အိုးဘိုထောင်ထဲမှာ ရေးခဲ့တဲ့ စာလေးပါ။
၂၀၁၂ လွတ်လာတော့ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး ၄င်းမှ တစ်ဆင့် တောရောမြို့ပါ သူ့နည်းသူ့ဟန်နှင့် ပျံ့နှံ့ခဲ့ပါတယ်။
မိုးမခ ဝက်ဘ်ဆိုဒ်မှာ E-Book အဖြစ် အမြဲတင်ထားပြီး ၂၀၁၃ ဖေဖဝါရီလမှာ ပုံနှိပ်ထုတ်ဝေ ခဲ့ပါတယ်။
၂၀၁၄ မှာတော့ နိုင်ငံတော်သံဃမဟာနာယက၏ ညွှန်ကြားချက်ကြောင့် တိုက်တာအကြီးအကဲ ဆရာတော်ကြီးများက ခေါ်ယူ သတိပေးခံရတဲ့ လက်ရာလေးပါ။
၂၀၀၃ ခုနှစ်အထိသာ သုံးသပ် ရေးသားနိုင်ခဲ့သေးတာပါ။ ဒီနာမည်ကြောင့် နိုင်ငံရေးမှာလည်း သမိုင်းရဲ့ တရားခံ အဖြစ် စစ်အစိုးရကို ဝေဖန်ရေးသားဖို့ တိုက်တွန်းသူများတောင် ရှိပါတယ်။
အရှုပ်တွေလုပ်နေလို့ အလုပ်တွေရှုပ်နေတာကြောင့် ဝါသနာပါတဲ့ စာရေးခြင်းကို မသက်မသာဖြင့် အောင့်အီးနေရတာကြောင့် စာရေးဖို့နေနေသာသာ ထောင်ထဲမှာရေးခဲ့တဲ့ စာတွေတောင် ကုန်အောင် ထုတ်ချိန် မရခဲ့ပါဘူး။
အမျိုးစောင့်ဥပဒေပေါ်ပေါက်လာရင်တော့ ဝီရသူ ကုလားတရားဟောစရာမလိုတော့ဘူးလေ။ အဲဒီကျမှပဲ အတိုးချ ရေးသားရပါတော့မယ်။
ယခု သန္တိသုခအရေးတော်ပုံကြောင့် လူ့အဖွဲ့အစည်းကိုသာမက သံဃာ့အဖွဲ့အစည်းကိုပါ ပြုပြင် ပြောင်းလဲရတော့မယ်ဆိုတာ တတစ်ကမ္ဘာလုံးက သိလာကြပါပြီ။
နည်းနည်းလေး အထောက်အကူဖြစ်ဖြစ် ဒါလေးကို ပြန်ဖတ်ကြည့်စေချင်ပါတယ်။ သမိုင်းမှာ တရားခံ မဖြစ်စေချင်ပါဘူး။
ဝီရသူ(မစိုးရိမ်)
17.6.2014
PM 6:12
“သံဃာ့ရွေးကောက်ပွဲ”
အရေးအခင်းပြီးစကာလတွင် သံဃာ့ရွေးကောက်ပွဲများ အပြိုင်အဆိုင် ကျင်းပကြ၏။ အဖွဲ့အစည်းလို လားသည့် ပုဂ္ဂိုလ်များ အနိုင်မရဘဲ၊ သံဃာထုလိုလားသူများသာ အနိုင်ရလေသောအခါ နောက်အကြိမ်များ၌ သံဃာ့ဆန္ဒမခံယူတော့ဘဲ ဆိုရှယ်လစ်ခေါတ်ပါလီမန်လို လုပ်လိုက်ကြပေတော့သည်။ သံဃာ့ဒီမိုကရေစီ စနစ်သည် ထိုအချိန်မှာ အရုဏ်တက်ခဲ့ပြီး၊ ထိုခေတ်မှာပင် နေကွယ်ခဲ့ရလေသည်။ ယခုအခါ လူ့အဖွဲ့အစည်း ကလည်း ဒီမိုကရေစီစနစ်ကို ထူထောင်နေချိန်ဖြစ်၍ သံဃာ့အဖွဲ့အစည်းကလည်း သံဃာ့ဒီမိုကရေစီစနစ်ကို ပြန်လည်ကျင့်သုံးသင့်ပေသည်။ အမှန်အားဖြင့် ဒီမိုကရေစီ စနစ်ဆိုသည်မှာလည်း တခြားမဟုတ်ပေ၊ ပဋိကတ်တော်လာ ဗုဒ္ဓဟောကြားတော်မူခဲ့သော ဓမ္မဝိနယလမ်းစဉ်သာ ဖြစ်လေသည်။ ထို့ကြောင့် ဘုရားသားတော်များသည် ဘုရားချမှတ်တော်မူခဲ့သော ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဘုရားသာသနာတော် ၏ ဝန်ကို ထမ်းဆောင်သင့်လှပေသည်။
