မေ ၁၅ ရက်က ဆူဒန်တရားရုံးတစ်ခုသည် ကိုယ်ဝန်အရင့်အမာနှင့် အမျိုးသမီးတစ်ဦးကို ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့သည့်အတွက် ကြိုးမိန့်ပေး သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။ ယင်းကို ဗြိတိန်နိုင်ငံက အလွန် ရိုင်းစိုင်းသောလုပ်ရပ်အဖြစ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ပြီး အမေရိကန်က အလွန်စိတ်ပျက်စရာ လုပ်ရပ်ဟု ဝေဖန်ခဲ့သည်။
အဆိုပါ အမျိုးသမီးကို မွတ်စလင်ဘာသာဝင်ဖခင်က မွေးဖွားခဲ့ခြင်းဖြစ်သောကြောင့် ၁၉၈၃ ခုနှစ်ကတည်းက ဆူဒန်နိုင်ငံတွင် ကျင့်သုံးခဲ့သော ရှာရီယာဥပဒေအရ ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
မာရိယန်ယာဟီယာအီဘရာဟင်အီရှက် ၂၇ နှစ်သည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် လက်ထပ်ခဲ့ပြီး ကိုယ်ဝန်ရှစ်လရှိသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြားခဲ့သည်။ တရားသူကြီး အဘာမိုဟာမက် အယ်ခါလီဖာက “ငါတို့ မင်းကို သုံးရက်အချိန်ပေးပြီးပြီ။ မင်းက အစ္စလာမ်ဘာသာကို ပြန်လည်ကူးပြောင်းဖို့ ငြင်းဆန်ခဲ့တယ်။ ဒါကြောင့် မင်းကို ကြိုးမိန့်ပေးလိုက်တယ်” ဟု ပြောကြားခဲ့သည်။
ခါလီဖာက အဆိုပါ အမျိုးသမီးကို အိမ်ထောင်ရေးဖောက်ပြန်မှုအတွက် ကြိမ်ဒဏ် ၁၀၀ လည်း ချမှတ်ခဲ့သည်။ ဆူဒန်နိုင်ငံတွင် ကျင့်သုံးသော ရှာရီယာဥပဒေအရ မွတ်စလင်အမျိုးသမီးတစ်ဦးသည် မွတ်စလင်မဟုတ်သော အမျိုးသားတစ်ဦးနှင့် လက်ထပ်ပါက သို့မဟုတ် အလားတူ ဆက်ဆံရေးမျိုးရှိပါက အိမ်ထောင်ရေး ဖောက်ပြန်မှု ဟု သတ်မှတ်သည်။ ခရစ်ယာအများအပြားနေထိုင်ရာ ခါတိုအမ်းခရိုင် ဟာ့ဂ်ျယူဆက်ဒေသတရားရုံးတွင် စီရင်ချက်ကို နာခံစဉ် အီရက်သည် စိတ်လှုပ်ရှားမှုမရှိဘဲ တည်ငြိမ်မှုကို ပြသခဲ့သည်ဟု ဆိုသည်။
Ref: AFP