Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“အမုန်းမခံရဲတဲ့ စိတ်ဓာတ်နှင့် တံဆိပ်ကပ်ယဉ်ကျေးမှု”

$
0
0
24.4.2015 အတွဲ ၃။ အမှတ် ၂၉၊ လူထုပုံရိပ်ဂျာနာယ်လ် စာ ၁၉ ကိုရူပ(ပဲခူး)ရဲ့ တံဆိပ်ကပ် အလေ့အထ များနှင့် မြန်မာ့ နိုင်ငံရေး ဆောင်းပါးဖတ်လိုက်ရပါတယ်။
အမျိုးသားရေးနှင့် ဒီမိုကရေစီရေးကို အရှိအတိုင်း ဆက်မလိုက်ဘဲ ဝေဖန်သွားတာ အင်မတန် မျှတပါတယ်။ ဒီလို ဆောင်းပါးရှင်မျိုး 2012 ခုနှစ်လောက်ကတည်းက ပေါ်ခဲ့မယ်၊ နိုင်ငံရေးခေါင်းဆောင်များကို ထိန်းကျောင်း ပေးမယ်ဆိုရင် အခုလောက်ကြီး ဆုတ်ယုတ်ခဲ့မှာမဟုတ်ပါဘူး။
နိုင်ငံရေးနှင့် အမျိုးသားရေးကို ဝေဖန်ရေးသားရာမှာ မျှတခဲ့ပေမယ့် ခေါင်းဆောင်နှင့်ပြည်သူ၊ အီလစ်နှင့်ကျောမွဲ တွေကို ဝေဖန်ရာမှာတော့ မျှတမှုလိုအပ်နေတာ တွေ့ရပါတယ်။
တံဆိပ်ကပ်ယဉ်ကျေးမှုကို လျှော့ချဖို့လိုအပ်သလို အမုန်းမခံရဲတဲ့ စိတ်ထားတွေကိုလဲ ပြုပြင်ဖို့ လိုပါတယ်။ ခေါင်းဆောင်ဆိုတာ အမုန်းခံရဲရပါမယ်။ ပညာရှိဆိုတာ အမှန်အတိုင်း ပြောရဲရပါမယ်။ အထူးသဖြင့် ပြည်သူ လူထုအတွက်ဆို ပိုပြီး အမုန်းခံရဲရပါမယ်။
သိတဲ့သူ၊ တတ်တဲ့သူ၊ မြင်တဲ့သူ၊ မြော်တတ်သူတွေက သိလျက် မြင်လျက်နဲ့ မပြောရဲ မဆိုရဲလို့ မပြောဘဲ မဆိုဘဲနေကြတာဟာ သမိုင်းကို သစ္စာဖောက်ရာရောက်ပါမယ်။
တရားခံကိုသိရင် တရားခံဘယ်သူဆိုတာ ထုတ်ဖော်ပြောဆိုရဲရမယ်။ တရားခံကျူးလွန်တာကို မြင်ရင် မြင်တဲ့အတိုင်း ထွက်ဆိုရဲရမယ်။ ဒါမှ အမှုမှန်ပေါ်ပေါက်မှာပါ။ အမှန်တရား ထွန်းကားမှာပါ။ တရားဥပဒေ စိုးမိုးမှာပါ။
နိုင်ငံကိုချစ်တယ်ဆိုရင် ပြည်သူကို ကောင်းစားစေချင်တယ်ဆိုရင် အမှန်ကို အမှန်အတိုင်း၊ အရှိကိုအရှိအတိုင်း ရေးသားထုတ်လွှင့်ကြဖို့လိုပါတယ်။ ဒါကိုပဲ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ဆိုတာပါ။
ဒီလိုမှ မဟုတ်ဘဲ ဘာလုပ်လုပ်ကောင်း၊ ဘာပြောပြောမှန် ပုံစံမျိုးနဲ့ ဘုန်းတော်ဘွဲ့ ဂုဏ်တော်ဘွဲ့တွေချည်း ရေးသားထုတ်လွှင့်နေလို့ကတော့ သမီးလေး လိမ္မာလှ ယောက်မမြင်းစီးပြဖြစ်မှ နောက်ကျကုန်မှာ စိုးရပါတယ်။