လက်ရှိ မဟန အဖွဲ့၌ နေရာကောင်းလစ်လပ်၍ အစားထိုးရသည့်အခါမျိုး၌ မဲအရောင်း အဝယ်လုပ်နေ ခြင်း၊ အတိုက်အခံလုပ်တင်ပြနေခြင်း၊ ခိုက်ရန်ပြု အပြင်းအထန် ငြင်းခုန်နေကြခြင်းတို့မှာ ရှက်စရာကောင်းလှ ပေသည်။ အဘယ်သူ အရည်အချင်းရှိသည်၊ ဘယ်သူစွမ်းဆောင်နိုင်သည်၊ အဘယ်သူ သိက္ခာသမာဓိနှင့် ပြည့်စုံသည်၊ အဘယ်သူ သာသနာကို ချစ်မြတ်နိုးသည်၊ အဘယ်သူ အစွဲကင်းကင်း အလုပ်လုပ်သည်၊ အဘယ်သူ စိတ်ထားမွန်မြတ်သည်၊ အဘယ်သူ သဘောထားကြီးသည်၊ အဘယ်သူ ဓမ္မဘက်မှ ရပ်တည်ရဲ သည် စသည့်အရာအားလုံးကို သံဃာထုက သိပြီးဖြစ်လေသည်။ ထို့ကြောင့် သံဃာ့ကိုယ်စားလှယ် ရွေးကောက်ပွဲကို သံဃာ့ညီလာခံကျင်းပ၍ ရွေးကောက်တင်မြှောက်သင့်ပေသည်။ သို့မှသာ အရှုပ် အရှင်းကင်း စွာ သန့်ရှင်းစွာ၊ အပြိုင်အဆိုင်သံဃာ့အကျိုး၊ သာသနာ့အကျိုးကို ဆောင်ရွက်လာကြမှာဖြစ်လေသည်။
သို့ဖြစ်၍ သံဃာ့အဖွဲ့အစည်း ထိပ်တန်းခေါင်းဆောင်များကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ရွေးချယ်ပွဲကဲ့သို့ ရွေးကောက်တင်မြှောက်သင့်ပေသည်။ တိုက်ကြီး တိုက်လေး၊ မြို့ကြီး မြို့လေး၊ တိုင်းကြီး တိုင်းလေး၊ မခွဲခြားဘဲ အဆင့်အတန်းရှိသူ၊ သံဃာ့အကျိုး သာသနာအကျိုးကို လိုလားသူ၊ လုပ်ရည်ကိုင်ရည် ရှိသူ၊ လက်ရုံးရည် နှလုံးရည် ပြည့်စုံသူမှန်သမျှ ရွေးချယ်ခံနိုင်ပေသည်။ အစမ်း ရွေးချယ်ခြင်း၊ အတည်ရွေး ချယ်ခြင်း၊ အကြိမ်ကြိမ် ဆန္ဒခံယူပြီးမှ အတည်ပြုသင့်ပေသည်။ ရွေးကောက်ခံရသူများ၏ စွမ်းဆောင်ချက် အလိုက် လေးနှစ်တန်သည်၊ ငါးနှစ်တန်သည် ပြန်လည်ရွေးချယ်ကြမည်ဖြစ်လေသည်။ စွမ်းဆောင်မှု ညံ့ဖျင်း လျှင် တစ်ကြိမ်သာထိုက်တန်သူဖြစ်မည်၊ စွမ်းဆောင်မှုကောင်းလျှင် ကောင်းသလောက် အကြိမ်ကြိမ် ထိုက်တန်သူဖြစ်ပေမည်။ အဖွဲ့ဝင်များ ရွေကောက်ပွဲကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျ အဖွဲ့ဝင် များ ရွေးချယ်သလို ရွေးချယ်ထိုက်ပေသည်။ အဖွဲ့ဝင် သုံးဖွဲ့ရှိရာ ၂ နှစ် တစ်ကြိမ်ကျ တစ်ဖွဲ့စီ ရွေးကောက် သွားလျှင် အဟောင်းနှစ်ဖွဲ့နှင့် အသစ်တစ်ဖွဲ့ လက်တွဲလုပ်ဆောင်သွားနိုင်မည်ဖြစ်ပေသည်။ သုံးဖွဲ့လုံးကို တစ်ပြိုင်နက်ရွေးချယ်က အသစ်နှင့်အဟောင်း မမျှတသည့် အခါ အဟောင်းများက အတွေ့အကြုံအပေါ် အသစ်ကို မကြည်ဖြူလျှင် မကြည်ဖြူသလို ဒေါက်ဖြုတ်ချောက်ချနိုင်ပေသည်။
