၁၃၇၆ ခုနှစ် တော်သလင်းလပြည့်ကျော်(၁)ရက်။
၂၀၁၄ခု၊ စက်တင်ဘာ(၉)၊ အင်္ဂါနေ့။
မနက်(၁၁)နာရီလောက်ကတည်းက ရန်ကုန်မြို့၊ မင်းဓမ္မလမ်းတစ်လျှောက်မှာ မြန်မာကွန်ဗန်းရှင်းစင်တာ (M.C.C)ဆီကို ဦးတည်ပြီး လျှောက်လှမ်းနေတဲ့ မျိုးဆက်သစ်လူငယ်တွေ၊ တန်းစီနေတဲ့ ကားတွေနဲ့ ပြည့်ကျပ်နေခဲ့တဲ့အကြောင်း (ဖုန်းမှတစ်ဆင့်)သိခဲ့ရပါတယ်။ နေ့လည်(၁)နာရီထိုးခါနီး မိနစ်ပိုင်းအလို ကိုယ်တိုင်ကိုယ်ကျ ရောက်သွားချိန်မှာ ခံစားသိရှိလိုက်ရတာကတော့ M.C.C ခန်းမကြီးရဲ့ အတွင်းရော၊ အပြင်ဘက်မှာပါ ထောင်ပေါင်းများစွာသော သံဃပရိသတ်၊ လူပရိသတ်တွေ တိုးမပေါက်အောင် ပြည့်နှက်နေခဲ့ တယ်ဆိုတာပါပဲ။
ဒီခန်းမကြီးထဲကို ရောက်ရှိနေတဲ့ ပရိသတ်တွေကို လူ့အခွင့်အရေးမသိ၊ လူသားချင်းစာနာမှုကို နားမလည်တဲ့ မျက်ကန်းမျိုးချစ်တွေလို့ မလိုတမာ အပြစ်ရှာမျက်လုံးနဲ့ ကြည့်ချင်သူတစ်ချို့လည်း ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ရင်ထဲမှာ နားလည်ထားတာကတော့ ဒီသံဃာတွေ၊ ဒီလူပုဂ္ဂိုလ်တွေအားလုံးဟာ မျက်ကန်း မျိုးချစ်တွေမဟုတ်၊ အထက်တန်းမျိုးချစ်တွေဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်ပါ။ ထောင်နဲ့သောင်းနဲ့ ချီတဲ့ အထက်တန်းမျိုးချစ်တွေအားလုံးကို M.C.C ခန်းမကြီးထဲရောက်အောင် ခေါ်ဆောင်ခဲ့သူကတော့ ပျံလွန် တော်မူသွားတာ (၇၅)နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ အာရှနေဝန်း၊ မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်၊ ဆရာတော်ကြီး အသျှင်ဥတ္တမ(၁၈၇၉-၁၉၃၉) ပဲ ဖြစ်ပါတယ်။
ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပတဲ့ အာရှနေဝန်း၊ မြန်မာ့လွတ်လပ်ရေးဗိသုကာ၊ ရခိုင်အာ ဇာနည်ဆရာတော်အသျှင်ဥတ္တမ ပျံလွန်တော်မူခြင်း၊ (၇၅)နှစ်မြောက်စိန်ရတုအထိန်းအမှတ် ဂုဏ်ပြုအခမ်းအနား ကို အစီအစဉ်ပေါင်း(၂၀)နဲ့ အခမ်းနားဆုံး၊ အကြီးကျယ်ဆုံး ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ ဒီအထိမ်းအမှတ်အခမ်း အနားကြီးကို အလိုတော်ပြည့်ကျောင်းတိုက်၊ ဓမ္မာစရိယတ္ကသိုလ်၊ နာယကချုပ်ဆရာတော် ဘဒ္ဒန္တသုစိတ္တာဘိဝံသ၊ အဂ္ဂမဟာပဏ္ဍိတ ဂန္ထဝါစကဆရာတော်၊ တိပိဋကပုလဲရောင်ရှိန်စာသင်တိုက်၊ ပဓာနနာယက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ရမ္မာဝတီဆရာတော် ဘဒ္ဒန္တဣန္ဒပါလနဲ့ ရခိုင်ဆရာတော်ကြီးများ၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ စိန်ရတု အခမ်းအနားဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာစံလှကျော်၊ ရခိုင်တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ နိုင်ငံခြားသံတမန်များနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နာယက ဦးတင်ဦးတို့အပါအဝင် စုစုပေါင်း ပရိသတ် ၂၀,၀၀၀ ကျော်အထိ တက်ရောက်ခဲ့တယ် လို့ သိရပါတယ်။
