မန္တလေး၊ စက်တင်ဘာ ၂၀
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည် မြောက်ရပ်ကွက်ရှိ နဂါးနီအသင်းဝင်များအား တတိယအကြိမ် စုဘူးငွေထုတ်ပေးခြင်း၊ လူသစ် ဦးရေ(၅၀)အတွက (၂၅)သိန်း ထပ်မံတိုးချဲ့ထုတ်ပေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲကို (၂၀.၉.၂၀၁၄)ရက်နေ့၊ ညနေ (၅း၀၀)နာရီအချိန်၊ ချမ်းမြသာစည်မြောက်ရပ်ကွက် ဗုဒ္ဓသာသနရက္ခိတ ဘုံဆွမ်းလောင်းအသင်းတိုက်၌ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ နဂါးနီစုဘူးတာဝန်ရှိသူများဖြစ်ကြသည့် အရှင်ဇဝန (နာယက)၊ ဒေါ်နှင်းပပ (ဥက္ကဋ္ဌ)၊ ဒေါ်ကြည်ကြည်မာ (ဒု ဥက္ကဋ္ဌ)၊ ဒေါ်ကြင်ကြင်မြိုင် (အတွင်းရေးမှူး)တို့ တက်ရောက်ကြပြီး အရှင်ဉာဏိန္ဒိ၊ အရှင်နာဂိန္ဒ၊ ဒေါ်နှင်းပပ၊ ဒေါ်ကြင်ကြင်မြိုင်တို့မှ စီးပွားရေး၊ လူမှုရေးဆိုင်ရာ စိတ်ဓာတ်ခွန်အားမြင့်တင်ရေး အသိပညာများကို ဟောပြောပေးခဲ့ကြပါသည်။ ဟောပြောပွဲပြီးသည့်နောက် အသင်းဝင်ဟောင်း (၅၀)ဦးတို့အတွက် (၁)ဦး (၅၀၀၀၀ိ/)စီ တတိယအကြိမ်မြောက် စုဘူးငွေထုတ်ပေးပြီး အသစ်ဝင်ရောက်လာသည့် အသင်းဝင်(၅၀)ဦးတို့အတွက် (၁)ဦးလျှင် (၅၀၀၀၀ိ/)နှုန်းဖြင့် (၂၅)သိန်း ထပ်မံမတည် ပေးအပ်ခဲ့သည်ဟု သိရပါသည်။
ချမ်း/မြောက်နဂါးနီစုဘူးအသင်းသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် စုဘူး (၄)ဘူးရှိသည့်အနက် (၃)ခုမြောက်စုဘူးဖြစ်ပြီး တစ်ဦးလျှင် (၅၀၀၀၀)ကျပ်နှုန်းဖြင့် ဦးရေ(၅၀)အတွက် (၂၅)သိန်း မတည်ကာ (၃၁.၅.၂၀၁၄)နေ့တွင် စတင်တည်ထောင်ပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ ချမ်း/မြောက်နဂါးနီစုဘူးအတွက် မတည်ငွေ ကျပ် သိန်း(၅၀)ရှိပြီးဖြစ်ကြောင်းနှင့် သိန်းတစ်ရာပြည့်သည်အထိ တိုးချဲ့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရပါသည်။
ဆရာတော်ဦးဝီရသူသည် ခေါင်းပုံဖြတ် အမြတ်ကြီးစားခံနေရသော မြန်မာတိုင်းရင်းသား ဆင်းရဲသားများအတွက် ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ရန် လမ်းစဖော်ပေးသည့်အနေဖြင့် နဂါးနီစုဘူးအသင်းကို တည်ထောင်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။ ငွေချေးမှုစနစ်မှာ (၅)ကျပ်တိုးဖြစ်ပြီး အတိုး(၅)ကျပ်ထဲမှ (၂)ကျပ်ကို စုဘူးအသင်းဝင်များအတွက် ကျန်းမာရေးရန်ပုံငွေ၊ (၃)ကျပ်ကို ၎င်းတို့ဘဝတူများအတွက် တိုးချဲ့ချေးပေးနိုင်ရန် စီးပွားရေးရန်ပုံငွေအဖြစ် စုဆောင်းပေးကြောင်း သိရသည်။
ဝီရခေမိန်(နဂါးနီသတင်းထောက်)
အတိုးပေါ် အတိုးဆင့်၊ အတိုးနင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
အသောက်အစား၊ အပျော်ပါး၊ လောင်းကစားရှောင်ကြဉ်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြပေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ၊ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။
(ဝီရသူ-မစိုးရိမ်)