ဒါကြောင့်
စတုတ္ထမဏ္ဍိုင်သမားတွေ
ရည်ရွယ်ချက်ကောင်းရမယ်
အပြုသဘောဆောင်ရမယ်
အမုန်းခံရဲရမယ်။
ဒါဆိုရင် သေချာပေါက်ပန်းတိုင်ရောက်ပါပြီ။
(လူထုပုံရိပ် ဆောင်းပါး ပူးတွဲဖော်ပြလိုက်ပါတယ်။)
ဝီရသူ(မစိုးရိမ်)
23.4.2015 PM 4:21
==========================================================


“တံဆိပ်ကပ်သည့်အလေ့အထများ နှင့် မြန်မာ့နိုင်ငံရေး”

ကိုရူပ(ပဲခူး)
မြန်မာ့နိုင်ငံရေးဟာ အရှုပ်အထွေးတွေ၊ အကွဲအမြဲတွေ၊ အလဲအကွဲတွေနဲ့ အတော့်ကို ရှုပ်ထွေးလွန်းနေပါတယ်။ လက်ရှိအစိုးရရဲ့ ခြေလှမ်းတွေကို တွက်ဆဖို့ ခက်ခဲလွန်းနေသလို အတိုက်အခံပါတီရဲ့ သဘောထားတွေ ကလည်း ခန့်မှန်းဖို့ ခက်ခဲနေပါတယ်။ လက်ရှိအစိုးရအဖွဲ့ဝင်တွေထဲက အကြီးပိုင်းတွေက တိုင်းပြည်အကျိုးကို ရှေးရှုတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ပါစေ အတိုက်အခံပါတီဘက်ကလည်း မှန်ကန်ထိရောက်တဲ့ တွန်းရွှေ့မှု တွေကို ပြုလုပ်နိုင်ပါစေလို့ ဆုတောင်းနေရတဲ့ အနေအထားဖြစ်နေပါတယ်။ ဒီကြားထဲ ပြည်သူအများစုရဲ့ နိုင်ငံရေးရေချိနိမ့်ပါးမှုကြောင့် သူတို့အကြား အပြန်အလှန်တံဆိပ်ကပ်နေကြတဲ့ အလေ့အထတွေ အတော့်ကို ခေတ်စားနေတာကို စိတ်မသက်သာဖွယ် တွေ့နေရပြန်တော့ နိုင်ငံရဲ့ ရှေ့ရေးကို ရင်လေးလာမိပါတယ်။
လူတစ်ယောက်ဟာ မွေးကတည်းက ဘယ်ဘာသာဝင်ပါလို့ တံဆိပ်ကပ်မွေးဖွားလာခြင်းမရှိပါဘူး။ မိရိုးဖလာ အစဉ်အလာကြောင့် မိဘတွေကိုးကွယ်တဲ့ဘာသာကို ဆက်လက်ကိုးကွယ်ဖြစ်တယ်ဆိုရင်တောင် မိမိရဲ့ အသိဉာဏ်နဲ့ ချိန်ထိုးလေ့လာကြည့်လိုက်လို့ မိမိကိုးကွယ်နေတဲ့ဘာသာအပေါ် တစ်စုံတစ်ရာ သံသယစိတ်ဝင် သွားခဲ့ရင်ဘာသာပြောင်းကိုးကွယ်မှုတွေ ပြုလုပ်လာကြတော့တာပါပဲ။ ကိုးကွယ်ရာ ဘာသာတောင် ဒီလိုတံဆိပ်ကပ်လို့ မရဘူးဆိုရင် ခံယူချက်တွေ ယုံကြည်ချက်တွေမှာလည်း အလားတူပဲ တံဆိပ်ကပ်ပြီး မွေးဖွားလာတာမဟုတ်ဘူးဆိုတာကို သိနားလည်ထားသင့်ပါတယ်။ ခံယူချက်တွေ ယုံကြညချက်တွေဟာ တစ်ခါ တစ်ခါ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဟာ ဆင်းသက်ပါတယ်။ တစ်ခါတစ်ခါ မိမိလေးစားယုံကြည်တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ အယူအဆတွေက ဆင်းသက်ပါတယ်။ တစ်ခါတစ်ခါမှာ မိမိဖတ်ရှုနေတဲ့ စာအုပ်ရဲ့ လွှမ်းမိုးမှုက ဆင်းသက်ပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်ပြီး မိမိရဲ့ စဉ်းစားဆင်ခြင်ဉာဏ်နဲ့ သုံးသပ်မှုက ဆင်းသက်လာတဲ့ ခံယူချက်တွေလည်း ရှိတတ်ပေမယ့် ဒီအမျိုးအစားဟာ အတော့်ကို ရှားပါးလွန်းလှပါတယ်။
ဒီနေ့မှာ ဒီခံယူချက်ရှိတဲ့သူတစ်ယောက်ဟာ မနက်ဖြန်မှာ ဒီခံယူချက်ကို စွန့်ပစ်သွားနိုင်ပါတယ်။ ဒီနေ့မှာ ဒံခံယူချက်ပိုင်ရှင်တွေကို သေသသေကြေကြေ တိုက်ခိုက်ဖို့ အဆင်ဖြစ်နေတတ်တဲ့သူတစ်ယောက်ဟာလည်း မနက်ဖြန်မှာ အဲ့ဒီခံယူချက်ပိုင်ရှင်တွေနဲ့ ဖက်လဲတကင်းဖြစ်နေနိုင်ပါတယ်။ အဲ့ဒါဟာ ဘာဖြစ်လို့လဲဆိုရင် အားလုံးဟာ လူသားတွေဖြစ်နေလို့ပါပဲ။ လူသားဆိုတာ ဘယ်လောက်ပဲ ဆင်ခြင်ဉာဏ်ကို သုံးစွဲတယ်ပဲ ပြောပါ စေ။ စိတ်ခံစားမှုရဲ့ စေ့ဆော်ရာကိုသာ လိုက်ပါကြလေ့ရှိနေလို့ပါပဲ။ အယူဝါဒတစ်ခုခုအပေါ် လွန်ကဲစွာ ယုံကြည်မှု ပြင်းထန်တဲ့သူကလွဲရင် သာမန်ပြည်သူတွေရဲ့ စိတ်ထဲမှာတော့ တစ်ဖက်ဘက်ကို ခြေစုံပစ်ထောက် ခံလိုက်ဖို့ တွေဝေနေလေ့ရှိတတ်ပါတယ်။ ဒီလိုမျိုးအနေအထားမှာ ခံယူချက်ပြင်းထန်တဲ့ သူတစ်ယောက်ဟာ သူတို့ယုံကြည်ရာတစ်ခုခုကို ဝေဖန်မိတဲ့သူတစ်ယောကကို တစ်ဘက်ကလူပါလို့ တံဆိပ်ကပ်မိလိုက်ပြီဆိုရင် ထိုသူဟာ အမှန်တကယ်ပဲ တစ်ဘက်ကလူဖြစ်သွားနိုင်ပါတယ်။ နိုင်ငံရေးလုပ်နေတဲ့သူတစ်ယောက်ဟာ မလိုအပ်တဲ့နေရာတွေမှာ သဘောထားမတင်းမာဘဲ ပျော့ပျော့ပျောင်းပျောင်း ကိုင်တွယ်တတ်ဖို့ လိုတယ်လို့ ထင်မိပါတယ်။
