ငါ့ရှင်-မိုးသုရေ
ငါ့ရှင်ရဲ့ ဘကြီးဘုန်းကြီးဆိုသူက ဝီရသူရဲ့ တပည့်အရင်းပါ။ ဒေါက်တာအရှင်စန္ဒာဝရ လို့ ဘွဲ့အမည်ရပါတယ်။
“ကိုယ်တော်” လို့ခေါ်လောက်အောင် မရိုင်းဘူးနော်။ အဲဒီလို လေသံမာမာနဲ့ ပြောဝံ့သလား ငါ့ရှင်ရှေ့မှာ ဖုန်းဆက်ပြပါ့မယ်။
ငါ့ရှင်ရဲ့ ဘကြီးဘုန်းကြီးက အာဏာပိုင်မှ မဟုတ်တာပဲ။ ပေးတွေ့ခွင့်တောင်းစရာမလိုပါဘူး။ ဝီရသူက သူ့ကို သွားခိုင်းတာပါ။ စုံစမ်းခိုင်းတာပါ။ တာဝန်ပေးတာပါ။ အမျိုးစောင့်ဥပဒေကို ကန့်ကွက်သူတွေ ရှိလာတော့ အထောက်အထားလိုလို့ပါ။
ငါ့ရှင်ရဲ့ ဘကြီးဘုန်းကြီးကလည်း အမျိုးသားရေးဝါဒီပါပဲ။ ဒီက စုစုလတ်မိသားစု ရှိ/မရှိလေးတင် စုံစမ်းခိုင်းတာပါ။ သူက အင်တာဗျူးပြီး ရုပ်/သံ တောင် ရိုက်လာသေးတယ်။ ဘကြီးဘုန်းကြီးကို သေချာ လျှောက်ကြည့်ပါကွာ။
နောက်ပြီး အမျိုးစောင့်ဥပဒေ ဆန္ဒပြုလက်မှတ်တွေလည်း ငါ့ရှင်ရဲ့ ဘကြီးဘုန်းကြီးပဲ ဦးဆောင်ကောက်ပေးခဲ့ တာပါ။
အချိန်တို့အတွင်း ကောက်လိုက်ရလို့ အားမလို အားမရအောင် ဖြစ်နေပါသေးတယ်။ နောက်ထပ် တစ်လလောက် အချိန်ပေးရင် သိန်းချီရအောင် ကောက်ပေးမယ်လို့တောင် လျှောက်ထားပါသေးတယ်။ မဘသ ညီလာခံလည်း တက်ပါတယ်ကွာ။
ဝီရသူက ငါ့ရှင်ရဲ့ ဘကြီးဘုန်းကြီးရဲ့ ဆရာတစ်ပါးပါ။ ခပ်ညံ့ညံ့ထဲက မဟုတ်ပါဘူး။
စုစုလတ်ရဲ့ မိသားစုနှင့် တွေ့ဖို့က ဒီလမ်းကြောင်းတစ်ခုတည်း ရှိတာမှ မဟုတ်တာ။ ငါ့ရှင်ရဲ့ ဘကြီးဘုန်းကြီး ကိုယ်တိုင် လူလွှတ်ပြီး ပို့ပေးတာပါကွာ။ Viber နဲ့ ပို့ပေးမလို့ လုပ်ပါသေးတယ်။ ဦးပညာဝရဆိုတဲ့ ဦးဇင်းလေး ပို့လို့ရောက်ပြီပြောလိုက်မှ မူရင်းပုံတွေကို လူလွှတ်ပြီး ပို့ပေးတာပါကွာ။
တရားပွဲမှာလည်း တစ်ခါမှ ဓာတ်ပုံပြတာ ဗီနိုင်းထောင်တာ မလုပ်ဖူးသေးပါဘူးကွာ။
အမျိုးစောင့်ဥပဒေဟောပြောပွဲ(ရန်ကုန်)နှင့်(မန္တလေး)မှာတော့ ဗီနိုင်းထောင်ဖူးပါတယ်။
ဒါပြယုဂ်ပဲ မဟုတ်လား……..။
ငါ့ရှင်ကို တစ်ခုမေးလိုက်မယ်။
ဒေဝဒတ်မကောင်းကြောင်း ဇတ်တော်တွေ ဗုဒ္ဓက ဘာရည်ရွယ်ချက်နဲ့ ဟောကြားခဲ့တာလဲ?
