29.10.2014 ကန်တော်ကြီးမှ မဟာဝိဟာရစေတီသို့ သွားရာလမ်းတစ်လျှောက်တွင် ရှေ့ပြေးဆိုင်ကယ်က လမ်းရှင်းပေးပါသည်။ စာရေးသူတို့ ယာဉ်တန်းက ရပ်စောင့်ရသည်ဟူ၍ မရှိပါ။ လမ်းခုလတ် တစ်နေရာရောက်သည့်အခါ ဗောဓုဗလစေနအဖွဲ့ အတွင်းရေးမှူးဆရာတော်လေး အရှင်ဉာဏစာရက ဖုန်းဆက်ပါသည်။ သူ့ကားနှင့်လိုက်ဖို့ပြောပါသည်။ ရှုခင်းတွေကြည့်ရှု့နိုင်စေဖို့ ရည်ရွယ်သည်ဟုဆိုပါသည်။ သူစီးသည့် ကားအမျိုးအစားကို သတိမပြုမိပါ။ ကားပေါ်မှာ ဆွေးနွေးတိုင်ပင်ချင်သော်လည်း အန္တရာယ်နှင့် ကြုံလျှင် နှစ်ပါးစလုံး ထိခိုက်နိုင်သောကြောင့် ဒုတိယဗိုလ်မှူးကြီးကားနှင့်ပင် အဆင်ပြေသည်ဟု အကြောင်းပြန် လိုက်ရပါသည်။
မနက် 10:00 ခန့်မှာ Palm Gorden Hotel ပန်းဥယျာဉ်ဟိုတယ်သို့ရောက်ပါသည်။ ဥယျာဉ်အကျယ်ကြီးထဲမှာ ဟိုတယ်ဆောက်လုပ်ထားခြင်းဖြစ်ပါသည်။ အတွင်းအသုံးအဆောင် ပရိဘောဂများသာ ခမ်းနားစွာပြင်ဆင်ထား ပြီး အဆောက်အဦးများကို အဖြူထည်အတိုင်းသာ ထားသည်ကိုတွေ့ရပေသည်။ စာရေးသူတို့ မြန်မာနိုင်ငံလို ပြောရလျှင် တောရကျောင်း တောရရိပ်သာတစ်ခုဟုပင် ဆိုနိုင်ပါသည်။
ကားပေါ်မှ ဆင်းသည်နှင့် အလှစိုက်မြက်ခင်းပြင်ပေါ်၌ ဧရာမဖွတ်ကြီးတစ်ကောင်ကို တွေ့လိုက်ရပါသည်။ လင်္ကာသားတို့က မထူးဆန်းသလို နေကြပါသည်။ လှည့်ပင်မကြည့်ကြပါ။ ဖွတ်ကြီးကလည်း လူအုပ်ကို မကြောက်ပါ။ စာရေးသူသာ အထူးအဆန်းဖြစ်ပြီး ဖွတ်ကြီးကို ကြည့်လျက် အံ့သြငေးမောနေမိပါသည်။
ဧည့်ကြိုဆောင်ရောက်သည့်အခါ ခြေဆေးပေးသူကပေး ခြေသုတ်ပေးသူကပေး၊ လက်အုပ်ချီ ကြိုဆိုသူကကြို ဆိုနှင့် ဘုရားလက်ထက်တော်ကိုပင် သတိရနေမိပါသည်။ ပိဋကတ်တော်လာ ယဉ်ကျေးမှုများ သီဟိုဠ်မှာ တည်ရှိနေဆဲဖြစ်သောကြောင့်တည်း။ မှန်ပါသည်။ ဘုရားလက်ထက်၌ ခြေဆေးရေ ခြေဆေးအင်းပျဉ်ဆို သည်များ ရှိခဲ့ပါသည်။ မြတ်စွာဘုရားက ခြေဆေးရင်းဖြင့်ပင် သြဝါဒစကားများ မြွက်ကြားတတ်ပါသည်။
စာရေးသူသည် မွန်းလွဲသည်မှစ၍ ညအိပ်ရာဝင်သည်အထိ ဖြေဖဝါးရေအထိမခံနိုင်ပါ။ မနက်ပိုင်းဆိုလျှင်လည်း ခြေမဝါးလေးတင် ကွက်၍ ရေးဆေးခြင်းမျိုးလည်း မပြုလုပ်ဖူးပါ။ မွန်းမတည့်ခင်ဖြစ်ခြင်း၊ ဘုရားယဉ်ကျေးမှုကို မြတ်နိုးခြင်း၊ အိမ်ရှင်ကို ချီးမြှောက်လိုခြင်းတို့ကြောင့် ခြေဆေးပေးသည်ကို လှိုက်လှဲစွာခံယူလိုက်ပါသည်။
