ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေကြမ်းမှာ ယာယီသက်သေခံလက်မှတ် White Card ကိုင်ဆောင်သူတွေ မဲပေးခွင့်ရှိတယ်လို့ သမ္မတနဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို လက်မခံသူ အတော်များများ ရှိနေကြတာပါ။
ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူတွေဟာ နိုင်ငံသားတွေ မဖြစ်သေးတဲ့အတွက် မဲပေးခွင့်တွေ မရှိသင့်ဘူးလို့ အငြင်းပွားမှုတွေ ရှိနေပါတယ်။ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူအများဆုံးရှိတဲ့ ရခိုင်ပြည်နယ်အတွင်းက ရခိုင်လူမျိုးအများစုကလည်း မွတ်စလင်လူနည်းစုတွေအနေနဲ့ အခုလို အခွင့်အရေး ပေးမယ့် အခြေအနေကို လက်မခံနိုင်ဘဲ ကန့်ကွက်မှုတွေလည်းရှိနေတာပါ။
ရခိုင်ပြည်နယ်ရဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်းကတော့ အခုကိစ္စနဲ့ပတ်သက်ပြီး သူက “သူရဲ့ဥပဒေနဲ့ ဥပဒေမှာပါတဲ့အပြင်ကို လွှတ်တော်က အတည်ပြုတာဆိုတော့ ကျွန်တော်တို့က ပြန်ပြီးချေပဖို့ဆိုတဲ့ အနေအထားမှာတော့ နည်းနည်းတော့ ခက်တာပေါ့နော်။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် တယောက်အနေနဲ့ ပြောရရင်တော့ ကျွန်တော်ရဲ့ ရခိုင်ပြည်နယ်က ရခိုင်ပြည်သူ ပြည်သားတွေ ဒါနဲ့ပတ်သက် လို့ ဒါကတော့ စိတ်ထဲမှာတော့ ခံစားမှုရှိတယ်ဆိုတာကို သိရတဲ့အတွက် ကျွန်တော်အနေနဲ့ အဆင်ပြေအောင် ပဲလုပ်သွားရမယ့်သဘောတော့ ရှိတာပေါ့နော်။ ကျွန်တော်ကလည်း တဖက်က ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်နေတော့ ရခိုင်တိုင်းရင်းသားများရဲ့ အမျိုးသားရေးကိစ္စနဲ့ ဆက်စပ်တာဖြစ်တော့ ကျွန်တော် ကတော့ သမာသမက်ကျကျနဲ့ပဲ ဥပဒေဘောင်အတွင်း ရပ်တည်ပြီး အကောင်းဆုံး ကျော်လွှားနိုင်အောင် တော့ ကျွန်တော်ဆောင်ရွက်ရမှာပေါ့”
အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာနိုင်ငံအတော်များများမှာ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူတွေ အနေနဲ့ မဲပေးခွင့်တွေ မရှိဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က ပြောပါတယ်။
မြန်မာ့အရေး လေ့လာအကဲဖြတ် ဦးဘိုဘိုကျော်ငြိမ်းကတော့ အခုလို ယာယီသက်သေခံလက်မှတ်ကိုင်ဆောင် သူတွေကို မဲပေးခွင့်ရှိတယ်လို့ ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် လက်မခံနိုင်ဘူးလို့ သူက ပြောပါတယ်။
“ဦးကတော့ ဒါကို လက်မခံနိုင်ဘူး၊ ဘယ်သူပဲထောက်ခံထောက်ခံ ရှင်းရှင်းပြောရရင်တော့ ဒီဟာက ဘာလဲဆိုတော့ ဘယ်နိုင်ငံမဆို ယာယီဖြစ်နေတဲ့သူသည် ဘယ်တော့မှာ ကွာခြားချက်က တိုင်းရင်းသားနဲ့ နိုင်ငံသားနဲ့ ကွာတာက အဲဒါပဲ။ နိုင်ငံရေးဖိအားပေးမှုကြောင့်လို့ပဲ ယူဆတယ်။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် လုံးဝ သဘောမကျဘူး။ အဲဒီအတွက် ကျမ်းကျိန်တာမရှိသေးတဲ့လူကို သူတို့က ယာယီပဲ သဘောထားတယ်။ သစ္စာခံယူလို့ သဘောမထားဘူး။ တိုင်းပြည်အပေါ် သစ္စာမခံဘဲနဲ့ ဘယ်သူ့ကိုမှ မဲပေးခွင့်မရှိဘူး”
ဖေဖော်ဝါရီ ၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွေအတွင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေကြမ်းလို့ အမည်ပေးထားတဲ့ ဒီဥပဒေကြမ်းကို အကြိတ်အနယ် ဆွေးနွေးခဲ့ကြတာပါ။ အဲဒီဥပဒေကြမ်းထဲက အချက်တချက်ဖြစ်တဲ့ ဒီယာယီသက်သေခံကတ် ကိုင်ောဆင်သူ တွေ မဲပေးခွင့်ရှိတယ်လို့ လွှတ်တော်က ဆုံးဖြတ်ချက်ကို ကန့်ကွက်နေကြတာလည်း ဖြစ်ပါတယ်။
သမ္မတရဲ့ သဘောထားမှတ်ချက်အပါအဝင် ပြည်ထောင်စုလွှတ်တော်ရဲ့ မဲခွဲဆုံးဖြတ်ချက်အရ White Card ကိုင်ဆောင်သူတွေ မဲပေးခွင့်ရှိတယ်ဆိုတဲ့အချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်နေတယ်လို့ ရခိုင်အမျိုးသား ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။
ရခိုင်ပြည်နယ် အစိုးရဘက်ကတော့ အခုလို White Card ကိုင်ဆောင်သူတွေ မဲပေးခွင့်ရှိတယ်လို့ ဆုံးဖြတ်ချက် ရှိပေမယ့် သူတို့အနေနဲ့ နိုင်ငံသားတွေဖြစ်လာဖို့ကတော့ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ပဲ ဆုံးဖြတ်မှာဖြစ်တယ်လို့ တော့ပြောဆိုထားပါတယ်။
ရဲအောင်ကျော်