အားလုံးပြီးခဲ့ပြီလေကွာ။
ကိုယ့်ပြည်တွင်းအကြောင်း၊ ကိုယ့်မန္တလေးအကြောင်း၊ ကိုယ့်ဘုန်းကြီးအကြောင်းတောင် မှန်အောင် မရေးနိုင်တဲ့သူကို ထိုင်းနိုင်ငံအကြောင်း ထပ်မံချေပစရာ မလိုလောက်တော့ဘူးထင်ပါတယ်။
ထိုင်းမှာ ဝီရသူရဲ့ တပည့်တွေလည်း ရှိတယ်။ သူငယ်ချင်းတွေလည်းရှိတယ်။ အသိထိုင်းဘုန်းကြီးတွေလည်း ရှိတယ်။ ငါ့ရှင်ထိုင်းအကြောင်း အများကြီး လေ့လာဖို့ လိုပါသေးတယ်။
အတင်းကို သတင်းလုပ်ပြီး ရေးတာကိုပဲ ဝါသနာပါတယ်ဆိုရင် ကုန်ကြမ်းပေးလိုက်မယ်။
ဝီရသူ-မစိုးရိမ်က ထွက်ပြေးသွားပြီတဲ့။
ဝီရသူ-တောင်ကြီးမှာ လာရှောင်နေတာတဲ့။
ဝီရသူကို- မစိုးရိမ်က နှင်ထုတ်လိုက်ပြီတဲ့။
ဝီရသူကို- မစိုးရိမ်မှာ ဘယ်နေရာမှ မသုံးဘူး။
ဝီရသူက လက်ပံတောင်း ဒဏ်ရာရလူနာတွေအတွက် အလှူငွေတွေ ဘတ်ထားတာတဲ့။
ဝီရသူကို ကြံ့ဖွံ့က ထောက်ပံ့ထားတာတဲ့။
ဝီရသူကို ခရိုနီတွေက ထောက်ပံ့ပေးနေတာတဲ့။
စတာ……စတာ……တွေ အများကြီး…..အများကြီး
ဒါတွေဟာ ကောလာဟလတွေ မဟုတ်ဘူး။ အတင်းတွေ အတင်းတွေ။
ဘုန်းကြီးအချင်းချင်း ပြောကြတဲ့ အတင်းတွေလည်း ပါတယ်။ ငါ့ရှင် မိုးသုရဲ့ အကြိုက်ပေါ့ကွာ။
မှတ်ထား……မိုးသု
ကလေးဆိုပြီး သည်းခံနေတာ။
ခွေးဟောင်တိုင်း ထမကြည့်ဖြစ်ပေမယ့်
ဟောင်လွန်းတဲ့ခွေး လူမလေးတဲ့နော်။
ငါ့ရှင် ကလောင်ကို နှမြောလို့ ပြောလိုက်တာပါ။
ဝေဒနာနဲ့ရေးက အတင်း
ဒေတာနဲ့ရေးမှ သတင်း
ဝီရသူကို တိုက်ချင်ရင် ဝီရသူလို မိုက်ရုံနဲ့ မရဘူး
ဝီရသူလို ပြည့်စုံဖို့တော့ လိုမယ်နော…….။
ငါ့ရှင် မိုးသုတစ်ယောက် အတင်းအဖျင်းလောကကြီးမှ
ရုန်းထွက်လို့လွတ်မြောက်နိုင်ပါစေကွာ။
ငါ့ရှင် ဘကြီးဘုန်းကြီးရဲ့ဆရာ….
