ဦးသီလာနန္ဒ္ဒာဘိဝံသ ဆိုတာ စာရေးသူရဲ့သူငယ်ချင်းပါ။ စာရေးသူက ရဟန်းသိက္ခာ သုံးဝါပြည့်လို့ လေးဝါမြောက်မှာ မစိုးရိမ်တိုက်သစ်ကိုရောက်ပါတယ်။ သူက ကိုရင်ကြီးဘဝနှင့် မစိုးရိမ်တိုက်သစ်ကိုရောက်ပါတယ်။ အတူတူသကျသီဟစာမေးပွဲ လုပ်ကြပါတယ်။
စာရေးသူက အရင်အောင်သွားပါတယ်။ စာရေးသူက သူ့ကိုခေါ်ပြီး စာပြပေးပါတယ်။ သူငယ်ချင်းနှစ်ယောက် ဆိုးတိုင်ပင် ကောင်းတိုင်ပင်ပေါ့။
စာရေးသူ ဘဝတက္ကသိုလ်ရောက်သွားတဲ့အခါ သူက စာရေးသူ့ကျောင်းမှာ လာနေပေးပါတယ်။ စာရေးသူ့ကျောင်းကို စောင့်ရှောက်ပါတယ်။ စာရေးသူအတွက်လည်း လိုလေသေးမရှိ ရိက္ခာတွေ အဆက်မပြတ် ပို့ပေးပါတယ်။
ဘဝတက္ကသိုလ်မှပြန်လာတော့ သူက စာရေးသူရဲ့ကျောင်းတိုက်တာဝန်တွေကို ခွဲယူကူညီပါတယ်။ စာကြည့်တိုက်နှင့်ပတ်သက်ပြီး နောက်လှည့်ကြည့်စရာမလိုအောင် သံဃာ့ဝေယျာဝစ္စနှင့်ပတ်သက်၍ နောက်ဆံမတင်းအောင် ကူညီပေးခဲ့တဲ့ ခံတပ်မှူးကြီးပါ။
စာရေးသူ ဘယ်တရားဟောသင့်တယ် ဘာတွေထည့်ဟောသင့်တယ် စသည်ဖြင့် အချက်အလက်တွေလည်း ရှာဖွေပေးတတ်ပါတယ်။ စာရေးသူက ဘာဟောချင်တယ် ပြောလိုက်တာနဲ့ စာကြည့်တိုက်ထဲမှာ မွှေနှောက်ရှာပြီး ယူလာတတ်ပါတယ်။ ဂျိမ်းစဘွန်းကို လက်နက်အသစ်အဆန်းတွေ တပ်ဆင်ပေးခဲ့တဲ့ဆရာကြီးပေါ့။
အခုတော့ မတ္တရာ မစိုးရိမ်တိုက်သစ်သို့ ပြောင်းရွှေ့သွားပါပြီ။ မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသရဲ့ အစီအစဉ်နဲ့ ကြွရခြင်းပါ။ သူငယ်ချင်းတွေရော ဆရာသမားတွေပါ လိုက်ပို့ကြပါတယ်။ နေရာလည်းကောင်း၊ အချက်အခြာလည်းကျ၊ ဘုရား၊ ဓမ္မာရုံ၊ ဗောဓိပင်၊ ရေကန်၊ သိမ်နှင့် ကျောင်းဆောင်တွေကအစ အားလုံးပြည့်စုံတဲ့ ကျောင်းတိုက်ကြီးပါ။ သူ့အတွက်ကတော့ မိုးပေါ်ကကျလာသလို နတ်တွေကဖန်ဆင်းပေးသလို အိုကေ စိုပြေတဲ့ ဘူမိနက်သန်မှန်တဲ့ ကျောင်းတိုက်ကြီးပေါ့။ နေချင့်စဖွယ်လေးပါ။ စာသင်သားသံဃာ ၃၀ ခန့်နှင့် အခုစာချနေပါပြီ။
စာရေးသူအတွက်တော့ နှစ်ပေါင်းနှစ်ဆယ်လောက် တွဲလာခဲ့တဲ့ မိတ်ဆွေကောင်းတစ်ယောက် ဆုံးရှုံးခြင်းပါပဲ။ နဝကမ္မလည်း ထောက်ပံ့ခဲ့ပါတယ်။ အခြားလိုအပ်ချက်များလည်း ဖိတ်ကြားခဲ့ပါတယ်။
မတ္တရာကတော့ ပွသွားတာပေါ့။ မတ္တရာမြို့မှာတင် မစိုးရိမ်တိုက် ၃ တိုက် ဖြစ်သွားပါပြီ။ ဘဒ္ဒန္တသုဒဿနာဘိဝံသ၊ ဘဒ္ဒန္တစန္ဒာသိရီဘိဝံသ၊ ဘဒ္ဒန္တသီလာနန္ဒာဘိဝံသ တို့ဦးစီးတဲ့ တိုက်တွေပါ။ မတ္တရာမြို့ကြီး လုံခြုံစိတ်ချသွားပြီပေါ့ဗျာ။
သူငယ်ချင်း အရှင်သီလာနန္ဒာဘိဝံသ အောင်မြင်စွာ သာသနာပြုပါစေသော်.....ဝ်။
ဝီရသူ (မစိုးရိမ်)
9.6.2015- AM 8:25