သို့ဖြစ်၍ အဟောင်းနှစ်ဖွဲ့က အသစ်တစ်ဖွဲ့ကို နှစ်စဉ် လက်တွဲခေါ်ပြီး သာသနာ့အကျိုးသယ်ပိုး ရန်ဖြစ်လေသည်။ ရပ်/ကျေးနှင့် မြို့နယ်များမှာ အလွယ်တကူ ရွေးကောက်နိုင်လေသည်။ ယနေ့ တရုတ်ပြည်၌ ပြုလုပ်နေသော စက္ကူဖြူစာတမ်းပါ ရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲများကဲ့သို့ ပြုလုပ်ရုံသာရှိလေသည်။ အစီအစဉ် ရေးဆွဲရာမှာ သက်တော်ဝါတော်ရ ထေရ်ကြီးဝါကြီး လောကဓမ္မကျွမ်းကျင်၍ ဗဟုသုတ ပြည့်စုံသော ဆရာတော်သမားတော်များ လက်ရှိ သံဃာဥသျှောင် ဆရာတော်ကြီးများ နိုင်ငံရေး၊ သာသနာရေး လူပညာရှိများ ဆောင်ရွက်သင့်လှပေသည်။ ဤစနစ်သည် သာသနာတစ်ရပ်လုံးအတွက် အခြေခံအကျဆုံး အကျိုးကြီးဆုံး တရားမျှတဆုံးသောစနစ် အရိယာသူတော်ကောင်းတို့ သာဓုခေါ်မည့် စနစ်ဖြစ်၍ ပဒေသရာဇ် ခေတ်ကလို အာဏာစွဲများမထားကြဘဲ သာသနာအကျိုး၊ မြန်မာအကျိုးကို လိုလားသောအားဖြင့် ဝိုင်းဝန်း ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ထိုက်လှပေသည်။ ဤအဖွဲ့သည် အမှန်တကယ် သာသနာသန့်ရှင်း အောင် ဆောင်ရွက်နိုင်သည့်အဖွဲ့၊ သာသနာ့အကျိုးကို အမှန်တကယ် ဆောင်ရွက်နိုင်သည့်အဖွဲ့၊ သာသနာ ထွန်းကားပြန့်ပွားအောင် အမှန်တကယ် ဆောင်ရွက်နိုင်သည့် အဖွဲ့၊ သာသနာအဓွန့်ရှည်တည်တန့်အောင် ဆောင်ရွက်နိုင်သည့်အဖွဲ့၊ မြန်မာရေ ကမ္ဘာပါ ငြိမ်းချမ်းစေမည့်အဖွဲ့ မြန်မာရော ကမ္ဘာပါ အလင်းရောင်ရ စေမည့်အဖွဲ့ ဖြစ်ရကား ဤစနစ်ကို ကန့်ကွက်သူ၊ ပယ်ချသူ၊ သဘောမတူသူ၊ အကောင်အထည် မဖော် သူမှန်သမျှသည် သမိုင်း၏ တရားခံအဖြစ် မှတ်တမ်းတင်ခံရမည်ဖြစ်လေသည်။ ငါအကျိုးထက် သာသနာ အကျိုးကို ဦးစားပေးဖို့ အချိန်တန်ပြီဖြစ်ပါ၏။ ငါအကျိုးကို ဦးစားပေးခဲ့သော ပဒေသရာဇ်စနစ်တို့သည် လည်းကောင်း၊ အာဏာရှင်စနစ်တို့သည်လည်းကောင်း ကမ္ဘာမြေပေါ်မှာ နေရာပေးမခံရ၍ ကျဆုံးခဲ့ကြ၊ ကျဆုံးနေကြပေသည်။
(နေ့စဉ် တင်ပြသွားပါမည်။)