အမျိုးစောင့်ဥပဒေတော်ကြီး၌ ပါဝင်သော ဥပဒေခွဲလေးရပ်တွင် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေတစ်ရပ် ရှိပါသည်။ ၎င်းဥပဒေ လိုအပ်ခြင်းမှာ တိုင်းရင်းသူလေးများ လိမ်လည်လှည့်စားခံနေရခြင်းကြောင့်ဖြစ်ပါသည်။ လိမ်လည် လှည့်စား ခံရလောက်အောင်လည်း တိုင်းရင်းသူများ၌ အားနည်းချက်များရှိနေပါသည်။ ထိုအားနည်းချက်မှာ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း မရှိခြင်းပင်ဖြစ်ပါသည်။ မှန်ပါသည်။ တိုင်းရင်းသူများသည် ရိုးအကြပါသည်။ အယုံလွယ် တတ်ကြပါသည်။ အားနာတတ်ကြပါသည်။ ခင်မင်တတ်ကြပါသည်။ သံယောဇဉ်ကြီးတတ်ကြပါသည်။ လူတိုင်းကို မိမိလိုပင် ရိုးသားဖြူစင် သည်ဟု ထင်မှတ်ကြပါသည်။ ထို့ကြောင့် ရန်သူမိတ်ဆွေ မခွဲခြားတတ်ကြပါ။ အကြံအစည်ကြီးမားသူတို့၏ အဓိကပစ်မှတ်ထားရာ သားကောင်များသဖွယ်ဖြစ်ခဲ့ကြရပါသည်။
ဗမာမဟုတ်ပါဘဲ ဗမာယောင်ဆောင်၍ ပိုးပန်းသူများနောက် လိုက်သွားပြီးမှ မျက်ရည်ကြီးငယ်ကျခဲ့ရပါသည်။ ဗုဒ္ဓဘာသာဝင်မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင်ယောင်ဆောင်၍ ပိုးပန်းသူများနောက် လိုက်သွားပြီးမှ အတိဒုက္ခရောက်ကြရ ပါသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နတ်ချောင်းအုပ်စု၊ ကျားမင်းရွာမှ မဝါဝါမြင့်သည် မူဆလင်ဟူသော ဝေါဟာရ၊ အစ္စလာမ်ဟူသော ဘာသာတရားအကြောင်းကို မကြားဖူး၊ မသိဖူးသော တောသူမလေးဖြစ်ပါသည်။ ကလေးမြို့နှင့် အင်မတန်ဝေးလံ တောကျသော ရွာခေါင်ရွာသိမ်လေးမှာ နေထိုင်သော ဗမာမိန်းကလေး ဖြစ်ပါသည်။ ကလေးမြို့ ဘုရားပွဲသွားရာမှ ဦးကျော်ဝင်းဆိုသူနှင့် တွေ့ဆုံခဲ့ပါသည်။ ဦးကျော်ဝင်းက ဘုရားလည်းရှိခိုးပါသည်။ ပန်း-ဆီမီး-နံ့သာ စသည်တို့ကိုလည်း ဝယ်ပေးပါသည်။ မဝါဝါမြင့်က ဗမာ/ဗုဒ္ဓ ထင်ပြီး လက်ခံလိုက်ပါသည်။ ကလေးမြို့မှာ အိမ်ငှားနေကြပါသည်။ သုံးလပြည့်သောအခါ ဘုရားပုံများ၊ တရားစာအုပ် များ လွှင့်ပစ်ခိုင်းပြီး အစ္စလာမ်ဘာသာဝင်ထဲ ဇွတ်သွင်းပါသည်။ နေကာဟ်ဖတ်ကြပါသည်။ ခေါင်းမြီးခြုံခိုင်းပါ သည်။ မခြုံနိုင်ဘူးပြောသည့်အခါ ရိုက်နှက် နှိပ်စက်ခံရပါသည်။ ဥပုသ်ခိုးစောင့်သည်ကို သိသွားသည့်အခါ ခြောက်လသားကိုယ်ဝန် ပျက်ကျသွားသည်အထိ အနှိပ်စက်ခံခဲ့ရပါသည်။ ထိုအခါကျမှ မူဆလင်(အစ္စလာမ် ဘာသာဝင်)၏ အဓိပ္ပါယ်ကို သိရှိလိုက်ရပါသည်။ ဦးကျော်ဝင်း၏ အမည်ရင်းမှာ ရန်မဇန်းဖြစ်ပါသည်။
လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေပေါ်ပေါက်လာလျှင် ဗမာမဟုတ်ဘဲ ဗမာယောင်ဆောင်၍ လှည့်စားခြင်းမျိုး ကျူးလွန်ခွင့်မရှိတော့ပါ။ ဗုဒ္ဓဘာသာဝင်မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင်ယောင်ဆောင်၍ လှည့်စားခြင်းမျိုး ကျူးလွန်ခွင့်မရှိတော့ပါ။ တိုင်းရင်းသူအားလုံး လိမ်ညာလှည့်စားခြင်းဘေးဒုက္ခများ လွတ်ကင်းရခြင်းအကျိုးရှိပါသည်။
ထို့အပြင် ဘာသာခြားမှန်းလည်းသိသည်။ လူမျိုးခြားမှန်းလည်းသိသည်ဖြစ်ပါလျက် မိန်းကလေးက မပြတ်နိုင် မခွဲနိုင်ဖြစ်နေလျှင်လည်း မိန်းကလေးက လင့်အလို လိုက်၍ လင့်အကြိုက်ဆောင်ကာ လင့်ဘာသာသို့ စိတ်မပါဘဲ ကူးပြောင်းစရာမလိုအောင် အကာအကွယ်ပေးထားပါသည်။ မိခင်ဘာသာကို စွန့်လွှတ်မှ တရားဝင်မယားဖြစ်မည် ဆိုသည်မျိုး၊ အကျိုးခံစားခွင့်ရမည်ဆိုသည်မျိုးဖြင့် အကြပ်ကိုင်ခံရခြင်းများ မဖြစ်ပေါ်ရလေအောင် စီမံပေးထားပါသည်။
မိန်းကလေးသာမဟုတ်ဘဲ မိန်းကလေး၏ ရင်သွေးများ မျိုးဆက်များကိုလည်း ကိုယ်ယုံကြည်ရာ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရရှိအောင်၊ ကိုယ်မြတ်နိုးရာ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ကျင့်သုံးခွင့်ရရှိအောင် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေက တောင်းဆိုပေးထားပါသည်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ လန်ဒန်ဝင်းရပ်ကွက်၌ ဗမာကောင်လေးနှင့် မူဆလင်မလေးတို့ မင်္ဂလာဆောင်ပွဲ ကျင်းပကြပါသည်။ သတို့သားက ကုလားလိုဆောင်သည်ကို သဘောတူပါသည်။ သတို့သမီး က ဗမာလိုဆောင်သည်ကို သဘောတူပါသည်။ နှစ်ဦးလုံးမှာ ပြဿနာမရှိပါ။ နှစ်ဖက်မိဘများက အပြန်အလှန် ကန့်ကွက်ကြပါသည်။ ရပ်ကွက်တွင်းမှာ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြပါသည်။ ကောင်မလေးမိဘများက နေကာဟ်ဖတ်ရမှ လက်ခံမည်တကဲကဲလုပ်သောအခါ ကောင်လေးမိဘများက ကောင်လေးကို ဘုန်းကြီးကျောင်းပို့လိုက်ပါသည်။ နာရီပိုင်းသာလိုတော့သော မင်္ဂလာဧည့်ခံပွဲ ပျက်လုနီးပါးဖြစ်သွားပါသည်။ ထိုအခါကျမှ ကုလားလိုလည်းမဆောင်ရ၊ ဗမာလိုလည်းမဆောင်ရ၊ ဧည့်ခံကျွေးမွေးရုံသာ ပြုလုပ်ဖို့ သဘောတူလိုက်ကြရပါသည်။ ခရိုင်တရားရုံးသို့တက်၍ ဆွေစဉ်မျိုးဆက် လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုမည် ဖြစ်ကြောင်း လက်မှတ်ရေးထိုးကာ လက်ထပ်စာချုပ် ချုပ်ဆိုကြရပါသည်။
လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေဆိုလျှင် ဤသို့သော ဘာသာရေး လူမျိုးရေးဆိုင်ရာ အငြင်းပွားမှုများ မဖြစ်ပေါ်တော့ပါ။ တစ်ဦးဘာသာတရားကို တစ်ဦးအသိအမှတ်ပြုခြင်း တန်ဖိုးထားလေးစားခြင်းများ ဖြစ်ထွန်း လာမည်ဖြစ်ပါသည်။ ဘာသာပေါင်းစုံ လူမျိုးစုအားလုံး ချစ်ကြည်ရင်းနှီးမှုများ တိုးပွားလာမည်ဖြစ်ပါသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မည်ဖြစ်ပါသည်။
လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေသည် မိန်းကလေးများရွေးချယ်မှုကို ကန့်သတ်ချုပ်ချယ်ထားသော ဥပဒေမဟုတ်ပါ။ မိန်းကလေးများ အလှည့်စားမခံရအောင် ကာကွယ်ပေးထားသော ဥပဒေဖြစ်ပါသည်။ မိန်းကလေးများ လွတ်လပ်ခွင့်ကို ဖိနှိပ်ချုပ်ချယ်သော ဥပဒေမဟုတ်ပါ။ မိန်းကလေးများ လူ့အခွင့်အရေး မဆုံးရှုံးရအောင် အကာအကွယ်ပြုထားသော ဥပဒေသာဖြစ်ပါသည်။ ချစ်ခြင်းတရားကို ကန့်သတ်ထားခြင်း မဟုတ်ပါ။ ချစ်ခြင်းတရား၏ နောက်ကွယ်မှ အကြံဆိုးများ၊ နောက်ဆက်တွဲ ဆိုးကျိုးများကိုသာ တားဆီးထားခြင်းဖြစ်ပါသည်။
တိုင်းရင်းသူတိုင်းရင်းသားချင်း အိမ်ထောင်ကျသော မိန်းကလေးများ အိမ်ရှင်မအခွင့်အရေး အပြည့်အဝ ရသော်လည်း မူဆလင်နှင့်အိမ်ထောင်ကျသော မိန်းကလေးများသည် အိမ်ရှင်မအခွင့်အရေး လုံးဝမရခဲ့ကြပါ။ အကြောင်းမှာ ငွေထိန်းရခြင်း၊ ဈေးဝယ်ရခြင်းမျိုး မရှိသောကြောင့်ပင်။
မိခင်တစ်ယောက် ရသင့်ရထိုက်သည့်အခွင့်အရေးများလည်း မရကြပါ။ အကြောင်းကား သားသမီးများကို မိခင်က ကိုင်တွယ်ခွင့် ထိန်းကြောင်းခွင့် မရှိသောကြောင့်ပင်။
အမျိုးသမီးအခွင့်အရေးလည်းမရကြပါ။ အကြောင်းမှာ မိသားစုနှင့် အဆက်အသွယ်ဖြတ်ပစ်ရခြင်း၊ မိဘသေဆုံးသည့်အခါ၌အသုဘလိုက်ပို့ခွင့်မရခြင်း၊ ရက်လည်ဆွမ်းကပ်တရားနာ သွားခွင့်မရခြင်း၊ အိမ်နီးချင်းများနှင့် ရင်းနှီးစွာမနေရခြင်းတို့ကြောင့် ဖြစ်ပါသည်။
လူအခွင့်အရေးလည်း မရကြပါ။ အကြောင်းမှာ ခေါင်းမြီးမခြုံချင်ဘဲ ခြုံရခြင်း၊ အိမ်သို့ဧည့်သည်လာလျှင် ဧည့်မခံရခြင်း၊ ရဟန်းသံဃာများလာလျှင် ထွက်မတွေ့ရခြင်းတို့ကြောင့် ဖြစ်ပါသည်။
လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတစ်ရပ် သတ်သတ်မှတ်မှတ်ပေါ်ပေါက်လာလျှင် မတားသာ မဆီးသာ၍ ညားသည်ထားဦး မိမိသမီးပျိုလေးများ အဆိုပါအခွင့်အရေးများ ဆုံးရှုံးဖွယ်မရှိတော့ပါ။
လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေပေါ်ပေါက်လာလျှင် တစ်ဦးနှင့်တစ်ဦး ဘာသာရေး လူမျိုးရေးကို အကြောင်းပြုသည့် အငြင်းပွားမှုများ မပေါ်ပေါက်တော့ဘဲ ကိုယ့်စည်းနှင့်ကိုယ် နေထိုင်နိုင်ခြင်း အကျိုးရှိပါသည်။ အပြန်အလှန် တန်ဖိုးထားလေးစားကြကာ ချစ်ကြည်ရင်းနှီးမှုအပြည့်ဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ခြင်းအကျိုးရှိမည်ဖြစ်ပါသည်။
28.11.2014
AM 10:23