ဝီရသူ(မစိုးရိမ်)
16.7.2014 PM 11:50
“ဘယ်သူ့ကိုမှ လက်မခံဘူး”
မိုးသု(မန္တလေး)
ဝန်ကြီးချုပ်စိုးဝင်း စစ်ကိုင်းတိုင်း တိုင်းမှူးအဖြစ် အုပ်ချုပ်စဉ်တုန်းက အလုံတပ်မြို့မှာ အစ္စလာမ်ဘာသာဝင် မိသားစုက ဝိုင်းရိုက်သတ်ကြတဲ့အဖြစ်အပျက်တစ်ခုရှိခဲ့ပါတယ်။ ကလေးမလေးက အစ္စလာမ်ဘာသာဝင် အမျိုးသားနဲ့ လက်ထပ်ထားပါတယ်။ တစ်နေ့မှာ ထိုအမျိုးသမီးလေးက ယတြာချေတော့ ယောက်ျားဖြစ်သူက သူတို့ ဘာသာရေးဓလေ့ထုံးစံအရ မလုပ်ဖို့အတွက် တားမြစ်ပါတယ်။ အဲဒီတော့ လင်မယားနှစ်ယောက် သူတစ်ခွန်း ငါတစ်ခွန်းဖြစ်ရာကနေ ရိုက်နှက်ကြတဲ့အဆင့် ဖြစ်ကုန်ပါတယ်။
နောက်ဆုံးမှာတော့ အစ္စလာမ်ဘာသာဝင် လင်ယောက်ျားဖြစ်သူရဲ့ မိဘနှစ်ဦးနဲ့ မွေးချင်းတစ်ဦး စုစုပေါင်း လေးဦးတို့က ကလေးမလေးကို ဝိုင်းဝန်းရိုက်နှက်ကြတဲ့အထိ ဖြစ်ကုန်ပါတယ်။ စိတ်လိုက်မာန်ပါ ရိုက်နှက်လိုက် ကြတာ ကလေးမလေးက သေဆုံးသွားပါတယ်။ ထိုလူသတ်မှုအတွက်ကြောင့် အစ္စလာမ်ဘာသာဝင် တစ်မိသားစုလုံးကို တရားရုံးတော်က တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ သိပ်မကြာခင်ကာလ တုန်းဆီက သမ္မတကြီး ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထိုမိသားစု တစ်ခုလုံး ပြန်လည်လွတ်မြောက် လာပြီလို့ ကြားသိရပါတယ်။ ဟာဂျီဘွဲ့တွေ ဘာတွေရရှိပြီးတော့ အရင်ကထက်တောင် ချမ်းသာနေတယ်လို့ လည်း သတင်းစကားကြားသိရပါတယ်။ ဟာဂျီဘွဲ့ရပြီး အရင်ကထက် ချမ်းသာနေတယ်ဆိုတာကတော့ အမှန်တကယ် ဟုတ်၏ မဟုတ်၏ ကိုယ်တိုင်မမြင်ရလို့ အတပ်မပြောနိုင်ပါဘူး။ မိမိယုံကြည်လေးစားရတဲ့ ဘုန်းတော်ကြီးတစ်ပါးက ပြောပြခြင်းသာဖြစ်ပါတယ်။
ထိုကလေးမရဲ့ အမေဖြစ်သူက အငြိမ်းစားကျောင်းဆရာမကြီးပါ။ အခု အလုံက မိမိရဲ့ ဘကြီးဘုန်းကြီးဖွင့်ထား တဲ့ ပညာဒါနကျောင်းမှာ လုပ်အားပေးဆရာမအဖြစ် သင်ကြားပေးနေပါတယ်။ မန္တလေးက နာမည်ကြီး ဘုန်းကြီးတစ်ပါးက ဘကြီးဘုန်းကြီးကို ဖုန်းခဏခဏဆက်ပြီး ကလေးမလေးအမေနဲ့ သူနဲ့တွေ့ပေးဖို့ ကလေးမလေးရဲ့ ဓာတ်ပုံတွေ ဘာတွေ သူ့ကိုပေးဖို့ တောင်းဆိုပါတယ်။ ခဏခဏတောင်းနေတာကြောင့် ဘကြီးဘုန်းကြီးက “ကိုယ်တော် သေတဲ့ကမလေးမလည်း အရိုးတောင်မရှိလောက်တော့ဘူး။ ကျန်ရစ်တဲ့ မိသားစုရဲ့ ဂုဏ်သိက္ခာကို ထောက်ထားပြီး ခဏခဏတောင်းမနေနဲ့။ မပေးနိုင်ဘူး” လို့ အပြတ်ငြင်းလိုက် ရပါသတဲ့။ အခုတော့ ဘယ်ကနေ ဘယ်လိုရသွားလဲမသိပါဘူး။ သူရဲ့တရားပွဲတွေမှာ ဗုဒ္ဓဘာသာဝင်များ အမျိုးဘာသာ သာသနာတော်ကိုချစ်မြတ်နိုးစိတ် ဖြစ်ထွန်းအောင်ဆိုပြီး အဲဒီအမျိုးသမီးလေးပုံတွေပြပြီး အဲဒီ အမျိုးသမီးလေးအကြောင်းကို ပြောပြပြီးတော့ ချေးခြောက်ရေးနူးလုပ်နေပါတယ်။
