28.9.2014 ရက်နေ့ မနက် 5:00 နာရီ အိပ်ရာထပါသည်။ စွယ်တော်တိုက်မှာ ဘုရားဝတ်တက်မည်ပြုစဉ် ဦးဇင်းလေးတစ်ပါးက ပန်းများလာကပ်ပါသည်။ ပန်းကန်ပြားသေးလေးဖြင့် ပန်းလာကပ်ကာ ပူဇော်ရမည့် နေရာကိုလည်း ညွှန်ပြပါသည်။ ဓမ္မတေးတီးလုံးလေးများဖွင့်ထားပါသည်။ တိတ်ဆိတ်နေ၍သာ ကြားရခြင်း ဖြစ်ပြီး ရွတ်ဖတ်ဝတ်တက်လျှင် စကားပြောနေလျှင် ကြားရမည်မဟုတ်ပါ။ သာယာငြိမ်းငြောင်းသော နာဝင်ပီယံ ဓမ္မတေးသံ ဖြစ်လေသည်။
ဘုရားဝတ်ပြုနေစဉ် လုံခြုံရေးများက ဝရန်တာမှ အပြင်ဘက်သို့ မျက်နှာမူ၍ အသင့်စောင့်နေကြပါသည်။ အိပ်စက်အနားယူပြီးခြင်း ဘုရားတရားအာရုံယူပြီးခြင်း၊ ရာသီဥတုသာယာခြင်းတို့ကြောင့် စိတ်ကြည်လင် ရွှင်ပျလျက်ရှိပေသည်။ ဝရန်တာဘက်မျက်နှာမူကာ ထိုင်ခုံတစ်လုံးပေါ်တွင် စာရေးနေလိုက်ပါသည်။
ယနေ့ အခမ်းအနား ကျင်းပရာတွင် အာဂန္တု(ဧည့်သည်တော်)အဖြစ် မိန့်ခွန်းပြောခွင့်ရမည်။ ငါးမိနစ်စာသာ ပြောရမည်ဆိုသောကြောင့် လိုရင်းအကျဉ်းမျှသာ ရေးလိုက်ရပေသည်။
နှုတ်ဆက်ဂါရဝပြုခြင်း၊
ကျေးဇူးစကားဆိုခြင်း၊
ဗုဒ္ဓဘာသာ အန္တရာယ်ကျရောက်နေခြင်း၊
ကမ္ဘာ့မီဒီယာများ ဘက်လိုက်နေခြင်း၊
ကမ္ဘာကြီးက ဗုဒ္ဓဘာသာကို အထင်အမြင်လွဲမှားနေခြင်း၊
အန္တရာယ်ကျရောက်လာလျှင် စုပေါင်းအားဖြင့် ကာကွယ်လိုခြင်း၊
တို့ဖြင့် အနည်းငယ်မျှသာ ရေးသားလိုက်ရပေသည်။
အရုဏ်ဆွမ်းစောစောလာကပ်ပါသည်။ ကျနုပ်ဗိုက်ဆာနေမည်စိုးသောကြောင့်ထင်ပါသည်။ ဆရာတော်ကြီး ကိုယ်တိုင် ခူးခပ်ကျွေးပါသည်။ သီဟိုဠ်မုန့်ဟင်းငါး စားရပါသည်။ စာရေးသူတို့ဆီကလို မုန့်ဖတ်မျိုးမဟုတ်ပါ။ မုန့်ဖတ်က ကြာဇံလောက်သာရှိပေသည်။ ကြက်ဥကြော်ခန့်ရှိသော မုန့်ဖတ်အချပ် အဝိုင်းလေးများ တစ်ချပ်စီ ထပ်ထားပါသည်။ ပဲနှင့်အာလူးကြိုက်သော စာရေးသူအတွက် စားရသောက်ရသည်မှာ အမိမြန်မာပြည်နှင့် မခြားနားလှပါ။
နေ့ဆွမ်းစားပြီးသည့်အခါ မိန့်ခွန်းကို အင်္ဂလိပ်လိုပြန်ဆိုပါသည်။ ဂျီဟဒ်ကို စာလုံးမပေါင်းတတ်၍ JIHAD ဟု ပြောပြရပါသည်။ ဘာသာပြန်ဆိုပြီးသည့်အခါ ကျနုပ်အား ပြပါသည်။ စာမျက်နှာ တစ်မျက်နှာသာ ရှိပါသည်။ ကျနုပ်က အင်္ဂလိပ်လို ဖတ်မည်ဟုပြောပါသည်။ ကျနုပ်ကို မြန်မာလိုသာ ဖတ်စေချင်ကြကြောင်း၊ ကျနုပ်က မြန်မာလိုဖတ်သည်ကို အခမ်းအနားမှူးက စင်ဟာလီလို ဘာသာပြန်ဆိုမှာဖြစ်ကြောင်း၊ ကိုရီးယား၊ နီပေါ၊ တိဘက်၊ အိန္ဒိယတို့ကလည်း အင်္ဂလိပ်လို ဖတ်ကြမည်ဖြစ်ကြောင်း၊ အင်္ဂလိပ်လို ဖတ်လျှင် စင်ဟာလီလို ဘာသာပြန်ဆိုခွင့်မရတော့ကြောင်း၊ စင်ဟာလီလို ဘာသာပြန်ဆိုမပြောလျှင် ပရိသတ်က သိမှာမဟုတ်ကြောင်း ပြောလာပါသည်။ သူတို့စေတနာကို လေးစားလိုက်နာမိပါသည်။