ခြေဆေးပြီးသည်မှစ၍ ဖိနပ်မစီးကြတော့ပါ။ လုံခြုံရေးသမားလောက်သာ ဖိနပ်စီးကြပြီး၊ ရဟန်းတော်များရော ပြည်သူများပါ ဖိနပ်ချွတ်၍ လှည့်လည်ကြပါသည်။ ညအခါ တောဆင်းရိုင်းများပင် လာတတ်ကြောင်း၊ ဖြတ်သွားဖြတ်လာသာပြုလုပ်တတ်ပြီး ရန်မူလေ့မရှိကြောင်း ဆင်ခြေရာများကိုပြ၍ ရှင်းပြနေသည်ကို ထူးဆန်းစွာ နားထောင်နေမိပါသည်။
စားသောက်ခန်းရောက်သည့်အခါ စာရေးသူကို စားပွဲထိပ်မှာ နေရာချထားပေးပါသည်။ စားပွဲရှည်ကြီး၏ ဘယ်ဘက်ထိပ်ဆုံး၌ အရှင်ဉာဏစာရမထေရ် ထိုင်ပါသည်။ ဟိုတယ်ပိုင်ရှင်လာရောက် နှုတ်ဆက်ကာ လက်ဆောင်ပစ္စည်းများ လှူဒါန်းပါသည်။ ဆွမ်းမစားမီ သစ်သီးသစ်ရွက်စုံ ဟင်းရည်တစ်ခွက်စီကပ်ပါသည်။ အရသာရှိပါသည်။ ပြီးမှ ဆွမ်းကပ်ပါသည်။
ဟိုတယ်ဟုဆိုသော်လည်း သီချင်းသံမကြားရပါ။ တရားသံသာ ကြားရပါသည်။ သေချာစွာ နားထောင်ကြည့်ရာ ဓမ္မစကြာသုတ္တန်ရွတ်ဆိုနေသံဖြစ်ပါသည်။ အသံရှည်ဖြင့် ရွတ်ဆိုကြခြင်းကြောင့် ရုတ်တရက်မည်သည့် တရားမှန်း မသိရခြင်းဖြစ်ပါသည်။
ဆွမ်းစားပြီးသည့်အခါ ရေနွေးပွဲတည်ရင်း အရှင်ဉာဏစာရမထေရ်က မေးပါသည်။ ထောင်ထဲမှာ မည်မျှကြာအောင် နေခဲ့ရသနည်းဟူ၍ပင်ဖြစ်ပါသည်။ ရှစ်နှစ်နှင့်သုံးလ (၉၉လ) ဟုပြောလိုက်သည့်အခါ ဘုရားတသွားပါသည်။ အခြားဆရာတော်များက သူ့ကို စပါသည်။ ထောင်နှင့်နီးနေပြီ ဖြစ်၍ ထောင်ထဲမှာနေနည်းထိုင်နည်း လေ့လာချင်သောကြောင့် မေးတာဖြစ်မှာပါဘုရားဟု လျှောက်ပါသည်။ မနေ့က အခမ်းအနားမှာ ဟောသည့်ပုံစံမျိုးဆိုလျှင် သွားရဖို့နီးပါပြီဟုပြောလိုက်သည့်အခါ ဝါးခနဲ ပွဲကျသွားပါသည်။
ဘုရားသားတော်များ ထောင်နှင့်မအပ်စပ်သည်မှာ အငြင်းပွားဖွယ်မရှိပါ။ သို့သော်လည်း တကယ့်အရေး တကယ့်ဘေးဆိုလျှင် ရဟန်းတော်များသည် ထောင်လောကဓံကို ရဲရဲဝံ့ဝံ့ရင်ဆိုင်တတ်ကြပါသည်။ နိုင်ငံရေးနှင့် ထောင်ကျသူများ ပေါများကြသော်လည်း အမျိုးသားရေးအတွက် ဘာသာ သာသနာအတွက် ထောင်ကျသည့် ရဟန်းတော်များ အင်မတန်ရှားပါသည်။ ထိုသို့သော ရှားပါးရဟန်းတော်များတွင် စာရေးသူလည်း ထိပ်ဆုံးနေရာ၌ ပါဝင်နေပါသည်။
