ရန်ကုန်၊ဇွန်၂၁ ရက်
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)အနေနှင့် လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မည်သည့်ပါတီကို မဲပေးသင့် မပေးသင့် ဝေဖန်အကြံပြုမည်မဟုတ်ကြောင်း ကျေညာချက် ထုတ်ပြန်လိုက်သည်။
ရန်ကုန်မြို့တော် အင်းစိန်မြို့နယ် အောင်ဆန်းတောရတပ်ဦးကျောင်းတွင် ဇွန်လ ၂၁ ရက်က ကျင်းပသည့် မ.ဘ.သ အဖွဲ့ ဒုတိယအကြိမ်ညီလာခံတွင် ယင်းသို့ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။
ဒါက"မဘသရဲ့အဓိကကျတဲ့မူဝါဒပဲ"ဟု မဘသအဖွဲ့ ဗဟိုဦးဆောင်အဖွဲ့ဝင်ဆရာတော် ဦးဒေဝိန္ဒာဘိဝံသက မိန့်ကြားသည်။
သို့တော် မဘသအဖွဲ့အနေနှင့် ရွေးကောက်ပွဲဝင် ပါတီအားလုံးနှင့်သက်ဆိုင်သော အခြေခံမူဝါဒကိုမူ ဓမ္မဓိဋ္ဌာန်ကျကျ ဝေဖန်အကြံပြုမည်ဟု ယင်းကြေညာချက်အရသိရသည်။
ရွေးကောက်ပွဲ မဲပေးရန် အခြားသောဆရာတော်များက ဟောကြားမှုများရှိလျင် ယင်းသည် မ.ဘ.သအဖွဲ့၏ သဘောထားမဟုတ်ကြောင်း ဦးဒေဝိန္ဒာဘိဝံသက ဆက်လက်မိန့်ကြားသည်။
"ခေါင်းဆောင်ရွေးမှားရင် ဘာသာ သာသနာ ဆုတ်ယုတ်မယ်ဆိုတာတော့ ခွဲခြားသိအောင် ရှင်းပြပေးဖို့လိုတယ်"ဟု ဆရာတော်ဦးသီလက္ခန္ဓာဘိဝံသက ၎င်း၏အမြင်သဘောထားကို မှတ်ချက်ပြုမိန့်ကြားသည်။
ရွေးကောက်ပွဲကော်မရှင်အနေနှင့်လည်း အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍တရားမျှတစွာ လုပ်ဆောင်ရန်တိုက်တွန်းကြောင်း မဘသအဖွဲ့ဝင် ဆရာတော်များက မိန့်ကြားသည်။
အင်တာနက်စာမျက်နှာ၌ အမျိုးသားရေးနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုကို ထိခိုက်စေမည့် ညစ်ညမ်းစာ၊ ပုံများ အသုံးပြုကာ သံဃာတော်များ၊ သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ကို စော်ကားမှုများမပြုလုပ်ရန် တိုက်တွန်းကြောင်းလည်း ယင်းထုတ်ပြန်ချက်အရ သိရသည်။
မဘသအဖွဲ့ ဒုတိယအကြိမ်ညီလာခံတွင် သံဃာတော်များ၊ လူပုဂ္ဂိုလ်များ စုစုပေါင်း ၇၀၀၀ နီးပါး တက်ရောက်ရာ သဘောတူညီချက် ၁၂ ချက်နှင့် မဘသ အဖွဲ့ဝင်များရှေ့ဆက်လုပ်ရန် လမ်းညွန်ချက် ခုနှစ်ချက်ကို ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
မ.ဘ.သ အဖွဲ့ ပထမအကြိမ် ညီလာခံကို အောင်ဆန်းတောရ တပ်ဦးကျောင်း၌ ၂၀၁၄ ခုနှစ် ဇွန်လ ၂၁ ရက်က ကျင်းပခဲ့သည်။
(22.6.2015) The voice နေ့စဉ်သတင်းစာ