ကလော၊ စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့၊ မြို့မပရိယတ္တိစာသင်တိုက်၌ ကလောမြို့နယ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ-ကလော)ဖွဲ့စည်းခြင်း (၁)နှစ်ပြည့်အခမ်းအနားကို (၁၆.၉.၂၀၁၄)ရက်နေ့၊ မွန်းလွဲ (၂း၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မ.ဘ.သ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးဆရာတော်များ၊ မ.ဘ.သအဖွဲ့ဝင်များ၊ အောင်ပန်းနှင့် ကလောဒေသရှိ အသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ တက်ရောက်ကြပြီး ရဟန်းရှင်လူ ပရိသတ်အင်အား (၃၀၀)ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။ ကလောမြို့၊ မြို့မပရိယတ္တိစာသင်တိုက် မ.ဘ.သ ဗဟိုဦးဆောင် ဆရာတော်မှ အဖွင့်သြဝါဒများမိန့်ကြားခဲ့ပါသည်။
အခမ်းအနားတွင်
မ.ဘ.သ ဗဟိုဦးဆောင်ဆရာတော်ဖြစ်သည့် ဘဒ္ဒန္တတိလောကာဘိဝံသ အင်းစိန်ဆရာတော်ကြီးပေးပို့သော သဝဏ်လွှာအားဖတ်ကြားခြင်း၊
အစိုးရပညာရေးကျောင်းများ၌ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်ရိုးအား ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းပြဋ္ဌာန်နိုင်ရေး အကြံပြုဆွေးနွေးခြင်း၊
ကလော မ.ဘ.သ ဥက္ကဋ္ဌ လွယ်မယ်ဆရာတော်မှ တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းများ သင်ကြားပို့ချရေး အမှာစကားမိန့်ကြားခြင်း၊
ကလောမြို့နယ်လုံးဆိုင်ရာ ဝံသာနုရက္ခိတအဖွဲ့ ဖွဲ့စည်းရန် တင်ပြဆွေးနွေးခြင်း ကိစ္စရပ်များ ဆောင်ရွက်ကြပြီး အစည်းအဝေးမှ သဘောတူဆုံးဖြတ်ချက်များကို မြို့နယ် သဃနာယက အတွင်းရေးမှူး မြို့မပြင်သာဆရာတော်မှ အတည်ပြုကြေငြာပေးခဲ့ပါသည်။
မြို့နယ် မ.ဟ.န ဥက္ကဋ္ဌဆရာတော်၏ကိုယ်စား မြို့နယ် မ.ဟ.န အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တ ဉာဏိန္ဒ အောင်စကြာကျောင်းဆရာတော်မှ နိဂုံးချုပ် အမှာစကား မိန့်ကြားပြီး ဗုဒ္ဓသာသနံ စိရိ တိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ ညနေ (၅း၀၀)နာရီတွင် အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။