စာရေးသူ ဘဝတက္ကသိုလ်တက်ရစဉ်အခါ၌ ၅(ည)ချင်းတူကြသည့်တိုင် နိုင်ငံရေး ၅(ည)များက မျက်နှာပွင့်ပါ သည်။ စပွန်စာပေါပါသည်။ သူကောင်းပြုခံရပါသည်။ ဘွဲ့တံဆိပ်များ ဆုလက်မှတ်များ၊ ဆုကြေးငွေများဖြင့် သူရဲကောင်းဂုဏ်ဆောင်ခံရပါသည်။ မီဒီယာများကလည်း နှာစေးချောင်းဆိုးပါမကျန် လွှင့်ပေးကြပါသည်။
နိုင်ငံရေး ၅(ည)များကိုယ်တိုင်ကလည်း စာရေးသူကို ခွဲခြားဆက်ဆံကြပါသည်။ ကွယ်ရာမှာ အစွန်းရောက်ဟု ဝေဖန်ခြင်း၊ အကျဉ်းသားအချင်းချင်း အစွန်းရောက်အဖြစ်ပုံဖော်သွေးခွဲခြင်း၊ ရန်တိုက်ပေးခြင်းများပင် ပြုလုပ်ကြပါသည်။
နိုင်ငံရေးအကျဉ်းသားများက မတူမတန် ဆက်ဆံသော်လည်း စာရေးသူသည် မိမိကိုယ်ကိုယ် ဂုဏ်ယူမဆုံးဖြစ်ခဲ့ ရပါသည်။ ဘုရားသားတော်ဆိုသည်မှာ နိုင်ငံရေးကို ဦးစားပေးရမည်လော? သာသနာအရေးကို ဦးစားပေးရမည် လော? အဖြေရှာကြည့်လျှင် သိနိုင်ပါသည်။
ထောင်လောကဓံအခက်အခဲများကို အရှင်ဉာဏစာရမထေရ်အား ပြောမပြလိုက်ပါ။ ထောင်လောကဓံကို ရင်ဆိုင်ကျော်လွှားနိုင်သည့် လက်နက်ကောင်း နှစ်ခုကိုကား ပြောဖြစ်အောင်ပြောလိုက်ပါသည်။
စိပ်ပုတီးနှင့်စာအုပ်၊ တရားလုပ်ခြင်းနှင့်စာဖတ်ခြင်းဖြစ်၏။ တရားမလိုက်စားသူများ၊ စာမဖတ်သူများ ထောင်ထဲမှာ ရူးကြောင်သွားကြပုံတွေကို အချို့အဝက် ပြောပြဖြစ်ပါသည်။
အရှင်ဉာဏစာရမထေရ်က ထောင်ဘာကြောင့်ကျသလဲ? မေးပါသည်။ သူသိပြီးသားဖြစ်သော်လည်း အများသိစေချင်သောကြောင့် ဖြစ်ပါသည်။ အရှင်ဘုရား-မနေ့က ဟောသည့်ပုံစံမျိုးနှင့် ဟောခဲ့သောကြောင့် ဟု ဖြေလိုက်ရာ တစ်ခန်းလုံးပွဲကျသွားပါသည်။
စာရေးသူဟောသောတရားအမျိုးအစားမှာ အပူတရားမျိုးဖြစ်ပါသည်။ အပူတရားကို ဒေါနှင့်မောနှင့် လက်သီး လက်မောင်းတန်းလျက် တောက်ခေါက်ဟောလျှင် လှုံ့ဆော်ရာရောက်မည်ဖြစ်သောကြောင့် အအေးပုံသဏ္ဍာန် ဖြင့် ဟောခြင်းဖြစ်ပါသည်။ ဤသည်ကို မသိရှိသူများက၊ အေးလွန်းသည်၊ မာန်မပါဘူး စသည်ဖြင့် ဝေဖန် သုံးသပ်ကာ အားမလို အားမရဖြစ်တတ်ပါသည်။ မိမိသည် သတင်းအချက်အလက်ပေးရုံမျှသာ အသိပေး နှိုးဆော်ရုံမျှသာ ဖြစ်သည်ဟု သိစေလိုသောကြောင့် တစ်လုံးချင်း အေးဆေးတည်ငြိမ်စွာ ဟောကြားခြင်း ဖြစ်ကြောင်း သိရှိသူများက မိမိကို ပုဒ်ထီး ပုဒ်မ မတပ်နိုင်တော့ပါ။
