မနက် 5:00 နာရီ အိပ်ရာထပါတယ်။ ဓမ္မစေတိယကျောင်းတော်ကြီး အပေါ်ဆုံးထပ်မှာ တည်ထားကိုးကွယ်တဲ့ လောကနာထစေတီတော်ဘုရားအနေကဇာတင်ပွဲ ကြွရပါတယ်။
မွန်းလွဲ 2:00 မှာ ဆုတောင်းပြည့် နန်းဦးစေတီ ရွှေအိုးရဓမ္မာရုံမှာ တရားဟောပါတယ်။ ဓမ္မာရုံတွေကို အအားမထားဖို့၊ လူ့စွမ်းအားအရင်းအမြစ်ကို အသုံးချရာ ဌာနကြီးဖြစ်အောင် လုပ်ကြဖို့ သြဝါဒပေးရင်း မိဘပြည်သူများကို ကလေးတရားဟောခဲ့ပါတယ်။
“ချစ်စရာလေးတွေဖြစ်စေဖို့ မေတ္တာတေးတွေဆိုကြစို့” တရားတော်လေးပါ။ သံပေါက်လေးတွေတိုင်ပေးကာ တစ်ပိုဒ်ချင်းရှင်းပြပြီး ဟောခဲ့တာပါ။
အပြန်မှာ ပဝါရဏာပွဲနှင့် လွဲသွားပါတယ်။ ထောင်မှလွတ်တာ သုံးနှစ်ရှိပါပြီ။ ပဝါရဏာတစ်ခါမျှ မပြုရသေးပါ။ တရားပွဲချိန်နှင့် တိုက်ဆိုင်နေလို့ မပြုရခြင်းဖြစ်ပါတယ်။ ပါရိသုဒ္ဓိဥပုသ်ပဲ ပြုခဲ့ရပါတယ်။ လာမည့်နှစ်မှာ ရက်(သို့) အချိန်ပြောင်းပေးဖို့ ဂေါပကကို ပြောထားရပါတယ်။
ည 7:30 နာရီမှာ မစိုးရိမ်တိုက်ကြီး နိရုတ္တိ နယူပဒေသကျောင်းမှာ မန်းမဘသ ထိပ်သီးခေါင်းဆောင် ဆရာတော်များ၊ အမျိုးသား/သမီးများ အစည်းဝေးထိုင်ပါတယ်။ အတုမမရှိဂျာနယ်လ်ကိစ္စ၊ မန်းမဘသ ရုံးကိစ္စ စသည်များကို ဆွေးနွေးရာ ည10:00 ကျော်မှ ပြီးပါတယ်။
တိပိဋက ဖြစ်ရသည့် အာနိသင်
ဤကိုယ်တော်ဖတ်ဖတ်မောရောပေါ့ ပြောမပြချင်၊
ကိုယ့်ကျောင်းနှင့်ကိုယ့်ကန်တွင် နေချင်လျက်မနေအား
စတဲ့ မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး၏ ညည်းချင်းလေးကို သတိရမိလိုက်ပါတယ်။
အွန်လိုင်းပရိသတ်အတွက် ပို့စ်တ်တွေတင်ရင်း ည နှစ်ချက်တီးကျော်မှ အိပ်ရာဝင်နိုင်ပါတယ်။
မဘသ ဖြစ်ရတဲ့ အာနိသင်ကိုလည်း မင်းကွန်းဆရာတော်ကြီးကဲ့သို့ပင် ပြောမပြချင်တော့ပါဘူး။ ဖတ်ဖတ်မော ရလွန်းလို့ပါ။
“ချစ်စရာလေးတွေမို့ မေတ္တာတေးတွေ ဆိုကြစို့”
အမေရယ်၊ အဖေရယ်၊
သားတို့ သမီးတို့ရယ်။
ချစ်ချစ်ခင်ခင်နေကြမယ်။
ကြီးသူကိုလည်း ရိုသေမယ်။
ရွယ်တူကိုလည်း လေးစားမယ်။
ငယ်သူကိုလည်း ကြင်နာမယ်။
ဘုရားတရားမြဲလို့ရယ်၊
ကိုင်းရှိုင်းရိုသေမယ်။
ကာယကံမေတ္တာထားလို့ရယ်၊
ဝိုင်းဝန်းကူညီမယ်။
ဝစီကံမေတ္တာထားလို့ရယ်၊
ယဉ်ကျေးချိုသာမယ်။
မနောကံမေတ္တာထားလို့ရယ်၊
စိတ်ထားဖြူစင်မယ်။
ပညာရေးလည်း ဆည်းပူးမယ်။
စီးပွားရေးလည်း ထူထောင်မယ်။
အများအကျိုးလည်း ဆောင်ရွယ်မယ်။
ဘာသာအကျိုး သာသနာအကျိုး၊
သယ်ပိုးကြပါမယ်။
ကမ္ဘာသူ ကမ္ဘာသား အားလုံးရယ်၊
ငြိမ်းချမ်းစေဖို့ရွယ်။
ချစ်စရာလေးတွေ ဖြစ်အောင်ကွယ်၊
မေတ္တာတေးတွေ ဆိုကြမယ်။