ရန်ကုန်၊ ဒီဇင်ဘာ ၃
အမျိုးစောင့်ဥပဒေဟောပြောပွဲကို ခွင့်ပြုမိန့်မရဘဲ ပွဲစီစဉ်ပေးခဲ့သူ ကိုဇော်ဝင်းသည် ထောင်ဒဏ်(၁၅)ရက် ကျခဲ့ရာမှ ယနေ့ (၃.၁၂.၂၀၁၄)ရက်နေ့၊ မနက် (၈း၄၀)နာရီတွင် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထောင်မှလွတ်လာသည့်ကိုဇော်ဝင်းအား ထေရဝါဒဓမ္မကွန်ယက်၊ မြောက်ဥက္ကလာပမှ မျိုးချစ်ကွန်ယက်၊ သာကေတမှ မျိုးချစ်သွေးကွန်ယက်၊ မြောက်ဥက္ကလာပမှ အနာဂတ်အလင်း၊ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)နှင့် အမျိုးသားရေးရဟန်းရှင်လူများ အင်းစိန်ထောင်အထိ လာရောက်ကြိုဆိုကြပြီး မဘသအဖွဲဗဟို ရွာမစာသင်တိုက်သို့သွားရောက်ကာ ဆရာတော်များအား ဖူးမြော်ကန်တော့ခဲ့ပါသည်။ မဘသ(ဗဟို)မှ ဆရာတော် ဦးပါမောက္ခထံ ငါးသီလနှင့် သြဝါဒခံယူပြီး ကိုဇော်ဝင်း(ခ)မျိုးချစ်သူရဲကောင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ရှေ့နေကြီးဦးအေးပိုင်မှ ဥပဒေအကြောင်းအရာများ အသိပညာပေးရှင်းလင်းဟောကြားပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို၍ အခန်းအနားကို အောင်မြင်စွား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ကိုဇော်ဝင်းအား မြောက်ဥက္ကလာပမြို့နယ်တရားရုံးမှ (၁၉.၁၁.၂၀၁၄)ရက်နေ့တွင် အမိန့်ချခဲ့ခြင်းဖြစ်ပြီး (၁၁.၅.၂၀၁၄)ရက်နေ့တွင်ကျင်းပခဲ့သည့် အမျိုးစောင့်ဥပဒေဟောပြောပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ ခွင့်ပြုမိန့်ချမပေးဘဲ တာဝန်ယူစီစဉ်ခဲ့သည့်အတွက်ကြောင့် အရေးယူခံရခြင်းဖြစ်ပါသည်။ ၎င်းအမှုကို (၂၅.၅.၂၀၁၄)ရက်နေ့တွင် တရားရုံးမှာ စတင်ရင်ဆိုင်ရပြီး (၆)လအကြာ (၁၉.၁၁.၂၀၁၄)ရက်နေ့တွင် အမိန့်ချခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။