့ခွင့်တောင်းရာမှ အဆက်အသွယ်ရခဲ့ခြင်း ဖြစ်၏။ တပည့်ကျန်ကျောင်းရောက်လာမှ ပို၍ အဆင်ပြေသွားလေသည်။ ကျောင်းသားက ကင်မရာကိုင်တတ်ပြီး ကွန်ပျူတာမသုံးတတ်လေ။ ကွန်ပျူတာမသုံးတတ်၍ အချိန်မီသတင်းမတင်နိုင်ခဲ့ပေ။ တပည့်ကျန်ကျောင်းက ကွန်ပျူတာ ကိုင်တတ်၍ ပိုအဆင်ပြေသြွးလေ၏။
ဦးပညာက ပြောလာသည်။ မနက်ဖြန် အခမ်းအနားမှာ ငါးမိနစ်စာ မိန့်ခွန်းပြောခွင့်ရသည်။ ဧည့်သည်ဖြစ်သော ကြောင့်ဟု အကြောင်းပြသည်။ စာရေးသူက မြန်မာလိုရေး၊ ဦးပညာက အင်္ဂလိပ်လို ပြန်ဆို။ ဗောဓုဗလက ဆင်ဟာလီလို ထပ်မံပြန်ဆိုပေးမည်ဆို၏။ အချိန်က ယခုည တစ်ညသာရတော့သည်။ မနက်ဖြန်မနက် ဦးပညာ ဘာသာပြန်ဆိုဖို့ အချိန်ပေးရမည်။ ထို့ကြောင့် စာအုပ်နှင့် ဘောလ်ပင်ကိုင်ကာ မာတိကာစဉ်ဖို့ စိတ်ကူးရလေ တော့၏။ ပင်ပန်းသောကြောင့်ထင်သည် တစ်ကြောင်း နှစ်ကြောင်းစသာရေးရသေးသည် အိပ်ပျော်သွားလေ တော့၏။
ည 10:00 နာရီထိုးသည့်အခါ ဒကာမောင်မောင်က လာနှိုးသည်။ ချိန်းဆိုထားသည့် ဧည့်သည်များရောက်လာပြီ ဆို၏။ တစ်နာရီခန့်သာ အိပ်လိုက်ရလေ၏။
ဧည့်သည်ဆိုသည်များမှာ မူဆလင်နှစ်ယောက်ဖြစ်ပါသည်။ တစ်ယောက်က ဌာနေမူဆလင်ဖြစ်ပြီး ကျန်တစ်ယောက်မှာ အင်္ဂလိပ်စကားမတတ် အာရဗီစကားသာတတ်သည့် နိုင်ငံခြားသားဖြစ်ပါသည်။ ည 8:00 ချိန်းဆိုထားသော်လည်း လျှို့ဝှက်ဆွေးနွေးလိုသောကြောင့် နောက်ကျမှလာခြင်းဖြစ်သည်ဆို၏။
ဗောဓုဗလက မိတ်ဆက်ပေးပြီး ပြန်သွား၏။ ကျနုပ်က ဗမာလိုပြောသည်။ ဦးပညာက အင်္ဂလိပ်လို ပြန်သည်။ ဌာနေမူဆလင်က အာရဗီလို ထပ်ပြန်သည်။ အကြောင်းအရာတစ်ခုတည်းကို သုံးဘာသာဖြင့် မလှယ်ကြရ၏။
နိုင်ငံခြားသားမူဆလင်က အာရဗီလိုပြောသည်။ ဌာနေမူဆလင်က အင်္ဂလိပ်လိုပြန်သည်။ ဦးပညာက ဗမာလို ထပ်မံပြန်ဆိုရသည့်အခါ၌လည်း ထို့အတူပင် အချိန်များစွာ ကြန့်ကြာရလေသည်။
ဌာနေမူဆလင်၏ မျက်နှာ ကြည်လင်သန့်ရှင်းလျက်ရှိပြီး အမူအရာနှင့် အပြောအဆိုမှာလည်း သိမ်မွေ့ နူးညံ့လှလေသည်။ ဧည့်သည်မူဆလင်ကြီးက အတွေးအခေါ်အလွန်ကောင်းကာ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားမှန်းသိသာ၏။ အမှန်တရားကိုလည်း မြတ်နိုးသူတစ်ယောက်ဖြစ်လေသည်။
ဗောဓုဗလအဖွဲ့မှ ဒကာဆူးနီနှင့် ဒကာပါနီတို့ကလည်း အင်္ဂလိပ်လို ဝင်ရောက် ပြန်ဆိုပေးကြ၏။
သူတို့အမြင်များသည် ဗုဒ္ဓတရားတော်များနှင့် ညီညွတ်နေကြောင်း ပြောပြသည့်အခါ အံ့သြနေကြပြီး ကျနုပ်အမြင်များကို ပြောပြသည့်အခါ ထူးဆန်းနေကြလေသည်။ အထူးသဖြင့် ခြင်္သေ့ မြေခွေး ချစ်ကြည်ရေး ဒုကနိပါတ် ဂုဏဇာတ်တော်ပြောပြသည့်အခါ Good Story ဟုဆိုကာ ချီးကျူးမဆုံး ဖြစ်နေကြလေသည်။
သူတို့လာရောက် ဆွေးနွေးသည်မှာ သီရိလင်္ကာမူဆလင်များအရေးမဟုတ်ပါ။ မြန်မာပြည်မှ မူဆလင်များအရေး ဖြစ်ပါသည်။ မြန်မာပြည်မှ မူဆလင်များ စာရေးသူနှင့် မဆွေးနွေးကြသည်ကို အပြစ်တင်ရှုတ်ချနေကြပါသည်။ အထူးသဖြင့် မူဆလင်အဖွဲ့ကြီးငါးဖွဲ့ကို အလိုမကျခြင်း ဖြစ်၏။
မူဆလင်အဖွဲ့ချုပ်က မဆွေးနွေးတာ ဘာကြောင့်ထင်သလဲဟု ကျနုပ်အား မေးသည့်အခါ ကြောက်သောကြောင့်ဟု ဖြေလိုက်လေသည်။
ကျနုပ်ကိုကြောက်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ထောက်ပံ့ငွေများမရတော့မှာကို ကြောက်ကြခြင်း မူဆလင် အချင်းချင်း အန္တရာယ်ပြုမှာကို ကြောက်ကြခြင်းကို ရည်ရွယ်ခြင်းဖြစ်ပါသည်။
မြန်မာပြည်ကိုလာမည်။ မူဆလင်အဖွဲ့ချုပ်ကြီးနှင့်တွေ့မည်။ မူဆလင်တွေဆီက ဗုဒ္ဓဘာသာတွေ ဘာလိုချင်တာလဲ? သိအောင်လုပ်ခိုင်းမည်။ ဗုဒ္ဓဘာသာတွေဆီက မူဆလင်တွေ ဘာလိုချင်တာလဲ? ရှင်းအောင် ပြောခိုင်းမည်။ မြန်မာပြည်ကြီး ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်ကြမည်ဟု မူအရ ကတိစကားများ ပေးသွားကြ လေသည်။ ကျနုပ်ကလည်း ငြိမ်းချမ်းရေးအတွက်ဆိုလျှင် တရေးနိုးလည်းလာခဲ့ပါ။ အားမနာတမ်း လာရောက် ဆွေးနွေးနိုင်ပါကြောင်း ဖိတ်ခေါ်ခဲ့လေသည်။
တစ်ဦးချင်းစီရော အဖွဲ့လိုက်ပါ ဓာတ်ပုံတွဲရိုက်ကြလေသည်။ ည 12:00 ကျော်မှာ ပြီးဆုံးသွားခဲ့၏။ ၉၆၉ မူဝါဒကို အင်္ဂလိပ်လို ပြန်ဆိုထားသည့် ပန်းဖလက်များနှင့် ငြိမ်းချမ်းစွာ အတူယှသ်တွဲနေထိုင်ရေး ပန်းဖလက်များ လက်ဆောင်ပေးလိုက်ပါသည်။