ဗုဒ္ဓသားတော် ရဟန်းတော်တွေအနေနဲ့ အေးငြိမ်းပြီးသား အဓိကရုဏ်းတွေကို အသက်ဝင်အောင် ပြန်လုပ်တာဟာ ဝိနည်းတော်နဲ့ မညီပါဘူး။ တရားသဖြင့် စီရင်ဆုံးဖြတ်ထားတဲ့ အဓိကရုဏ်းတွေကို တစ်ဖန်ပြန်လည် အသက်မသွင်းရဘူးလို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဝိနည်းသိက္ခာပုဒ်ပညာတ်တော်မူပြီး တားမြစ်တော်မူခဲ့ပါတယ်။
တစ်ခါတုန်းက အဓိကရုဏ်းတစ်ခု ဖြစ်ပေါ်ပါတယ်။ ဒါကြောင့် ရဟန်းသံဃာကို ထိုအဓိကရုဏ်းကို ဝိနည်းတော် နဲ့အညီ တရားသဖြင့် ဆုံးဖြတ်ပြီးတော့ ငြိမ်းအေးစေပါတယ်။ ဆဗ္ဗဂ္ဂီရဟန်းတွေဟာ ထိုသို့တရားနဲ့အညီ ဆုံးဖြတ်တဲ့အတွက်ကြောင့် ငြိမ်းအေးနေတဲ့ အဓိကရုဏ်းမှန်း သိပါရဲ့နဲ့ “အကတံကမ္မံ ကံကို မပြုအပ်သေး၊ ဒုက္ကဋံကမ္မံ-ပြုပြီးစေကာမူ မတရားသဖြင့် ပြုအပ်သော ကံဖြစ်၏။ ပုနကာတဗ္ဗံကမ္မံ ကံကိုထပ်၍ ပြုသင့်၏။ အနိဟတံ အဓိကရုဏ်းကို မနုတ်အပ်သေး၊ ဒုန္နိဟတံ နုတ်အပ်ပြီးဖြစ်စေကာမူ မကောင်းသဖြင့် မတရားသဖြင့် နုတ်ထားအပ်၏။ ပုနနိဟရိတဗ္ဗံ-ထပ်၍ နုတ်သင့်၏” စသဖြင့် တစ်ယောက်တစ်ပေါက် ပြောဆိုကာ ငြိမ်းအေးပြီးသော အဓိကရုဏ်းကို တစ်ဖန်ပြန်လည် အသက်ဝင်အောင် လှုံ့ဆော်ကြပါတယ်။
တရားသဖြင့် ငြိမ်းအေးစေပြီးသော အဓိကရုဏ်းကို တစ်ဖန်ပြန်လည် အသက်ဝင်အောင် ဆဗ္ဗဂ္ဂီရဟန်းတွေ လှုံ့ဆော်နေတယ်ဆိုတာကို ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကြားသိတော်မူတဲ့အခါမှာ စစ်ဆေးမေးမြန်းပြီးတော့ “အကြင်ရဟန်းသည် တရားသဖြင့် ငြိမ်းအေးစေအပ်ပြီးသော အဓိကရုဏ်းဟုသိလျက် ထပ်မံ၍ ကံပြုဖို့ရာ လှုံ့ဆော်ပေးအံ့၊ ထိုရဟန်းသည် ပါစိတ်အာပတ်သင့်၏” လို့ သိက္ခာပုဒ် ပညတ်တော်မူလိုက်ပါတယ်။
