အဆောင်ပြန်၍ ရေချိုးခေါင်းရိတ်ပြီးသည့်အခါ ဒေါ်သီတာဆွေတို့ ရောက်နေလေသည်။ လေဆိပ်မှ ဖုန်းကဒ်များလက်ဆောင်ရခဲ့သော်လည်း ငွေမထည့်ရသေး၍ ခေါ်ဆိုမရဖြစ်နေသောကြောင့် ကြိုတင်ရောက်နှင့် နေသော ဒေါ်သီတာဆွေနှင့် အဆက်အသွယ်ပြတ်သွားလေ၏။
ယနေ့ 27.9.2014 ရက်နေ့ မကုဋာရာမ(မြန်မာ)ကျောင်းတိုက်မှ ဒေါ်သီတာဆွေက နေ့ဆွမ်း ဆက်ကပ်မည်။ စာရေးသူက မန္တလေးမှ ယူဆောင်လာသော ထိုးမုန့် လမုန့် လ္ဘက်သုပ် ကော်ဖီမစ် မုန့်ပေါက်ကြော် စသည်တို့ဖြင့် အချိုပွဲ ဆက်ကပ်မည်ဟု ကြိုတင်တိုင်ပင်ထားကြ၏။ မြန်မာကျောင်းသို့ကြွမည်။ အားပေးစကားပြောမည်။ အမျိုး ဘာသာအရေးဆွေးနွေးကြမည်ဟု စိတ်ကူးလာခဲ့ကြ၏။ စာအုပ်စာစောင်ဂျာနယ်လ်များနှင့် ရိက္ခာများ သယ်ယူခသည်ပင် ဒေါ်လာ(၃၀၀)ကုန်ကျခဲ့လေသည်။
ဒေါ်သီတာဆွေနှင့် ဦးဇင်းလေးနှစ်ပါးပါလာ၏။ တစ်ပါးက လျှောက်ထားသည်မှာ လွန်ခဲ့တဲ့ ဆယ့်တစ်နှစ် လောက်ကတည်းက ဖူးချင်နေတာဘုရားဟူ၏။
သူတို့အား အကျိုးအကြောင်းပြောပြ၍ မကုဋာရာမ(မြန်မာကျောင်း) အစီစဉ်ကို ရုပ်သိမ်းခဲ့ရလေသည်။ မကုဋာ ရာမကျောင်းသည် မူဆလင်ရပ်ကွက်မှာ တည်ရှိသောကြောင့်လည်းကောင်း၊ ဘေးပတ်ပတ်လည်တွင် မူဆလင် အိမ်များရှိသောကြောင့်လည်းကောင်း၊ စာရေးသူကြွလျှင် မြန်မာရဟန်းတော်များအနေခက်သွားမည်စိုးသော ကြောင့်လည်းကောင်း မကြွစေလိုသူများရှိကြသည်ဟု သိရှိရလေသည်။
စာရေးသူအား တာဝန်ခံပင့်သော ဗောဓုဗလစေန အဖွဲ့ကလည်း မကြွစေချင်ကြပေ။ ယနေ့ ကြွသည့်အခါ မူဆလင်များက ပြဿနာရှာလျှင် မနက်ဖြန် သံဃာ့ကောင်စီအစည်းအဝေး ပျက်နိုင်သောကြောင့်ဟု အကြောင်း ပြလေ၏။ အကယ်၍ ကြွလိုလျှင် အစည်းဝေးပြီးမှ ကြွဖို့နှင့်၊ မြန်မာရဟန်းတော်များနှင့်တွေ့လိုလျင် အခြားလုံခြုံ သည့်နေရာတစ်ခုမှာ စီစဉ်ပေးမည့်အကြောင်း လျှောက်လေသည်။
နှစ်ဦးနှစ်ဖက်လုံးမှ အကြောင်းပြခိုင်လုံနေသည်ဖြစ်သောကြောင့် နှစ်ဖွဲ့လုံး၏ စိုးရိမ်ပူပန်မှုကို အသိအမှတ်ပြုကာ ရိက္ခာအထုတ်အပိုးများကိုသာ ထည့်ပေးလိုက်ရလေသည်။
11:30 နာရီမှာ နေ့ဆွမ်းစားရသည်။ “သီရိလင်္ကာမှာ ထမင်းတွေက ကြမ်းတယ်။ အစာမကြေဘူး” ဟု ပြောကြသော်လည်း စာရေးသူမှာ မနက် 8:00 ခန့်ကစားခဲ့သည့် ဆွမ်းများ ဘယ်နားရောက်သွားမှန်းပင်မသိပေ။ ဆာ၍နေလေတော့၏။ ငရုပ်သီးအစပ်စားသော လူမျိုးဖြစ်သော်လည်း စာရေးသူအတွက်ကား ငရုပ်သီးပါသည် ဆိုရုံမျှသာ ချက်ကပ်ကြလေသည်။ အာလူးနှင့် ပဲကြိုက်လျှင် သီရိလင်္ကာမှာနေ၍ ဖြစ်သည်ဟုလည်း ပြောကြ၏။ စာရေးသူက အားလူးလည်းကြိုက် ပဲလည်းကြိုက်သောကြောင့် စားစရာအတွက် အခက်အခဲမရှိပေ။