သူတို့ ပြန်သွားသည့်အခါ ကျနုပ်မှာ အတွေးများစွာကျန်ရစ်ခဲ့လေသည်။
မူဆလင်လူစိမ်းက ဘုန်းကြီးကျောင်းသို့လာရဲသည်။ ည အချိန်မတော်ကြီးမှာ လာခြင်းဖြစ်၏။ ကြောက်ရွံ့ ထိတ်လန့်သည့် အမူအရာလည်းမရှိ။ စိုးရိမ်ပူပန်မျိုးလည်း မတွေ့ရ။ ယုံကြည်စိတ်ချမှုအပြည့်နှင့် ဆွေးနွေးခဲ့ ကြခြင်းဖြစ်၏။ အန္တရာယ်တစ်စုံတစ်ရာအတွက် မျက်လုံးကစားတာမျိုးပင် မရှိခဲ့ပါ။ ဤမျှပင် ကျနုပ်ရဟန်းသံဃာ များအပေါ် ယုံကြည်စိတ်ချကြလေသည်။
လားရှိုးအရေးအခင်း ဖြစ်ပြီးစက ဖြစ်သည်။ ဦးမောင်မောင်(ကရဝိတ်မောင်မောင်) သည် မစိုးရိမ်ကျောင်းတိုက် သို့ တစ်ယောက်တည်းလာတတ်၏။ တစ်နေ့သူ့သမီးလေးက သူ့အား ဘုန်းကြီးကျောင်းကို သွားသည့်အခါ အဖော်ပါမှသွားဖို့ တိုက်တွန်းလေသည်။ ထိုအခါ ဦးမောင်မောင်က “ဘုန်းကြီးကျောင်းကိုသွားတာ ဖြစ်မှာမဟုတ်ဘူး။ ဗလီသွားမှ ငါ အသတ်ခံရမှာ” ဟု ပြန်ပြောခဲ့သည်ဆို၏။
ကျနုပ်တို့ ဘုန်းကြီးကျောင်းများ ပွင့်လင်းမြင်သာမှု ရှိ၍သာထိုသို့ ယုံကြည်ကြခြင်း ဖြစ်ပေမည်။
အကယ်၍သာ ယခုလို အချိန်မတော်ကြီးမှာ ဗလီထဲသို့ အာရဗီစာသင်ကျောင်းသို့ မူဆလင်ရပ်ကွက်သို့ ဗမာတဟ်ယောက်တည်းသွားလျှင်၊ ရဟန်းတစ်ပါးတည်းသွားလျှင်၊ အထူးသဖြင့် ကျနုပ်လို အမျိုးသားရေးဝါဒီ ရဟန်းတော်များသွားလျှင် တွေးဝံ့စရာပင်ရှိမည်မထင်ပေ။
ဗလီတွေဟာ ဘာကြောင့် ထင်သာ မြင်သာ မရှိရသနည်း? ဗလီထဲသို့ အခြားဘာသာဝင်များကို ဘာကြောင့် ဝင်ခွင့်မပြုကြသနည်း? ဗလီများသည် ဘုန်းကြီးကျောင်းများလို ဘာကြောင့် ပွင့်လင်း လွတ်လပ်မှု မရှိကြသနည်း? စသည့် မေးခွန်းပေါင်းများစွာသည် ကျနုပ်အား လွှမ်းမိုးထားလေတော့၏။
မူဆလင်နှစ်ဦး ပြန်သွားသည့်အခါ စင်္ကြံလျှောက်လျက် ပရိတ်ရွတ်ပါသည်။ ညောင်း၍ ထိုင်ရွတ်လျှင် အိပ်ငိုက်ပါသည်။ အိပ်ငိုက်၍ လမ်းလျှောက်ရွတ်လျှင် ပင်ပန်းပါသည်။ ကျနုပ်အိပ်ရာဝင်သည့်အခါ ကိုယ်ရံတော် ကျန်ကျောင်းကား ကွန်ပျူတာတစ်လုံးဖြင့် အလုပ်ရှုပ်လျက် ရှိနေသေး၏။
(ဆက်ပါဦးမည်။)