ပြစ်ဒဏ်စတဲ့ အကြောင်းတရားတွေမပါတဲ့ သာသနာ့ဝန်ထမ်း ရဟန်းတော်ချင်းဖြစ်တဲ့ အဓိကရုဏ်းကိုတောင် တရားသဖြင့် ဆုံးဖြတ်ပြီး ငြိမ်းအေးစေထားတာဆိုရင် သိလျက်နဲ့ အသက်ပြန်မသွင်းကောင်းပါဘူး။ ပြစ်ဒဏ် စတဲ့အကြောင်းတရားတွေပါတဲ့ လူပုဂ္ဂိုလ်တွေနဲ့ ဆက်စပ်ပတ်သက်နေတဲ့ အဓိကရုဏ်းဆိုရင်တော့ ဆိုဖွယ်ရာ မရှိတော့ပါဘူး။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး အပင်ပန်းအဆင်းရဲခံထားတဲ့ သာသနာတော်ကြီးကို အမှန်တကယ် ချစ်မြတ်နိုးပြီး အမှန်တကယ် မကွယ်ပျောက်စေချင်ဘူးဆိုရင် ဘုရားရှင်ချမှတ်ခဲ့တဲ့ စည်းကမ်းတွေကို မျက်ကွယ်မပြုသင့်ပါဘူး။ မဆန့်ကျင်သင့်ပါဘူး။ မချိုးဖျက်သင့်ပါဘူး။
“သာသနာတည်တယ်ဆိုတာ လိုက်နာကျင့်သုံးပြီးတော့ နေတာကိုပြောတာ။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် ငါတို့ သန္တာန်မှာ သာသနာတည်သလား။ မတည်ဘူးလားဆိုတာ ဆန်းစစ်ကြည့်ရမယ်။ ဘယ်အတိုင်းအတာအထိ မြတ်စွာဘုရားရဲ့ အဆုံးအမတွေ ကိုယ့်သန္တာန်မှာ ရှိသလဲဆိုတာနဲ့ သာသနာတည်မှု မတည်မှုကို တိုင်းတာကြည့်ရမယ်” လို့ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသက လောကသားတို့ အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချမ်များတရားတော်အပိုင်း ၁၈ မှာ မှတ်သားဖွယ်ရာ ဟောကြားတော်မူခဲ့ပါတယ်။
ဘယ်သူတွေမှန်းလည်းမသိ ဘယ်ကမှန်းမသိတဲ့ လူတစ်စုကတော့ ထိုင်းနိုင်ငံမှာ မွတ်ဆလင်ဘာသာဝင်အချို့ က သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်ခြင်း၊ အလစ်ဝင်ပြီး ဓားနဲ့ ခုတ်သတ်ခြင်းခံရတဲ့ ထိုင်းဘုန်းတော်ကြီး အချို့ရဲ့ သွေးရဲရဲ သံရဲရဲနဲ့ သေဆုံးနေတဲ့ မှုခင်းဓာတ်ပုံအချို့ကို Facebook လိုနေရာတွေမှာ တင်ပြီးတော့ မွတ်ဆင် မုန်းတီးရေး၊ မွတ်ဆလင်ဆန့်ကျင်ရေးတွေ လှုံ့ဆော်ပေးနေကြတာကို တွေ့ရှိရပါတယ်။
တစ်နေ့တုန်းက ဘန်ကောက်မှာ ကျောင်းတက်နေတဲ့ သူငယ်ချင်း ရဟန်းတော်တစ်ပါးနဲ့ စကားပြောဖြစ်ပါ တယ်။ မိမိက သူ့ကို “အွန်လိုင်းမှာ မွတ်ဆလင်တွေက အလစ်ဝင်ရောက်သတ်ဖြတ်ခြင်းခံရတဲ့ ထိုင်းဘုန်းကြီး တွေရဲ့ ပုံတွေကို တွေ့မြင်နေရတယ်။ ဒါကြောင့် ထိုင်းဘုန်းကြီးတွေက သူတို့နိုင်ငံက မွတ်ဆလင် အသိုင်းအဝိုင်းကို ဘယ်လိုသဘောထားပါသလဲ။ မျိုးစောင့်ဥပဒေလိုမျိုး ဥပဒေတွေလုပ်ဖို့ ထိုင်းဘုန်းကြီးတွေ အားထုတ်ကြတာ ရှိပါသလား။ လက်ရှိ မြန်မာနိုင်ငံ အခြေအနေတွေကို ထိုင်းဘုန်းကြီးတွေက ဘယ်လိုမျိုးများ ပြောာကပါသေးသလဲ” လို့ မေးမြန်းဖြစ်ပါတယ်။