မကုဋာရာမ အစီစဉ်ပျက်သွားပြီဖြစ်သောကြောင့် တရေးတမောအိပ်စက်ရလေသည်။ သီရိလင်္ကာရောက်မှ အိပ်ရေးဝဝ အိပ်ရကိန်းနှင့် ကြုံရလေတော့၏။ အိပ်ရာနိုးသည့်အခါ မြန်မာကျောင်းမှ ဦးဇင်းလေးငါးပါးရောက် နေ၏။ ဆရာတော်လာမည်ဆို၍ လင်္ကာရောက်သံဃာများ ဆွမ်းကပ်စုံလင်စွာ ကြွကြကြောင်း၊ ဆွမ်းမလုံလောက်၍ ထပ်မံ၍ပင် ချက်ရကြောင်း လျှောက်ကြလေ၏။ မိမိလည်း အားခဲလာခဲ့ကြောင်း မြန်မာရဟန်းတော်များကိုရော လင်္ကာရဟန်းတော်များကိုပါ ငဲ့ညှာရမည်ဖြစ်ကြောင်းနှစ်သိမ့်အားပေးရ လေသည်။ ဦးဇင်းလေးများက ဖုန်းကဒ်နှင့် ငွေဖြည့်ကဒ်ပါ ယူလာပေးကြ၍ အမိမြေနှင့် အဆက်အသွယ် ရသွားလေသည်။
ညနေ 4:00 နာရီတွင် ကလျာဏီ သိမ်တော်ကြီးသို့ ဘုရားဖူးကြွကြ၏။ ဘုရားဖူးများဖြင့် စည်ကားလှသော်လည်း ဆိတ်ငြိမ်လှလေသည်။ ဝတ်စုံအဖြူ(ဝတ်ဖြူစင်ကြယ်)များဖြင့် ကလေးလူကြီး ကျားမ အားလုံး ဘုရား တရား အာရုံယူနေကြ၏။
ကျောင်းဝင်းကြီးတစ်ခုလုံး သဲဖြူများခင်းထားသည်။ ဗောဓိပင်အောက်တွင် ဆီမီး၊ နံ့သာများထွန်းညှိပူဇော်နေ ကြသည်။ ပန်းတော်ကပ် ရေတော်ကပ်နေကြသည်။ အေးချမ်းသည့် အရိပ်စစ်၊ နားခိုရာ ဌာနအမှန် ကိုးကွယ်ရာဘုရားစစ်ဘုရားမှန်၊ ကျင့်သုံးရာ တရားစစ် တရားမှန်ကို ရကြသူများပီသစွာ ကိုယ်ရောနှုတ်ပါ သိမ်မွေ့ယဉ်ကျေးကြလေသည်။
ပိဋကတ်တော်ထဲက ကြာပန်းတွေ သီရိလင်္ကာမှာ ရှာဖွေတွေ့ရှိလေသည်။ ဘုရားအမွေအနှစ် ပိဋကတ်ယဉ်ကျေးမှုအစစ်ဖြစ်လေ၏။ စာရေးသူအတွက်လည်း ကြာပန်းပွင့်လေးများ စီစဉ်ပေးကြ၏။ လင်္ကာရောက်ဦးဇင်းလေးတစ်ပါးအား ပြောပြရာ ကြာပန်းဟာ သီရိလင်္ကာအတွက် “National Flower” ဖြစ်ကြောင်း လျှောက်ထားလေ၏။ ဗုဒ္ဓအမွေအနှစ်များကို ယခုအချိန်ထိ ထိန်းသိမ်းထားနိုင်သော နိုင်ငံတော်ကြီးပါတကား။ လင်္ကာပြည်သူများကို ပို၍ လေးစားမိလေသည်။
ကလျာဏီသိမ်ဟောင်းရောက်သည်။ သိမ်သစ်ရောက်သည်။ ပန်းလှူပြီး အနေကဇာတင်ပါဠိရွတ်ဖတ်ပူဇော် သည်။ လျောင်းတော်မူရုပ်ပွားတော်မှာဖြစ်စေ၊ ထိုင်တော်မူ ရုပ်ပွားတော်မှာပင်ဖြစ်စေ ဇာပုဝါခန်းစီးများ ကာရံ ပူဇော်ထားကြ၏။ ခြင်တွေယင်တွေ မဝင်ရအောင် ဖြစ်လေသည်။ မြတ်ဗုဒ္ဓကို အလေးအနက် ယုံကြည်သက်ဝင် သည့်နေရာတွင် ရွှေမြန်မာတို့ထက် အပုံကြီးသာသည်ဟုဆိုရမည်ဖြစ်လေသည်။
