“လူသတ်မှုစစ်ဆေးသော ရဲတပ်ဖွဲ့ဝင်များနှင့် တရားခံဟုသံသယရှိသူများ ပစ်ခတ်မှုဖြစ်ပွားရာ ရဲတပ်ကြပ်ကြီး သေဆုံး”
အောင်သစ်လွင်၊ ရန်ကုန်။
ကျိုင်းတုံမြို့ကျေးရွာတစ်ရွာတွင် လူသတ်မှုသွားရောက်စစ်ဆေးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် တရားခံဟုသံသယရှိ သူများကြား သေနတ်ဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရဲတပ်ကြပ်ကြီး တစ်ဦးနှင့် အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ကျိုင်းတုံမြို့အရှေ့တောင်ဘက်မိုင်၂၀ခန့်အကွာရှိ မိုင်းနော့ ဖတကျေးရွာတွင် ဒီဇင်ဘာ ၁၁ ရက်ညနေက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အဆင့် ရဲအရာရှိတစ်ဦးက ပြောသည်။
“အဲဒီရွာမှာ လူသတ်မှုဖြစ်တယ်။ မသင်္ကာတဲ့လူတွေ၊ တရားခံတွေနေတဲ့ တဲပေါ်တက်ရှင်းတော့ သူတို့တွေက တူမီးသေနတ်တွေနဲ့ စပစ်တာ။ ကျွန်တော်တို့တပ်ဖွဲ့ဝင်တစ်ယောက်ကျတယ်။ ဒီဘက်က ပစ်ဖမ်းတော့ တစ်ယောက်ပြန်ရတယ်။ ငါးယောက်ဖမ်းပြီး စစ်ဆေးနေတယ်” ဟု အထက်ပါရဲအရာရှိကြီးက ပြောသည်။
သေဆုံးသူရဲတပ်ဖွဲ့ဝင်မှာ ကျိုင်းတုံမြို့မရဲစခန်းမှ အသက်(၃၀)နှစ်အရွယ် တပ်ကြပ်ကြီး ဖုန်းလှေဖြစ်ပြီး ဇနီးနှင့် ကလေးငယ်နှစ်ဦး ကျန်ရစ်ခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သတင်းရရှိသည်။
မိုင်းနော့ဖာတကျေးရွာ လူသတ်မှုကို စစ်ဆေးရန် ရဲတပ်ဖွဲ့ဝင်ခုနစ်ဦးနှင့် ပြည်သူ့စစ်အဖွဲ့မှ ၁၄ ဦး စုစုပေါင်း ၂၁ ဦးဖြင့် လုံခြုံရေးယူ၍ သွားခြင်းဖြစ်ပြီး အရေအတွက် အတည်ပြု၍ မရသေးသည့် ရွာသားများက သေနတ်ဖြင့် စတင် ပစ်ခတ်ခြင်းဖြစ်ကြောင်း ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ရဲအရာရှိတစ်ဦးက ပြောသည်။
မိုင်းနော့ဖာတကျေးရွာသည် လွယ်မွေမြို့သို့သွားသည့် ကားလမ်းမဘေးတွင်ရှိပြီး ဒေသခံအများစုက လက်လုပ်တူမီးသေနတ်များ ကိုင်ဆောင်ကြသောကြောင့် ဒေသတွင်းလုံခြုံရေး အန္တရာယ်စိုးရိမ်ရကြောင်း ကျိုင်းတုံမြို့မှ ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယင်းအမှုနှင့်ပတ်သက်၍ ဖမ်းဆီးထားသူငါးဦးအား လူသတ်မှု၊ ပူးပေါင်းကြံစည်မှုအပြင် လက်နက်မှုနှင့် မူးယစ်ဆေးမှုပါ တွဲ၍ အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် နှစ်ကလည်း ကျိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် မူးယစ်ဆေးတရားခံလာဖမ်းသည့် ရဲတပ်ဖွဲ့ဝင်များကို တူမီးသေနတ်နှင့်ပစ်ကာ ဓားပြဖင့်ခုတ်သောကြောင့် ရဲတပ်ဖွဲ့ဝင်လေးဦး ဒဏ်ရာခဲ့သည်။