“ဒီမှာက ဘာမှမဖြစ်ကြဘူးဘုရား။ ဘုန်းကြီးတွေက အကုန်လုံးက တရားဥပဒေရဲ့အောက်မှာပဲ ရှိတယ်။ ရဲကို တော်တော်များများက ကြောက်ကြတာများတယ်။ ရဟန်းသံဃာကို ကြည်ညိုလေးစားတဲ့နေရာမှာ ထိုင်းက မြန်မာထက် အများကြီးသာတယ်။ ဒါပေမဲ့ ဥပဒေနဲ့ သက်ဆိုင်လာရင် ဘယ်ဘုန်းကြီးကိုမှ မသက်ညှာဘူး။ ဘုန်းကြီးဆိုရင် ပိုတောင်အပြစ်ကြီးသေးတယ်။ အဲတော့ ဘာပြဿနာပဲဖြစ်ဖြစ် အဲဒါဟာ ရဲလုပ်ငန်းပဲ ဖြစ်တယ်။ ဘုန်းကြီးတွေက ဝင်မရှုပ်ရဲကြဘူး”
“နောက် ထိုင်းမှာဖြစ်နေတဲ့ မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာ အရေးအခင်းဟာ ဒီမှာ သိပ်မသိကြဘူး။ မြန်မာနိုင်ငံမှာပဲ ပုံတွေကပျံ့နေတာ။ မဖြစ်ဘူးမဟုတ်ဘူး။ ဖြစ်တယ်။ မှန်တယ်။ ဒါပေမဲ့ အဲဒါတွေဟာ ထိုင်းတောင်ပိုင်း မလေးရှားနယ်စပ်မှာ ဖြစ်ကြတာ။ အဲဒီဒေသဟာ ထိုင်းနိုင်ငံတွင်းမှာဆိုပေမယ့် ထိုင်းလူမျိုးအနည်းငယ်ပဲ ရှိတဲ့နေရာဖြစ်တယ်။ ပြောရရင် ထိုင်းလို့တောင် ပြောလို့မရဘူး။ တကယ်မြို့ကြီးတွေမှာ ဘာသာရေး အဓိကရုဏ်းဆိုတာ မရှိသလောက် ရှားတယ်။ ဒီမှာရှိနေတဲ့ ကုလားအများစုက မြန်မာစကားတတ်ကြတာ များတယ်။ ခုနောက်ပိုင်း စီးပွားရေးလုပ်နေတဲ့ ကုလားတွေက ဒီထိုင်းနိုင်ငံကို ပြောင်းလာကြတယ်။ ကုလားအများစုက မြန်မာစကားပြောတတ်ကြတယ်။ ဆိုလိုတာက သူတို့အတွက် ဘာသာရေး အဓိကရုဏ်း မရှိဘဲ တည်ငြိမ်အေးချမ်းတဲ့ ထိုင်းနိုင်ငံက စီးပွားရေးလုပ်လို့ အကောင်းဆုံးဆိုတဲ့သဘောပါ”
“နောက် ထိုင်းမှာ မျိုးစောင့်ဥပဒေရှိသလားဆိုတော့ မရှိပါ။ မျိုးစောင့်ဥပဒေမရှိသလို ဗလီတွေလည်း မရှိသောက် ရှားပါတယ်။ ဗီဇာဖိုး ပိုက်ဆံပေးနိုင်လို့ တရားဝင်လာနေမယ်ဆိုရင် ကြိုက်တဲ့လူမျိုး ကြိုက်တဲ့ ဘာသာ လာခဲ့ပါ။ ဒါပေမဲ့ သူတို့နိုင်ငံသားတွေနဲ့ တစ်ပြေးညီ အခွင့်အရေးတော့ ပေးမှာ မဟုတ်ပါဘူး။ သူတို့နိုင်ငံသားတွေ မလုပ်ချင်တဲ့ အလုပ်မျိုးကို လုပ်ရပါမယ်။ အခြေခံစားဝတ်နေရေးပြည့်စုံနေတော့ ထိုင်းအမျိုးသမီးတွေဟာ ဘယ်ကုလားပဲလာလာ၊ ဘယ်ခရစ်ယာန်ပဲလာလာ အိမ်ထောင်ဘက်အဖြစ် မကြည့် တတ်ပါဘူး။ ခိုင်းစားဖို့လောက်ပဲ အသုံးချပါတယ်”
“ရှင်းအောင်ပြောရရင် ထိုင်းတွေက ကုလားတွေထက် မြန်မာတွေကို ပိုမုန်းပါတယ်။ ဘာလို့မုန်းတာလဲ။ ဒီမှာ ကုလားတွေထက် မြန်မာတွေက ပိုများနေလို့ပါ။ တရားမဝင် နေထိုင်တာတို့၊ ပြစ်မှုကျူးလွန်တာတို့မှာ မြန်မာတွေ အများစုဖြစ်နေလို့ပါ”
မိုးသု(မန္တလေး)
ဆက်လက်ဖော်ပြပါမည်