ဘိုကလေး၊ ဇူလှိုင် ၁၉။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ပေါ်ရှိ အောင်လှိုင်ပရိယတ္တိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် မင်္ဂလာကံသာကျောင်းမှ ကျောင်းသား/သူ(၅၉၇)ဦးတို့အတွက် ဆရာတော်ဦးဝီရသူမှ လှူဒါန်းသည့် (၂၁) သိန်းကျပ် တန်ဖိုးရှိ ကျောင်းစိမ်းဝတ်စုံများနှင့် မိုးကာများ ပေးအပ်လှူဒါန်းသည့်အခမ်းအနားကို (၁၉.၇.၂၀၁၄)ရက်နေ့၊ မွန်းလွဲ(၂း၀၀)နာရီတွင် အောင်လှိုင်ပရိယတ္တိကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့မိ မြို့ဖများ၊ မြို့နယ် မ.ဘ.သ အဖွဲ့ဝင် ဒကာ ဒကာမများ၊ ဘကကျောင်းနှစ်ကျောင်းမှ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး၊ အောင်လှိုင်ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒက သာသနဓဇ ဓမ္မာစရိယ၊ ဓမ္မကထိက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် မှ သြဝါဒများ ချီးမြှင့်ခဲ့ကြောင်း၊
အလှူရှင် ဆရာတော်ဦးဝီရသူကိုယ်စား ဘိုကလေးမြို့၊ သဒ္ဓမ္မဝတီကျောင်းတိုက်ဆရာတော် အရှင်ဃောသိတမှ တစ်ဆင့်လှူဒါန်းပေးခဲ့ရာ ကျောင်းသား/သူ(၅၃၇)ဦးရှိသည့် မင်္ဂလာကံသာ ဘ.က ကျောင်းအတွက် (၁၆၉၅၆၀၀)ကျပ်ကို တာဝန်ခံ ဆရာကိုချစ်ဝေဖြိုးမှလက်ခံပြီး၊ ကျောင်းသား/သူ (၆၆)ယောက်ရှိသည့် အောင်လှိုင်ပရိယတ္တိအတွက်(၄၀၂၀၀၀)ကျပ်ကို တာဝန်ခံဆရာမ ဒေါ်စိုးသန္တာအောင်မှ လက်ခံရယူခဲ့ကြောင်း၊ ဆရာ/မများမှတစ်ဆင့် ကျောင်းသား/သူများအား ကျောင်းစိမ်းဝတ်စုံများနှင့် မိုးကာများကို ပေးအပ်ခဲ့ကြောင်း သိရပါသည်။
ဝီရခေမိန်