မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်၊ ပြည်လုံးအံ့ဓမ္မာရုံ၌ (၇.၆.၂၀၁၅)ရက်နေ့၊ မနက် (၉း၀၀)နာရီတွင် မာလကာခြံရပ်ကွက်ရှိ နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အသင်းတာဝန်ရှိသူများဖြစ်ကြသည့် အရှင်ဇဝန(နာယက)၊ အရှင်ဉာဏိဿရ(ဟောပြောတာဝန်ခံ)၊ ဒေါ်ကြည်ကြည်မာ(ဒုဥက္ကဋ္ဌ)၊ ဒေါ်ကြင်ကြင်မြိုင်(အတွင်းရေးမှူး)တို့ တက်ရောက်ကြပြီး ဟောပြောတာဝန်ခံဆရာတော် အရှင်ဉာဏိဿရနှင့် အတွင်းရေးမှူးဒေါ်ကြင်ကြင်မြိုင်တို့မှ အသိပညာပေး ဟောပြောခဲ့ပါသည်။
ဟောပြောပွဲပြီးနောက် ငွေစုပတ်ပြည့်ပြီးဖြစ်သည့် အသင်းဝင်(၂၀)ဦးတို့အား တစ်ဦးလျှင် (၁၅၀၀၀၀ိ)ကျပ်စီ စုဘူးငွေထုတ်ပေးခဲ့ကြောင်း သိရသည်။
မာလကာခြံရပ်ကွက်ရှိ နဂါးနီအသင်းသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် စုဘူးများထဲမှ (၂)ခုမြောက်စုဘူးဖြစ်ပြီး (၁၇.၁၀.၂၀၁၃) ရက်နေ့တွင် ဦးရေ(၅၀)ဖြင့် စတင်တည်ထောင်ပေးခဲ့ရာ ယနေ့တွင် အသင်းဝင်ပေါင်း (၁၂၀)ဦးအထိ တိုးပွားလာခဲ့ပြီဖြစ်ကြောင်း သိရသည်။
နဂါးနီစုဘူး၏ ငွေချေးစနစ်မှာ (၅)ကျပ်တိုးဖြစ်ပြီး အတိုး(၅)ကျပ်ထဲမှ (၂)ကျပ်ကို စုဘူးအသင်းဝင်များအတွက် ကျန်းမာရေးရန်ပုံငွေ၊ (၃)ကျပ်ကို စုဘူးငွေတိုးချဲ့ထုတ်ပေးရန်နှင့် အသင်းဝင်သစ်များ တိုးချဲ့လက်ခံရန် စီးပွားရေးရန်ပုံငွေအဖြစ် စုဆောင်းပေးသည်ဟု သိရသည်။
ဝီရခေမိန် (နဂါးနီစုဘူးသတင်းထောက်)