မန္တလေး၊ ဒီဇင်ဘာ ၃
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မာလကာခြံရပ်ကွက်ရှိ နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို မာလကာခြံရပ်ကွက်၊ ပြည်လုံးအံ့ဓမ္မာရုံ၌ (၃.၁၂.၂၀၁၄)၊ မွန်းလွဲ (၂း၀၀)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ နဂါးနီစုဘူးအသင်းနာယကဆရာတော် အရှင်ဇဝနအပါအဝင် အသင်းတာဝန်ရှိသူများဖြစ်ကြသည့် ဒေါ်ကြည်ကြည်မာ၊ ဒေါ်ကြင်ကြင်မြိုင်တို့ တက်ရောက်ကြပြီး အဝါရောင်မျိုးသစ်(Y.G.W)ဆရာတော် အရှင်ဝိစိတ္တနှင့် ဒေါ်ကြင်ကြင်မြိုင်တို့မှ အသိပညာများ ဖြန့်ဝေဟောပြောပေးခဲ့ပါသည်။ အရှင်ဝိစိတ္တမှ နမောတဿ အဓိပ္ပါယ် စသော ဘာသာရေးဆိုင်ရာ အခြေခံသိသင့်သည်များနှင့် ကလေးငယ်များအတွက် ဓမ္မစကူးလ်အရေးပါပုံ၊ ဗုဒ္ဓဘာသာ အခြေခံအသိပညာအားနည်း၍ ကမ္ဘာ့နိုင်ငံ အိမ်နီးချင်းနိုင်များ၌ ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရပုံများ၊ လက်ရှိမြန်မာနိုင်ငံ၌ စီးပွားရေးနှိမ့်ကျ၍ ကျန်မာရေး လူမှုရေး အသိပညာနှင့် ဘာသာရေးအခြေခံအသိပညာများပါ အားနည်းချွတ်ယွင်းနေကြရပုံများကို ဝေဝေဆာဆာ ဟောပြောပြီး ကြီးပွားရေး ဆောင်ပုဒ်ဖြစ်သည့် “ဓနဥစ္စာ၊ ပညာကုသိုလ်၊ ပွားစေလိုက၊ ချကိုပုံထား၊ ပျားကိုပုံပြု၊ ရရာစုလော။” မဃဒေဝလင်္ကာကို နှုတ်တိုက်ရွတ်ဆိုကာ စိတ်ဓာတ်ခွန်အားများ မြှင့်တင်ပေးခဲ့ပါသည်။
ယခုအပတ်သည် မာလကာခြံစုဘူးအသင်းဝင်များအတွက် (၈)ကြိမ်မြောက် စုဘူးငွေထုတ်ပေးခြင်းဖြစ်ပြီး အသင်းဝင် (၇၅)ဦးအတွက် တစ်ဦးလျှင် (၁)သိန်းကျပ်စီနှင့် (၃၀)ဦးအတွက် တစ်ဦးလျှင် (၅)သောင်းကျပ်စီ ထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
မာလကာခြံရပ်ကွက်ရှိ နဂါးနီအသင်းသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် စုဘူးများထဲမှ (၂)ခုမြောက်စုဘူးဖြစ်ပြီး (၁၇.၁၀.၂၀၁၃) ရက်နေ့တွင် ဦးရေ(၅၀)ဖြင့် စတင်တည်ထောင်ပေးခဲ့ရာ ယနေ့တွင် အသင်းဝင်ပေါင်း (၁၀၅)ဦးအထိ တိုးချဲ့ချေးပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။
ဝီရခေမိန် (နဂါးနီသတင်းထောက်)