သီရိလင်္ကာပြည်သူများသည် ဘုရားကိုကြည်ညိုရာ၌ ရွှေမြန်မာတို့ထက် လေးနက်သက်ဝင်သည်မှာ ရိုသေမှု အားကြီးသောကြောင့် ဖြစ်လေသည်။ အမြင်မတော်သော အတွဲများ၊ သရုပ်ပျက်ဝတ်ဆင်မှုများ မဆိုထားနှင့် ဘုရားမှာ ဟေးလားဝါလား ပျော်ပါးဆူငြံခြင်း၊ ဝိုင်းဖွဲ့စကားပြောခြင်းများပင် မရှိကြချေ။ ကိုယ်စီကိုယ်ငှ ဘုရားအာရုံယူကာ ကောင်းမှုကုသိုလ်များ ဆည်းပူးနေကြလေသည်။
ဘုရားကိုရိုသေ၍ ဘုရားကို ကျောမပေးကြချေ။ ဘုရားနောက်ခံထား၍ ဓာတ်ပုံမရိုက်ကြပေ။ ဧည့်သည်တော်များက ထိုသို့ဓာတ်ပုံရိုက်လျှင်လည်း မရိုက်ကောင်းကြောင်း ယဉ်ကျေးသိမ်မွေ့စွာ ရှင်းပြကြ လေသည်။ ထိုယဉ်ကျေးမှုကို တွေ့မြင်ရသည့်အခါ ကျနုပ်သည် ဝေဘူဆရာတော်ဘုရားကြီး၏ ဆုံးမသြဝါဒကို နှလုံးသွင်းဆင်ခြင်မိလေသည်။ “ဘုရားကိုကျောမပေးကောင်းပါဘူးဗျာ” ဟူ၏။ ဝေဘူဆရာတော်ဘုရားကြီး တရားဟောသည့်အခါ ဓမ္မာသနပလ္လင်ကို ဘုရားရှေ့မှာ ပြင်ဆင်ခွင့်မပြုပေ။
စာရေးသူ၏ ဦးကြီးတော်ဘုရားသည် ဝေဘူဆရာတော်ဘုရားကြီး၏ လက်ရင်းတပည့်ဖြစ်ရာ ဦးကြီးတော်ဘုရား ထံမှ ဝေဘူဆရာတော်ဘုရားကြီး၏ သြဝါဒကို မကြာခဏပြန်လည် နာယူခွင့်ရခဲ့၏။ နီးစပ်သူများကို ဘုရားကျောပြု၍ ပလ္လင်မထားဖို့ အမြဲတန်း သတိပေးလေသည်။ မိမိတစ်ပါးတည်းမဟုတ်ဘဲ မိမိရှေ့က ဆရာတော်များလည်း ဤသို့ပင် ဟောကြားသွားကြသည်ဟု သိရသည့်အခါ ပလ္လင်ကို မပြင်ဆင်ခိုင်းဘဲ အများနည်းတူ ဘုရားကျောပေး၍ ဟောရလေသည်။ ဟောရသည်မှာ မဖြောင့်ပါ။ ကျောချမ်းလွန်းလှပါ၏။
လင်္ကာသူ/သားတို့ကား ဘုရားကိုကျောမခိုင်းကြသည့်အတွက် အတုယူစရာကောင်းလှပေသည်။ ရွှေမြန်မာတို့ က အမှုမဲ့ အမှတ်မဲ့နေ၍ ဘုရားနောက်ခံထား ဓာတ်ပုံရိုက်သည်ကို သတိမပြုမိကြသော်လည်း ဘုရားဘက်ခြေ ဆင်းခြင်း ခြေဆန့်ခြင်းကိုကား လုံးဝမပြုလုပ်ဝံ့ကြပေ။ လင်္ကာပြည်သူများကား ဗောဓိပင်ဘက်လည်း ခြေဆင်း၏။ ရုပ်ပွားတော်ဘက်လည်း ခြေဆင်း၏။ တရားနာလျှင်လည်း တရားဟောဆရာတော်ဘက်သို့ ခြေဆင်းကြသူများရှိလေ၏။ တင်ပလ္လင်ခွေထိုင်ခြင်းသည် ဘုရားနှင့် တုပ၍ ထိုင်ခြင်းဖြစ်သည်ဟု ယုံကြည်ကြ သောကြောင့် ဟုဆို၏။ ထိုသို့ ခြေပေးသည့် ရိုးရားဓလေ့ယဉ်ကျေးမှုကြီးကို မိမိအမြင်တစ်ခုတည်းနှင့် မသင့်တော်ဟုဆိုကာ ပြင်ဆင်ပေးကြပါလျှင်မူ “ကုလားကို ကုလားဟု မခေါ်ရ” ဟု တားမြစ်ထားသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
မိုးဖွဲဖွဲလေးကျလာ၏။ ဒုက္ခရစရိယရုပ်ပွားတော်ကို ဖူးမြော်အပြီး၌ သတင်းဌာနတစ်ခုက လာရောက် အင်တာဗျူး လေသည်။
(ဆက်ပါဦးမည်)။
10.9.2014