တံဆိပ်ကပ်ယဉ်ကျေးမှုတွေဟာ နိုင်ငံသားတွေနိုင်ငံရေးဘက် စတင်စိတ်ဝင်စားစပြုလာတဲ့ ၂၀၁၂ ခုနှစ်ပိုင်းလောက်မှာ အစပြုလာခဲ့ပါတယ်။ ယခင်က နိုင်ငံရေးဆိုတာ ဘာမှန်းမသိတတ်ခဲ့ကြတဲ့ ပြည်သူတွေဟာ နိုင်ငံရေးအကြောင်းရေးသားထားတဲ့ သတင်းစာတွေ ဂျာနယ်တွေ ဖတ်ရှုကြ၊ ဟောပြောပွဲတွေ နားထောင်ကြပြီး နိုင်ငံရေးကို စတင်စိတ်ဝင်စားစ ပြုလာကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကြီး လွှတ်တော်အတွင်း ဝင်ရောက်လာတဲ့အချိန်မှာ ပြည်သူတွေရဲ့ နိုင်ငံရေးစိတ်ဝင်စားမှု ဒီဂရီဟာ ပိုမိုမြင့်မားလာခဲ့ပါတယ်။ ကဏ္ဍအသီးသီးမှာ ချွတ်ခြုံကြနေပြီဖြစ်တဲ့ တိုင်းပြည်ကြီးကို ဒေါ်အောင်ဆန်းစုကြည် တို့က ကယ်တင်ပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကြောင့် နိုင်ငံရေးအကြောင်းတွေကို တခုတ်တရ လေ့လာစပြုလာကြပါတော့တယ်။ ပြည်သူအတော်များများ နိုင်ငံရေးကို စိတ်ဝင်စားလာကြတဲ့အချိန်မှာပဲ အချိန်ကိုက်ဆိုသလို အမျိုးသားရေးကြွေးကြော်သံတွေ ညံလာခဲ့ပါတော့တယ်။ ပါတီနိုင်ငံရေးထက် အမျိုးသား နိုင်ငံရေးကမှ တိုင်းပြည်ကို တိုးတက်စေနိုင်တယ်ဆိုတဲ့ ဝါဒဖြန့မှုတွေဟာ အွန်လိုင်းမီဒီယာလောကမှာ စတင်လာခဲ့ပါတယ်။ သူတို့ဟာ အမျိုးသားနိုင်ငံရေးကိုသာ ကြွေးကြော်နေပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ ပုံရိပ်တွေကို ထိခိုက်စေရုံသက်သက် ဝါဒဖြန့်နေကြတာကို တွေ့ရှိရပါတယ်။ ဒီလိုနဲ့ပဲ အမျိုးသားရေး သမားဆိုသူတွေနဲ့ ဒေါ်စုကို အမာခံထောက်ခံသူတွေအကြား စကားတိုက်ပွဲ၊ စာတိုက်ပွဲတွေ အရှိန်ပြင်းထန်လာ ပါတော့တယ်။
အမျိုးသားသမားဆိုသူတွေရဲ့ အဓိကပစ်မှတ်ကတော့ နိုင်ငံရေးကို စတင်စိတ်ဝင်စားကာစ မနူးမနပ် ပုဂ္ဂိုလ်တွေနဲ့ ဘာသာရေးအစွန်းရောက်သူတွေကိုပဲဖြစ်ပါတယ်။ သူတို့က မြန်မာပြည်သူအများစုရဲ့ ဘာသာ သာသနာအပေါ် အသက်ထက် ချစ်မြတ်နိုးတတ်တဲ့ စိတ်ရင်းကို သိထားကြပါတယ်။ ဒါကြောင့် ဒေါ်စုတို့ရဲ့ NLD ပါတီဟာ မူဆလင်အများစုနဲ့ ဖွဲ့စည်းထားကြောင်း၊ ဒေါ်စုတို့ရဲ့ ပါတီဟာ ဘာသာ သာသနာအပေါ် တန်ဖိုးထားတတ်သူတွေမဟုတ်ကြောင်း၊ ဒေါ်စုတို့ရဲ့ပါတီသာ အာဏာရလာခဲ့ရင် အမျိုး၊ ဘာသာ၊ သာသနာအတွက် ရင်လေးဖွယ်ရှိကြောင်း ပုံစံမျိုးစုံနဲ့ ဝါဒဖြန့်ကြပါတော့တယ်။ သူတို့ရဲ့ ရည်ရွယ်ချက် အချို့ တစ်ဝက်က အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ဒေါ်စုအပေါ် လွန်မင်းစွာ ချစ်ခင်လေးစားပြီး NLD ပါတီကို အသွေးအသားထဲက ချစ်မြတ်နိုးတဲ့သူတွေကလွဲရင် သာမန်ပြည်သူအချို့ဟာ အကယ်၍သာ ဒေါ်စုတက်လာခဲ့ ရင် သူတို့ တန်ဖိုးထားတဲ့ အမျိုး ဘာသာ သာသနာကြီးကွယ်ပျောက်သွားလေမလားဆိုပြီး စတင်တွေးတောစ ပြုလာကြပါတော့တယ်။ အကျိုးဆက်ကတော့ နိုင်ငံရေးအကြောင်း နားလည်မှု နည်းပါးသေးသူတွေ၊ စဉ်းစားတွေးခေါ်ရာမှာ ဆင်ခြင်ဉာဏ်ထက်ခံစားမှုကိုသာ ရှေ့တန်းတင်လာသူတွေဟာ ယခင်ကလို ဒေါ်စုတို့ဘက်ကို လုံးလုံးလျားလျားမပါကြတော့ဘဲ လမ်းအလယ်မှာထိုင်ပြီး ဘယ်ဘက်ကို လိုက်ရမှန်းမသိ ဝေဝါးသွားကြပါတော့တယ်။
လူတစ်ယောက်ကို လူအများစု လေးစားချစ်ခင်လွန်းတာကို လျော့ကျစေချင်ရင် ထိုသူ့ကောင်းကြောင်းတွေကို ချည်းလွန်လွန်ကဲကဲ ချီးမွမ်းပစ်လိုက်ပါဆိုတဲ့ စကားရပ်ရှိပါတယ်။ သူ့သဘာဝတစ်ရပ်ကတော့ ဘယ်လောက် ကောင်းတဲ့သူပဲဖြစ်ဖြစ် သူရဲ့ကောင်းကြောင်းတွေချည်း လှိုင်လှိုင်ပြောလာကြတဲ့အခါ ထိုသူ့အပေါ် လေးစားချစ်ခင်မှုကတော့ အနည်းနဲ့ အများဆိုသလို လျော့ကျသွားတတ်ကြတာပါပဲ၊ ဗိုလ်ချုပ်တို့လို လူမျိုးတွေ ကတော့ ခြွင်းချက်ပေါ့။ ဒီအချက်ကို တစ်ဘက်ကသူတွေက သိနားလည်ထားကြတဲ့အတွက် ဒေးစုတို့ကို ထောက်ခံတယ်လို့ ပြောပေမယ့် လက်တွေ့မှာ လူအမြင်ကတ်အောင် တမင်လုပ်ဆောင်မယ့် သူတွေကိုလည်း ဒီဘက်ခြမ်းကိုရောက်အောင် ထည့်သွင်းထားကြပြန်ပါတယ်။ သူတို့က ဒေါ်စုကို ဘုရားသခင်နဲ့တောင် ခိုင်းနှိုင်းပြီး ချီးမွမ်းပြောဆိုကြတာမို့ အချို့သော ဘာသာရေးသမားတွေဟာ သဘောမတွေ့ဖြစ်လာကြပါတယ်။ ပုံစံအမျိုးမျိုးနဲ့ တိုက်ခိုက်ထိုးနှက်ပြီး နောက်မှာတော့ ဒေါ်စုတို့အပေါ် အင်တင်တင်ဖြစ်လာတဲ့ လူတန်းစား တစ်ရပ်ပြည်သူအကြားမှာ အခိုင်အမာ ပေါ်ထွန်းလာပါတော့တယ်၊ လူတစ်ယောက်ဟာ ဒေါ်စုကို ချစ်မြတ်နိုးပါ တယ်လို့ တွင်တွင်ပြောဆိုနေပေမယ့် သူဟာ တစ်ဘက်အဖွဲ့အစည်းက သပ်လျှိုဖို့ ထည့်သွင်းထားတဲ့ သူတစ်ယောက်ဖြစ်နေနိုင်တာမို့ ကိုယ့်လူမဟုတ်ရင် သံသယမျက်လုံးနဲ့ ကြည့်စပြုလာကြပါတယ်။ အဲ့ဒီမှာ တွေ့တဲ့သူကို ကိုယ့်မကြိုက် မတွေ့တာနဲ့ တံဆိပ်ကပ်တတ်တဲ့ ယဉ်ကျေးမှုက စလာတော့တာပါပဲ။
