မန္တလေး၊ ဇန်နဝါရီ ၁၉
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဆ ရပ်ကွက်ရှိ နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို (၁၉.၁.၂၀၁၅)ရက်နေ့၊ ညနေ (၅း၀၀)နာရီအချိန်၊ ဆ ရပ်ကွက်၊ ဂျပန်ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အသင်းတာဝန်ရှိသူများဖြစ်ကြသည့် အရှင်ဇဝန (နာယက)၊ ဒေါ်ကြည်ကြည်မာ (ဒု ဥက္ကဋ္ဌ)၊ ဒေါ်ကြင်ကြင်မြိုင် (အတွင်းရေးမှူး)တို့တက်ရောက်ကြပြီး အတွင်းရေးမှူး ဒေါ်ကြင်ကြင်မြိုင်မှ အသိပညာပေး ဟောပြောခဲ့ပါသည်။ ဟောပြောပွဲပြီးနောက် ငွေစုပတ်ပြည့်သည့်အသင်းဝင် (၅၅)ဦးတို့အား (၅)သောင်းကျပ်စီ ထုတ်ပေးခဲ့ပါသည်။
ဆ ရပ်ကွက်နဂါးနီစုဘူးသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် စုဘူးများအနက် ပထမဦးဆုံး စုဘူးဖြစ်ပြီး ဆရာတော်မှ (၁.၉.၂၀၁၄)ရက်နေ့တွင် ဦးရေ (၅၀)အတွက် (၅)သောင်းကျပ်စီ (၂၅)သိန်းမတည်၍ တည်ထောင်ပေးခဲ့သည်ဟု သိရပါသည်။
နဂါးနီစုဘူး၏ ငွေချေးစနစ်မှာ (၅)ကျပ်တိုးဖြစ်ပြီး အတိုး(၅)ကျပ်ထဲမှ (၂)ကျပ်ကို စုဘူးအသင်းဝင်များအတွက် ကျန်းမာရေးရန်ပုံငွေ၊ (၃)ကျပ်ကို စုဘူးငွေတိုးချဲ့ထုတ်ပေးရန်နှင့် အသင်းဝင်သစ်များ တိုးချဲ့လက်ခံရန် စီးပွားရေးရန်ပုံငွေအဖြစ် စုဆောင်းပေးသည်ဟု သိရပါသည်။
ယနေ့အချိန်တွင် ဆ ရပ်ကွက်၌ အသင်းဝင်ဦးရေ (၂၀၉)ဦးအထိတိုးလာပြီး (၁)သိန်းတန်း (၇၇)ဦးနှင့် (၅)သောင်းတန်း (၁၃၂)ဦး ဖြစ်ပါသည်။ ဆရာတော်အနေဖြင့် ရပ်ကွက်တခုအတွက် သိန်း(၁၀၀)အထိ မတည်လှူဒါန်းသွားရန် ရည်ရွယ်ထားကြောင်းလည်း သိရပါသည်။
ဝီရခေမိန် (နဂါးနီစုဘူးသတင်းထောက်)
===========================================================
“နဂါးနီစိတ်ဓာတ်”
အတိုးပေါ် အတိုးဆင့်၊ အတိုးနှင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
အသောက်အစား၊ အပျော်ပါး၊ လောင်းကစားရှောင်ကြင်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြလေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။
(ဝီရသူ-မစိုးရိမ်)