နေ့ဆွမ်းစားပြီး အခမ်းအနားကျင်းပရာ အားကစားရုံသို့ သွားပါသည်။ သာသနာ့အလံတော်များ တလူလူလွင့်ပျံ နေပါသည်။ အောင်လံတော်တစ်လွင့်လွင့်နှင့် ဗုဒ္ဓမြတ်စွာရောင်ခြည်တော်ခြောက်သွယ်လွှတ်တော်မူနေသလား အောက်မေ့ရပါသည်။
ဗောဓုဗလစေနအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီး ဂဏစာရထေရ်နှင့် ယခုမှ တွေ့ဆုံရပါသည်။ ဥက္ကဋ္ဌ ဆရာတော်ကြီး အား ဖူးမြော်ရှိခိုးရာ ဆရာတော်ကြီးက စာရေးသူ၏ လုပ်ဆောင်ချက်များကို အားရကြောင်း ကြည်ညိုလေးစား ကြောင်း မိန့်ပါသည်။
အတွင်းရေးမှူးဆရာတော် ဉာဏစာရမထေရ်ရောက်လာကာ နိုင်ငံတကာမှ ဗုဒ္ဓဘာသာခေါင်းဆောင်များနှင့် မိတ်ဆက်ပေးပါသည်။ အမျိုးသမီးတစ်ယောက်လည်း ပါပါသည်။ အိန္ဒိယမှ ဟိန္ဒူဗုဒ္ဓဘာသာခေါင်းဆောင်နှင့် မိတ်ဆက်ပေး၍ ကြည့်လိုက်ရာ အဝတ်ဗလာအပေါ်ပိုင်းခန္ဓာကိုယ်ကို တွေ့ရသည့်အပြင် ပုဆိန်အသေးလေးကို ပုခုံးချိတ်ထားပါသည်။ အရိုးက နောက်ကျောဘက်မှာကျနေပြီး၊ အသွားက ပုခုံးပေါ်မှာ အပ်ထားပါသည်။ ပုဆိန် အစစ်အမှန်လော၊ သရုပ်ပြသဘောမျှသာလော မပြောတတ်ပါ။ ကျနုပ်က စက်တီပေါ်မှာ ထိုင်နေပြီး သူက ကျနုပ်၏ လက်ယာဘက်မှာ ရပ်လျက်ရှိနေသည်ကို သတိပြုမိလိုက်ပါသည်။ အကယ်၍များ ထိုပုဆိန် အသေးလေးဖြင့် ထိပ်ထုလိုက်လျှင်ဆိုသည့် အတွေးက ပေါ်လာပါသည်။ အန္တရာယ်ရှိသည် မရှိသည်ကိုအပထား ရုတ်ရုတ်သဲသဲ ဖြစ်သွားမည်ကား အမှန်ပင်။ ထို့ကြောင့် ဘယ်ဘက်အစွန်ဆုံး စက်တီပေါ်သို့ ရွှေ့ထိုင်လိုက်ပါသည်။ ဥက္ကဋ္ဌဆရာတော်ကြီးကလည်း ရိပ်မိပုံရပါသည်။ ကျနုပ်နှင့် ပုဆိန် ဆရာတော်ကြီးအကြားတွင် သံဃာများ ချထားလိုက်ပါသည်။
နိုင်ငံခြား ရုပ်/သံ ဌာနတစ်ခုက လာရောက်မေးမြန်းပါသည်။ အထူးသဖြင့် မူဆလင်အန္တရာယ်ကို အဓိကထားမေးပါသည်။ ရခိုင်ပြည်တွင် တရားမဝင် ဘင်္ဂလီတစ်သန်းကျော်ရှိကြောင်း ဖြေဆိုလိုက်သည့်အခါ ဥက္ကဋ္ဌဆရာတော်ကြီးက ထိတ်လန့်အံ့သြနေလေသည်။
