မောင်တော၊ ဇန်နဝါရီ ၁၄
မူးယစ်ဆေးဝါး၊ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးရန်သွားသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များအား ဘင်္ဂါလီများက တုတ်များကိုင်ဆောင်ပြီး အုပ်စုလိုက် ခဲများဖြင့် ပစ်ပေါက်ရန်ပြုခဲ့သဖြင့် သေနတ်ပစ်ဖောက် လူစုပွဲခဲ့ရသည့်ဖြစ်စဉ်တစ်ခု မောင်တောမြို့အနီးရှိ မောင်နီကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။
ဇန်နဝါရီ ၁၂ ရက် ည ၆ နာရီခန့်တွင် မောင်နီကျေးရွာအနောက်ဘက်လယ်ကွင်းနှင့် မြို့မတောင်ရပ်ကွက်ကြား တွင် ဘင်္ဂါလီများ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် ဖဲလောင်းကစားခြင်းပြုလုပ်နေကြောင်း သတင်းအရ သွားရောက် ဖမ်းဆီးခဲ့ရာ ဖဲလောင်းကစားနေသူများက ပုစွန်ကန်အား ဖြတ်ကျော်ထွက်ပြေးခဲ့ကြပြီး ဖဲလောင်းကစားသူ ဘင်္ဂါလီတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ထွက်ပြေးသူများအား လိုက်လံ ဖမ်းဆီးစဉ် ပုစွန်ကန်တစ်ဖက်ရှိ ဘောလုံးကွင်း၌ ဘောလုံးကစားနေသူများနှင့် ကြည့်ရှုနေသူ ဘင်္ဂါလီ ၁၀၀ ခန့်က တုတ်များကိုင်ဆောင်ပြီး ရဲတပ်ဖွဲ့ဝင်များအား ကျောက်ခဲများဖြင့် ပစ်ပေါက်ရန်ပြုခဲ့သဖြင့် သေနတ်နှစ်ချက်ခန့် သတိပေးပစ်ဖောက် သော်လည်း ရပ်တန့်ခြင်းမရှိဘဲ ထပ်မံ၍ ခဲများဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့သဖြင့် နောက်တစ်ကြိမ်ပစ်ခတ်ခဲ့ရာ ဘင်္ဂါလီတစ်ဦး၏ ခြေထောက်တွင် ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီးနောက် လူစုကွဲသွားခဲ့ကြောင်း သိရသည်။
အဆိုပါဒဏ်ရာရရှိသူများအား မောင်တောဆေးရုံတွင် ကုသလျက်ရှိပြီး ရဲတပ်ဖွဲ့ဝင်များကို ရန်ပြုတိုက်ခိုက်သူ များအား ဖော်ထုတ်ကာ ပြစ်မှုပုဒ်မ ၃၅၃ အရ အမှုဖွင့်အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သားရွှေဦး(ကစ္ဆပ)
(15.1.2015 Daily Eleven သတင်းစာမှ ကူးယူဖော်ပြသည်။)