မန္တလေး၊ နိုဝင်ဘာ ၂၁
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဇ-ဇ ၃/၄ ကံသာယာရပ်ကွက်ရှိ နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းအခမ်းအနားကို (၂၁.၁၁.၂၀၁၄)ရက်နေ့၊ မွန်းလွဲ (၂း၀၀)နာရီအချိန်၊ ဇ-ဇ ၃/၄ ကံသာယာရပ်ကွက်ရှိ အောင်သုခဓမ္မာရုံအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အသင်တာဝန်ရှိသူများဖြစ်ကြသည့် အရှင်ဇဝန (နာယက)၊ ဒေါ်နှင်းပပ (ဥက္ကဋ္ဌ)၊ ဒေါ်ကြည်ကြည်မာ(ဒုဥက္ကဋ္ဌ)၊ ဒေါ်ကြင်ကြင်မြိုင်(အတွင်းရေးမှူး)တို့ အစုံအလင်တက်ရောက်ကြပြီး အတွင်းရေးမှူး ဒေါ်ကြင်ကြင်မြိုင်မှ စိတ်ဓာတ်ခွန်းအားမြှင့်တင်ရေးအသိအမြင် ဗဟုသုတများ ဟောပြောပေးခဲ့ပါသည်။
ဇ-ဇ ၃/၄ ကံသာယာရပ်ကွက်ရှိ နဂါးနီစုဘူးအသင်းဝင် (၆၅)ဦးရှိသည့်အနက် ငွေချေးပတ်ပြည့်သည့်(၅၀)ဦးတို့အား တစ်ဦးလျှင် (၅၀၀၀၀)ကျပ်စီ စုဘူးငွေထုတ်ပေးခဲ့ပါသည်။ ယခုအပတ်သည် တတိယအကြိမ်မြောက် ဖြစ်ပြီး နောက်တစ်ပတ် စတုတ္ထအကြိမ်မြောက်တွင် စည်းကမ်းချက်များနှင့် ကိုက်ညီသည့် အသင်းဝင်များအား (၅၀၀၀၀)ကျပ်စီထပ်တိုးပြီး တစ်ဦးလျှင် (၁)သိန်းကျပ်စီ ထုတ်ပေးမှာဖြစ်ကြောင်း သိရသည်။
ဇ-ဇ ၃/၄ ကံသာယာရပ်ကွက် နဂါးနီစုဘူးအသင်းသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် (၄)ခုမြောက်စုဘူးဖြစ်ပြီး ဆရာတော်မှ (၂၆.၇.၂၀၁၄)ရက်နေ့တွင် ဦးရေ (၅၀)ဖြင့် စတင်ဖွဲ့စည်းပေးခဲ့သည်ဟု သိရပါသည်။