အမျိုးသားရေးသမားဆိုသူတွေရဲ့ စကားတွကြောင့်၊ အမျိုး၊ ဘာသာ၊ သာသနာအတွက် အမှန်တကယ် စိုးရိမ်ပြီး ပြောမိကြတဲ့သူတွေကိုလည်း စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်တွေလို့ တံဆိပ်ကပ်ပါတယ်။ NLD ပါတီကို အမှန်တကယ်ချစ်မြတ်နိုးလို့ ထောက်ပြပြောဆိုမိကြတဲ့သူတွေကိုလည်း တစ်ဘက်အဖွဲ့က ထည့်သွင်းထားတဲ့ ကိုယ့်လူ သူ့ဘက်သားအဖြစ် တံဆိပ်ကပ်ပြန်ပါတယ်။ မှိုင်းပေါင်းစုံမိထားတာကြောင့် ဒေါ်စုတို့အပေါ် အမြင်မာကည်ဖြစ်နေကြတဲ့ သူတွေကလည်း NLD ထောက်ခံသူတွေကို မျက်ကန်းဒီမိုတွေအဖြစ် တံဆိပ်ကပ် ကြပြန်ပါတယ်။ ဒီလိုနဲ့ အပြန်အလှန် တံဆိပ်ကပ်နေကြလိုက်တာ ပြည်သူတွေအကြားမှာ စိတ်ဝမ်းကွဲစရာတွေ အများကြီးဖြစ်လာပါတော့တယ်။ ဒီတံဆိပ်ကပ်ယဉ်ကျေးမှုကြောင့် ပြည်သူအများစုဟာ အချင်းချင်း သံသယ မျက်လုံးတွေနဲ့ သွေးကွဲနေကြတဲ့အချိန်မှာတော့ ဒီလိုမျိုးဖြစ်အောင် စနစ်တကျ ပုံဖော်ခဲ့သူ လူတစ်စုကတော့ ဒီဖြစ်ရပ်တွေကို ဘီယာသောက်အမြည်းစားရင်း ရယ်ရယ်မောမောကြည့်နေမှာ သေချာပါတယ်။
တကယ်တော့ နိုင်ငံရေးဟာလည်း အရေးကြီးပါတယ်။ အမျိုးသားရေးဟာလည်း အရေးကြီးပါတယ်။ ဘာသာ၊ သာသနာ ကာကွယ်ရေးဟာလည်း အရေးကြီးပါတယ်။ နိုင်ငံရေးကို ကိုယ်ကျိုးအတွက် ခုတုံးလုပ်နေကြသူတွေ၊ အမျိုးသားရေးကို မိမိတို့ဆွေမျိုးရေးအတွက်လောက် အသုံးချနေသူတွေ၊ ဘာသာ သာသနာကို ကာကွယ်ဟန် ပြပြီး ဘာသာရေးအဓိကရုဏ်းဖြစ်စေလိုသူတွေကြောင့်သာ ဒီခေါင်းစဉ်တွေဟာ နာမည်ပျက်နေကြရရှာတာပါ။ တံဆိပ်ကပ်ယဉ်ကျေးမှု ထွန်းကားလာလေတော့ လူတစ်ယောက်ဟာ ခေါင်းစဉ်တစ်ခုအောက်ကို ဝင်သွားမိပြီဆို ရင် အဲ့ဒီခေါင်းစဉ်အောက်မှာ လုပ်စားနေသူတွေနဲ့ တစ်ဂိုဏ်းထဲလို့ သတ်မှတ်ခံရတော့တာပါပဲ။ အမျိုးသားရေး ချစ်ပါတယ်ဆိုရင် NLD