အရှင်ဉာဏစာရမထေရ် အပါအဝင် ဗောဓုဗလစေနအဖွဲ့မှ ဆရာတော်များ၊ ဥပါသကာများအားလုံးပင် လက်ညှိုးငေါက်ငေါက်ထိုးကာ ရန်ဖြစ်နေသည့်ပမာ တက်ထောင်မောင်းနင်း အားရပါးရ ဟောပြောကြပါသည်။ အဘယ့်ကြောင့် ထိုသို့ ဖြစ်ကြရသည်ကို မမေးမိတော့ပါ။ အားနာသော ကြောင့်ဖြစ်ပါသည်။
ဆွမ်းစားပြီးသည့်အခါ ဥယျာဉ်ဟိုတယ်အတွင်း လှည့်လည်ကြည့်ရှုကြပါသည်။ တောရရိပ်သာကြီးတစ်ခုကဲ့သို့ ပင် တရားစာအုပ်များထားရှိရာ ဘာသာရေးစာကြည့်တိုက်၊ ဝိပဿနာဌာနတို့ သီးသန့်ထားပေးသည့်အပြင် ဗောဓိပင်နှင့်ရုပ်ပွားတော်များပါ ကိုးကွယ်ရာအဖြစ် တည်ထားကြသည်ကို တွေ့ရပေသည်။ ညနေဆည်းဆာ အခါမျိုး၌မူ အလွန်တရာ အေးချမ်းမည့် နိဗ္ဗာန်ဘုံလေးတစ်ခုပင် ဖြစ်နိုင်ပေသည်။
ဘုရားဖူးပြီးသည့်အခါ ဗောဓိပင်ဝန်းအတွင်းမှာ ပရိတ်ရွတ်ကြပါသည်။ ပရိတ်ချည်ကို သံဃာတော်များကိုင်ထား ရွတ်ကြရခြင်းဖြစ်ပါသည်။ ပရိတ်ရွတ်ပြီးသည့်အခါ အရှင်ဉာဏစာရမထေရ်က ပရိတ်မွှန်းပါသည်။ ပြီးလျှင် စာရေးသူတို့ မြန်မာရဟန်းတော်များကို ပရိတ်မွှန်းခိုင်းပါသည်။ ဘဝတု သဗ္ဗမင်္ဂလံ သုံးဂါထာကို ပါဠိလို ရွတ်ဆိုကြရပါသည်။
ပရိတ်ရွတ်ပြီးသည့်အခါ ပရိတ်ကြိုးဖြင့် လက်မှာစည်းပေးကြပါသည်။ စာရေးသူက ဟိုတယ်ပိုင်ရှင်ကို စည်းပေးရပါသည်။ ပရိတ်တရားကို အမြတ်တနိုးတန်ဖိုးထားသော လင်္ကာသားတို့ကို လေးစား ဂုဏ်ယူနေ မိပါသည်။
ဥယျာဉ်ပတ်လမ်းတစ်လျှောက် ဖိနပ်မပါဘဲ လှည့်လည်ကြည့်ရှုရာ မွန်းတည့်ချိန်ဖြစ်၍ အချို့နေရာများမှာ ခြေအတော်ပူပါသည်။ ရှဥ့်ကြီးတွေလည်း တွေ့ရပါသည်။ မြန်မာရှဥ့်တွေလို သေးသေးညှပ်ညှပ်လေးများ မဟုတ်ကြပါ။
မြို့နှင့်ဝေးလွန်းပြီး၊ ပျော်ပွဲ ရွှင်ပွဲများ ဇိမ်ခံပစ္စည်းများ လုံးဝမထားသည့်ဟိုတယ်မှာ တည်းခိုသူပင်ရှိပါလေစ ဟု အောက်မေ့ရသော်လည်း အဆောက်အဦးများပင် တိုးချဲ့ဆောက်လုပ်နေသည်ကို တွေ့ရသောကြောင့် ဘုရား တရားနှင့် နားအေးပါးအေး တည်းခိုလိုသော ဧည့်ကောင်းဧည့်မွန်များလည်း ရှိသေးသည်ဟု မှတ်ချက်ပြုဖြစ် သွားလေတော့၏။
(ဆက်ရန်ရှိသေးသည်။)
23.11.2014