၂၆.၄.၂၀၁၅ ရက်နေ့ မနက်ဆွမ်းသဒ္ဓါရှင်မိသားစုအိမ်မှာစားသုံးပြီး ဒို့အောင်ပန်း လ္ဘက်ရည်ဆိုင်မှာ ခဏနားပါတယ်။
ဟဲဟိုးလေဆိပ်မှ မနက် ၉း၀၀ နာရီထွက်လာပြီး ရန်ကုန်ကို မနက် ၁၀း၀၀ နာရီရောက်ပါတယ်။
မွန်းလွဲ ၂း၀၀ နာရီမှာ အင်းစိန်ရွာမ မ.ဘ.သ (ဗဟို)ရုံးချုပ်၊ လက်တွေ့အသုံးချ ဥပဒေသင်တန်းနှင့် အွန်းလိုင်းကွန်ယက်သင်တန်းပို့ချရေး ရှေ့နေများနှင့် အစည်းဝေးပွဲ တက်ရောက်ခဲ့ပါတယ်။
ညနေ ၆း၀၀ နာရီမှာ သာကေတမြို့နယ် မ.ဘ.သ အဖွဲ့ ကြီးမှူးကျင်းပတဲ့ သာကေတ (၁၀/တောင်)ရပ်ကွက် သက်မွေးဝမ်းကျောင်းမှု သင်တန်းဖွင့်ပွဲ တက်ရောက်သြဝါဒပေးခဲ့ပါတယ်။
ဒီသင်တန်းမှာ စာရေးသူက အထည်ချုပ်စက်(၁၀)လုံး လှူဒါန်းခဲ့ဖူးပါတယ်။ ဒုတိယအကြိမ်သင်တန်းမှာ လှူဒါန်းခဲ့တာပါ။
ပထမအကြိမ်သင်တန်းဆင်းအလုပ်သမားတွေထဲက (၈)ယောက်။ ဒုတိယအကြိမ်မှာ (၁၄)ယောက် လုပ်ငန်းခွင်ထဲ ဝင်ရောက်နိုင်ပြီ ဖြစ်ပါတယ်။
အလုပ်ရသူဦးရေလည်းတိုး၊ သင်တန်းသူဦးရေလည်းတိုး၊ စက်အရေအတွက်လည်းတိုးပွားလာတာတွေ့ရပါတယ်။ သာကေတ မ.ဘ.သရဲ့ စွမ်းဆောင်ချက်တွေ ဖြစ်ပါတယ်။
ည ၇း၀၀ နာရီမှာ ရန်ကင်းမြို့နယ်၊ (၁၁)ရပ်ကွက်၊ ရာ (၅)ပိုင် ကုသလဝါယမ ဓမ္မာရုံ ဒုတိယအကြိမ် ဓမ္မသဘင်မှာ တရားဟောကြားခဲ့ပါတယ်။
တရားပွဲပင့်သူ ဦးမျိုးခင်၊ ဦးဇော်ဝင်း၊ ဦးစိုးဝင်းတို့က NLD ပါတီဝင်တွေပါ။ ရန်ကုန်တိုင်း ပြန်ကြားရေးကော်မတီ အဖွဲ့ဝင် ဦးမျိုးခင်က စာရေးသူနှင့် မြစ်ဆုံထောင်မှာ အတူနေ ပတ်သက်တွေပဲ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်တုန်းကလည်း ဟောကြားခဲ့ပါသေးတယ်။
ည ၉း၃၀ နာရီမှာတော့ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ၉၈ ရပ်ကွက်၊ မွန်မြတ်စေတနာ သွေးလှူရှင်အသင်း ဒုတိယအကြိမ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အထူးတရားပွဲမှာ ဒုတိယပွဲအဖြစ် ဆက်လက်ဟောကြားခဲ့ပါတယ်။
တစ်နေ့တည်း လေးမြို့နယ်မှာ လေးပွဲနွှဲခဲ့ရတာဖြစ်လို့ ဖေ့ဘွတ်ခ်သတင်း မရေးနိုင်တော့ဘဲ ပရိတ်ရွတ်ရင်း အိပ်ပေါ်သွားပါတော့သတည်း။