ထောက်ခံသူတွေနဲ့ အတိုက်အခံဖြစ်ကြရပါတယ်။ ဘာသာ သာသနာကို စိတ်ရင်းနဲ့ ချစ်မြတ်နိုးမိပြီဆိုရင်လည်း အစွန်းရောက် အတွေးအခေါ်သမားအချို့က အမျိုးသားရေး အသုံးချသမား အချို့နဲ့ တစ်ဂိုဏ်းတည်းထားပြီး တိုက်ခိုက်ကြပြန်ပါတယ်။ ဒီတော့ ပြည်သူတွေအကြား နိုင်ငံရေးအယူအဆတွေဟာ ကြာလေညှိမရလေဖြစ်လာပါတော့တယ်။
တံဆိပ်ကပ်ယဉ်ကျေးမှု ထွန်းကားလာလေတော့ ပညာရှင်တွေဟာလည်း ထောက်ပြပြောဆိုမှုတွေ လုပ်ဖို့ ရွံ့တွန့်တွန့်ဖြစ်သွားကြပါတော့တယ်။ သူတို့အယူအဆနဲ့ သွေဖည်ပြီး ထောက်ပြပြောဆိုမိတာနဲ့ အဲ့ဒီပညာရှင်ကို မြောင်းထဲရောက်သွားအောင် တွန်းချပစ်ကြလေတော့ ပညာရှင်တွေဟာလည်း သူတို့ရဲ့ ပုံရိပ်အထိခိုက်ခံပြီး မထောက်ပြရဲကြတော့ပါဘူး။ အမုန်းမခံရဲကြတော့ပါဘူး။ သစ္စာဖောက်အဖြစ် မခံနိုင်ကြတော့ပါဘူး။ အနီးဆုံး ဥပမာကတော့ ကျောင်းသားသပိတ်ကိစ္စပါပဲ။ ပညာရှင်အများစုဟာ ကျောင်းသားသပိတ်ဖြိုခွဲခံရမယ့် အနေအထားကို ခန့်မှန်းနိုင်ခဲ့ကြပါတယ်။ ဘယ်လိုအလုပ်သင့်ဆုံးဆိုတာလည်း သုံးသပ်မိထားကြပါတယ်။ ဒါပေမဲ့ ဘယ်ပညာရှင်မှ ကျောင်းသားသပိတ်ကိစ္စကို ဆန့်ကျင်ဘက်အမြင်နဲ့ သုံးသပ်ကြံပြုတာမျိုး မလုပ်ခဲ့ ကြပါဘူး။ မလုပ်ရဲခဲ့ကြပါဘူး၊ သွေးဆူနေတဲ့သူတွေရဲ့ တ့ဆိပ်ကပ်ခံရမှာကို ရွံ့တာမို့ ရေလိုက်ငါးလိုက်သာ နေခဲ့ကြရပါတယ်၊ အကျိုးဆက်ကတော့ ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရတာပဲ ဖြစ်ပါတယ်။ ဒီတော့ ဒီတံဆိပ်ကပ်ယဉ်ကျေးမှုကြီးသာ အရိုးစွဲသွားရင်တော့ မြန်မာနိုင်ငံကြီးဟာ ဒီမိုကရေစီတိုင်းပြည် ထူထောင်ဖို့ အတွက် ဝေးလွန်းမကဝေးနေဦးမှာဖြစ်ပြီး ချင့်ချင့်ချိန်ချိန် သုံးသပ်နိုင်တဲ့ ပညာရှင်တွေရဲ့ ကောင်းမွန်တဲ့ အကြံဉာဏ်တွေကိုလည်း အပြည့်အဝရရှိနိုင်မှာ မဟုတ်တာကြောင့် ထစ်ခနဲ့ဆို တံဆိပ်ကပ်တတ်တဲ့ အလေ့အထကို လျော့ချကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ကိုရူပ(ပဲခူး)



Viewing all articles
Browse latest Browse all 2129

Trending Articles