အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့ IS သည် အကြမ်းဖက်လုပ်ငန်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိရာ အီရတ်နိုင်ငံ၌ ခရစ်ယာန်ဘာသာဝင်အများစု နေထိုင်သည့် ဘက်ကီဒီယာမြို့ရှိ နှစ်ပေါင်း ၁၆၀၀ သက်တမ်းရှိသော မာဘန်ဟန် ခရစ်ယာန်ဝတ်ပြုဘုရားကျောင်းတစ်ခုကို ဗုံးခွဲဖျက်ဆီးခဲ့ပြန်ကြောင်း သိရသည်။
အီရတ်နိုင်ငံတွင် IS အဖွဲ့များသည် ၄င်းတို့သိမ်းပိုက်ထားသည့် နယ်မြေအများစုတွင် စိတ်တိုင်းကျ ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိပြီး ယခုတစ်ခေါက်ဖောက်ခွဲမှုကြောင့် ကြီးမားသည့် ပေါက်ကွဲမှုကြီးဖြစ်သွားခဲ့ပြီး ယခင်က ခမ်းနားထည်ဝါသော ဘာသာရေးအဆောက်အအုံကြီးသည် ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် အုတ်အပိုင်းအစ အပျက်အစီးများသာ ကျန်ရှိတော့သည်ဟု သိရသည်။
ထို့အပြင် IS အဖွဲ့မှ ဘာသာရေးအဆောက်အအုံများကို ဖျက်ဆီးမှုများကြောင့် အီရတ်နိုင်ငံ၌ ယဉ်ကျေးမှု အမွေအနှစ်များ မရှိသလောက် ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်းလည်း နိုင်ငံတကာသတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။ ယင်းဘုရားကျောင်းမှ တရားဟောဆရာများနှင့် ဘာသာရေးဝန်ထမ်းများလည်း နီးစပ်ရာ ခရစ်ယာန်ရွာများသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်းလည်း သိရသည်။
Ref;BBC