မကြာမီတွင် မစ္စတာပါနီရောက်လာ၏။ သမ္မတကြီးကို ကျေးဇူးတင်ကြောင်း ပြောထားသည့်စကား ဖြုတ်ပါရစေဟု ခွင့်တောင်းလာ၏။ နိုင်ငံရေးသက်သက်ဖြစ်နေသောကြောင့်ဟု အကြောင်းပြသည်။ မစ္စတာပါနီ သည် ဗောဓုဗလစေနအဖွဲ့ ဦးဆောင် အမျိုးသားတစ်ယောက်ဖြစ်ကာ စာရေးသူထံ မေးလ်ပို့၍ လှမ်းဖိတ်သော ပုဂ္ဂိုလ်လည်းဖြစ်လေသည်။ ကျနုပ်က ရှင်းပြလိုက်၏။ “ဦးဇင်းတို့နိုင်ငံမှာဆိုရင် မူဆလင်တွေတိုင်ရင် တောရင် ကန့်ကွက်ရင် အစိုးရက ထိတ်ထိတ်ပြာပြာဖြစ်ရကြောင်း၊ အမိန့်အာဏာနှင့် မပိတ်ပင်ရင်တောင် အပျော့ဆွဲဖြင့် မေတ္တာရပ်ခံလေ့ရှိကြောင်း၊ သီရိလင်္ကာအစိုးရက မူဆလင်ကောင်စီ ကန့်ကွက်နေသည့်ကြားထဲကနေ ဦးဇင်းကို ပြည်ဝင်ခွင့်ပေးလို့ ကျေးဇူးတင်ထိုက်ကြောင်း” ပြောပြလိုက်မှ လက်ခံသွားလေသည်။
မွန်းလွဲ 2:00 ထိုးပါပြီ။ အခမ်းအနားကြီး စတင်ပါတော့မည်။ ကျနုပ်တို့အားလုံး နားနေဆောင်မှ ခန်းမတွင်းသို့ ကြွရောက်ရာလမ်းတစ်လျှောက်လုံး ရိုးရာတူရိယာများဖြင့် ခမ်းနားသိုက်မြိုက်စွာ ပင့်ဆောင်ကြပါသည်။
အားကစားရုံကြီးတစ်ခုလုံးကို အခမ်းအနားအဖြစ် ပြင်ဆင်ထားပါသည်။ စင်မြင့်ပေါ်တွင် LED-TV အကြီးစား တစ်ခုကို မြင်ကွင်းကျယ် ရှုစားနိုင်အောင် တပ်ဆင်ထားပြီး အခမ်းအနားမှူးအတွက် စကားပြော စတိတ်စင်၊ အစီအစဉ်မှာ ပါဝင်သူတို့အတွက် စကားပြောစတိတ်စင် တစ်ခုစီကို စင်မြင့်ဝဲယာအစွန်များတွင် ချထားသည်မှ တစ်ပါး အခြား မည်သည့်ပစ္စည်းမဆ မရှိဘဲ ရှင်းလင်းနေသည်ကို တွေ့ရှိရပါသည်။
စင်မြင့်ရှေ့တည့်တည့်တွင် ထိုင်ခုံများနေရာချထားသည်မှာ သံဃာသက်သက် လူသက်သက် စနစ်တကျ ရှိလှပါသည်။ စင်မြင့်နောက်ကျောမှတစ်ပါး ပတ်ပတ်လည် ထိုင်ခုံများအပြင် အပေါ်ထပ်စင်္ကြံလူသွားလမ်းပါ မကျန် ဝါဝါထိန်ထိန်နှင့် ဖြူဖြူဖွေးဖွေးများ လွှမ်းခြုံထားပါသည်။
ကြီးကျယ်သော၊ ခမ်းနားသော၊ ခန့်ငြားသော နိုင်ငံတကာအခမ်းအနားကို သည်တစ်ခါသာ တက်ရောက်ဖူးပါသည်။ နိုင်ငံရေးအခမ်းအနားမဟုတ်ပါ။ ဘာသာရေးအခမ်းအနားဖြစ်ပါသည်။
အဖြူတစ်ခြမ်း အဝါတစ်ခြမ်း၊ အဖြူတစ်ကန့် အဝါတစ်ကန့် မြင်ရရုံဖြင့်ပင် ကျက်သရေရှိလွန်းနေတော့၏။ ရွှေပန်းငွေပန်း ပွင့်လန်းရာ ဗုဒ္ဓဥယျာဉ်တော်ကြီးတစ်ခုပင်တည်း။
အဖြူရောင် ယဉ်ကျေးမှု၊ အဝါရောင်သာသနာ၊ မိမိအမြတ်နိုးဆုံးသောအရာ။ ဤအရာများကို ချစ်မြတ်နိုး၍ တန်ဖိုးထား၏။ ကာကွယ်၏။ ယုံကြည်၏။ ထိန်းသိမ်း၏။ ရိုသေ၏။ စောင့်ရှောက်၏။ ဤသည်မှာ ကျနုပ်တို့၏ သမိုင်းပေးတာဝန်ပင်ဖြစ်လေသတည်း။
(ဆက်ပါဦးမည်။)