“ခရီးသည်တင်ယာဉ် ဓားပြတိုက်မှု ဝင်ကယ်သော လက်နက်ကိုင်တပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရသေဆုံး”
ငြိမ်းချမ်း၊ စိုးမိုးအောင်၊ ရန်ကုန်။
ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် အောင်ရတနာခရီးသည်တင်ယာဉ်အား လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့က ဓားပြတိုက်ရာတွင် ဝင်ရောက်ကယ်တင်ရန် ကြိုးပမ်းသော ကေအင်န်ယူ၊ ကေအင်န်အယ်လ်လေ တပ်မဟာ(၄)မှ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးတို့မှာ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၁၀ ရက်ည ၆နာရီခွဲက ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်အပိုင် မိုင်တိုင် ၇၉ တွင် အောင်ရတနာခရီးသည်တင်ယာဉ်အား လက်နက်ကိုင်ဆောင်ထားသော လူဆယ်ဦးခန့်က ဓားပြတိုက်မှု ဖြစ်ပွားခဲ့သည်။
ထိုအချိန်တွင် ကေအင်န်ယူတပ်မဟာ(၄)၊ တပ်ရင်း(၁၀)မှ ဗိုလ်စောခင်ဝင်းနှင့် တပ်သားတစ်ဦးတို့သည် ၄င်းတို့၏ ကားဖြင့် ဓားပြတိုက်ရာအနီးသို့ ရောက်လာပြီး ဓားပြတိုက်နေသည်ကို တွေ့၍ ဗိုလ်စောခင်ဝင်းက လက်နက်ငယ်ဖြင့် လှမ်းပစ်လိုက်ရာ ဓားပြတိုက်နေသော တပ်ဖွဲ့က ပြန်လည်ပစ်ခတ်သဖြင့် ဗိုလ်စောခင်ဝင်းနှင့် တပ်သားတစ်ဦးတို့ သေဆုံးသွားခြင်းဖြစ်သည်။
“ဓားပြတိုက်ခံရတာ ဟုတ်ပါတယ်။ ခရီးသည်တွေ ဘာမှမဖြစ်ပါဘူး။ နောက်နေ့ မနက်အစောကြီးမှပြဲ ရန်ကုန်ကိုဆိုက်ပါတယ်” ဟု အောင်ရတနာယာဉ်လိုင်း(ရန်ကုန်ဂိတ်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အောင်ရတနာခရီးသည်တင်ယာဉ်တွင် ခရီးသည် ၄၅ဦးပါရှိပြီး ဓားပြတိုက်ခံရမှုကြောင့် ခရီးသည်များထံမှ လက်ဝတ်ရတနာများ၊ ငွေများနှင့် လက်ကိုင်ဖုန်းများပါသွားကြောင်း ကလိန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အောင်ရတနာခရီးသည်တင်ယာဉ် ဓားပြတိုက်ခံရမှုတွင် ခန့်မှန်းတန်ဖိုး ကျပ် ၂၇ သိန်းခန့်ပါသွားကြောင်း ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများအရ သိရသည်။
“ခရီးသည်တစ်ဦးထံက ရွှေတွေါ့သွားတယ်ပြောတယ်။ ဘယ်လောက်ပါသွားတယ်။ စာရင်းအတိအကျက မရသေးပါဘူး။ ဖြစ်စဉ်က ဓားပြတိုက်နေတုန်းမှာ ကေအင်န်ယူက ကားအဖြူတစ်ဏီးက ဓားပြတိုက်တဲ့နေရာကို ရောက်လာတယ်။ အဲဒီမှာ အပြန်အလှန် ပစ်ကြတာလို့ သိရပါတယ်။ တပ်သားတစ်ယောက်ကတော့ နေရာမှာပဲ သေသွားတယ်။ ဗိုလ်တစ်ယောက်ကတော့ ဆေးရုံကျမှ သေတာ” ဟု အဆိုပါရဲအရာရှိက ပြောသည်။
ဓားပြတိုက်မှုဖြစ်စဉ်ကို အမှုဖွင့်ထားကြောင်း ၄င်းကဆက်ပြောကြားသည်။
“ကားပေါ်တက်လာတာက သုံးယောက်တည်းပါ။ အောက်မှာလည်း ရှိသေးတယ်။ ခရီးသည်တွေကို အောက်ကိုဆင်းခိုင်းပြီး ဖုန်းနဲ့ပစ္စည်းတွေကို ပုဆိုးတစ်ခုထဲ ထည့်ခိုင်းတယ်။ ပြီးတော့နောက်မှာ သေနတ်ပစ်သံတွေကြားနေရတယ်။ ဘာဖြစ်မှန်းမသိဘူး။ ပြီးတော့ ခရီးသည်တွေကို ကားပေါ်တက်ခိုင်းပြီး ကားကိုဆက်မောင်းခိုင်းတယ်။ ခရီးသည်တွေ ဘာမှမဖြစ်ပါဘူး” ဟု ဓားပြတိုက်ခံရသည့် အောင်ရတနာ ကားပေါ်တွင် လိုက်ပါခဲ့သော ခရီးသည်တစ်ဦးကပြောသည်။
ဓားပြတိုက်မှုဖြစ်ပွားခဲ့သော တနင်္လာရီတိုင်းနှင့် မွန်ပြည်နယ်အစပ်တွင် လက်နက်ကိုင်များက ဓားပြတိုက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း မွန်ပြည်သစ်ဖွံ့ဖြိုးရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး M သိုက်ဆာန်က ပြောသည်။
“အဲဒီအနားမှာ မကြာခဏ ဓားပြတိုက်မှုတွေဖြစ်တယ်။ ကျွန်တော်သိသလောက် အဲဒီနေရာမှာ လက်နက်ကိုင် တပ်ဖွဲ့ နှစ်ဖွဲ့ရှိတယ်။ အခုလည်း ဓားပြတိုက်တာကို ဝင်ကယ်တဲ့ ကေအင်န်ယူတပ်က နှစ်ယောက် သေသွားတယ်။ ကျွန်တော်တို့တပ်ဖွဲ့က ကျွန်တော်တို့အပိုင်ကနေ နယ်မြေရှင်းလင်းရေးတွေ လုပ်နေပါတယ်” ဟု ဒုဗိုလ်မျူးကြီးMသိုက်ဆာန်က ပြောသည်။