Media 6
ထိုင်းနိုင်ငံရှိ မလေးရှားကုမ္ပဏီတစ်ခုမှ အရက်ထုတ်လုပ်ရာတွင် မြန်မာနိုင်ငံ၏ တန်ခိုးကြီးဘုရားတစ်ဆူဖြစ် သော ရွှေတိဂုံဘုရားပုံတော်အား တံဆိပ်ရိုက်၍ ဖြန့်ဖြူးရောင်းချပြုလုပ်နေခြင်းကိစ္စအား မြန်မာအစိုးရအနေဖြင့် အရေးကြီးကိစ္စတစ်ခုဖြစ်ကြောင်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ခေါင်းဆောင် အရှင်ဝီရသူက ဧပြီ ၂၀ ရက်နေ့တွင် လူထုပုံရိပ်သို့ မိန့်သည်။
“ဒီကိစ္စကို ဦးဇင်းတို့ မြန်မာအစိုးရအနေနဲ့ အေးအေးဆေးဆေးလုပ်နေလို့မရဘူး။ ဒီကိစ္စက တည်ငြိမ်မှုကို ပျက်ပြားသွားစေနိုင်တယ်။ ဒါကြောင့် အစိုးရအနေနဲ့ ဒီကိစ္စကို ထိထိရောက်ရောက် ဖြေရှုးသင့်တယ်” ဟု အရှင်ဝီရသူက အကြံပြုမိန့်ကြားသည်။
မြန်မာအစိုးရအနေဖြင့် ထိုင်းအစိုးရနှင့် ပူးပေါင်းကာ ရွှေတိဂုံဘုရားပုံတော်ကို တံဆိပ်ရိုက်၍ အရက်ဖြန့်ဖြူးရောင်းချနေသော မလေးကုမ္ပဏီအား ယင်းသို့ ဆက်လက်မပြုလုပ်ရန် အချိန်မီတားမြစ်ရမည်ဖြစ် ပြီး ယင်းကုန်ပစ္စည်းမှာ မြန်မာနိုင်ငံသို့ ရောက်ရှိလာကပါ မလိုလားအပ်သည့် ပြဿနာဖြစ်ပေါ်လာမည်ဖြစ်ပြီး တိုင်းပြည်တည်ငြိမ်မှုကို ပျက်ပြားသွားစေနိုင်ကြောင်း မြန်မာအစိုးရအနေဖြင့် အမြန်ဆုံး ဖြေရှင်းသင့်သည်ဟု အကြံပြုတိုက်တွန်းလိုက်ရခြင်းဖြစ်ကြောင်း ဦးဝီရသူက ဆိုသည်။
“ဒီလို ပြုလုပ်တာဟာ ဦးဇင်းတို့ဗုဒ္ဓဘာသာကို စော်ကားလိုက်တာပဲ။ ဦးဇင်းတို့မဟုတ်ဘူး။ အဲဒီနိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကလည်း ဒီကိစ္စကို ငြိမ်ခံနေမှာမဟုတ်ဘူး။ ဒီကိစ္စကြောင့် ဆူပူမှုတွေ ဖြစ်လာမှာကိုပဲ စိုးရိမ်နေရတယ်” ဟု အရှင်ဦးဝီရသူက ဆက်လက်မိန့်ကြားသည်။
မိမိတို့ ဗုဒ္ဓဘာသာကို စော်ကားသည့် လုပ်ရပ်များ လုပ်ဆောင်နေသည်မှာ ယင်းလုပ်ရပ်တစ်ခုတည်းတွင် မဟုတ်ဘဲ အင်ဒိုနီးရှားနိုင်ငံတွင်လည်း ဗုဒ္ဓဘာသာကို စော်ကားသည့် လုပ်ရပ်များကို ပြုလုပ်လျက်ရှိသော ကြောင့် မြန်မာအစိုးရအနေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာနိုင်ငံအစိုးရများနှင့် ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း ဦးဝီရသူက အကြံပြုပြောကြားခဲ့သည်။
ရွှေတိဂုံဘုရားပုံတော်တံဆိပ်ပုံပါသော အရက်ပုလင်များကို ဓာတ်ပုံအချို့မှာလည်း ယခုရက်ပိုင်းအတွင်း ဖေ့ဘွတ်စ်လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိနေသည်။