သက်ဆိုင်ရာဆရာတော်၊ သံဃာတော်တချို့ အခမ်းအနားရှေ့ကိုရောက်ဖို့အတွက် လူတိုးမပေါက်ခဲ့တာကြောင့် (၁)နာရီကျော်မှစတင်နိုင်ခဲ့တဲ့ ဦးဥတ္တမ စိန်ရတုဂုဏ်ပြုပွဲကြီးအတွက် နာယကဆရာတော်ကြီးတွေကို စင်မြင့် ထက်ပင့်ဆောင်ပူဇော် နေရာချထားပြီးတဲ့နောက်မှာတော့ ဦးဥတ္တမရဲ့ ရုပ်တုတော်ကို ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဆရာတော်အတွက် ပိုဒ်စုံရတုနဲ့ဂုဏ်ပြု ပူဇော်ခဲ့ပြီး ဆရာတော်ရဲ့ အမျိုးသားရေးလှုပ်ရှားမှု ပုံရိပ်တွေကို ဗီဒီယိုမှတ်တမ်းတွေကတစ်ဆင့် ပြန်လည် ဖွင့်လှစ်ပြသချိန်မှာ ကြက်သီးမွှေးညင်းများ ဖျန်းဖျန်းထရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဆရာတော်ဦးဥတ္တမကို သတိရအောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ ပရိသတ်အားလုံး တစ်မိနစ်ငြိမ်သက်စွာ ဦးညွတ်ဂါရဝပြုပြီးတဲ့နောက်မှာ တော့ အဖွဲ့အစည်းအသီးသီးနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့က ဂုဏ်ပြုပန်းခြင်းများ ကပ်လှူပူဇော်ခဲ့ကြပါ တယ်။ ဒါ့အပြင် အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ် နာယကချုပ်ဆရာတော်နဲ့ တိပိဋကဆရာတော်တို့ထံမှ သြဝါဒခံယူခြင်းအစီအစဉ် ပါဝင်ခဲ့သလို မ.ဘ.သ(ဗဟို)၊ ဥက္ကဋ္ဌဆရာတော်ကြီးရဲ့ ဂုဏ်ပြုသဝဏ်လွှာကိုလည်း ဗဟိုဦးဆောင်ဆရာတော် ဒေါက်တာအရှင်သောပါက က ဖတ်ကြားပူဇော်သွားခဲ့ပါတယ်။
ဒီအခမ်းအနားကြီးအတွက် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြား သွားခဲ့ရာမှာ “ယခု ဆရာတော်ဦးဥတ္တမအတွက် စိန်ရတုအထိမ်းအမှတ် ဂုဏ်ပြုပွဲကြီးဟာ ရခိုင်တိုင်းရင်းသား အားလုံးရဲ့ စည်းလုံးညီညွတ်မှုကို ပြသလိုက်တဲ့ အခမ်းအနားကြီးတစ်ခုဖြစ်ပါတယ်။ ဆရာတော်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် အမျိုးသားရေးစိတ်ဓာတ်ကို ပထမဦးဆုံးမျိုးစေ့ချပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါ။ မြန်မာနိုင်ငံ သားတွေ လွတ်လပ်ရေးရဖို့၊ လွတ်လပ်ရေးမဆုံးရှုံးဖို့ ဆရာတော်ကြိုးပမ်းခဲ့တဲ့အတိုင်း ဒီကနေ့အချိန်အခါမှာ လည်း ကျွန်တော်တို့ အမျိုးသားတွေရဲ့ လွတ်လပ်ရေးမဆုံးရှုံးရဖို့အတွက် သတိရှိဖို့ လိုအပ်နေပါပြီ။
တကယ်တမ်းတော့ ဆရာတော်ဦးဥတ္တမဟာ မြန်မာတိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေးရရှိဖို့ ပြောင်မြောက်တဲ့ ရဲရဲတောက်လုပ်ရပ်တွေနဲ့ အစောဆုံးောတင်းဆိုခဲ့တဲ့ ရှေးအကျဆုံးသော လူ့အခွင့်အရေး တောင်းဆိုခဲ့သူပါပဲ” စတဲ့ စကားတွေ ပါဝင်ခဲ့ပါတယ်။
ဆရာတော်ကို ဂုဏ်ပြုတဲ့အားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းမှာရှိတဲ့ ကန်တိုမင်းပန်းခြံ ကို နိုင်ငံတော်အစိုးရက ဦးဥတ္တမပန်းခြံလို့ အမည်ပေးပြီး တရားဝင်ဖွင့်လှစ်ခဲ့တဲ့အကြောင်း ၁၉၆၂ ခုနှစ် မဏ္ဍိုင် သတင်းစာမှာ ပါခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးတဲ့နောက်မှာ ပန်းခြံကို အမည်ပြောင်းခဲ့ပြီး ယခုအခါမှာ ကန်တော်မင်္ဂလာပန်းခြံလို့ ခေါ်တွင်နေတဲ့အတွက် ဦးဥတ္တမပန်းခြံအဖြစ် အသုံးပြုခွင့်ပေးရန် နိုင်ငံတော်သို့ အဆိုတင်ပြခြင်းနဲ့ အဆိုထောက်ခံခြင်း အစီအစဉ်လည်း ပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူကလည်း ဆရာတော် ဦးဥတ္တမ စိန်ရတု သဘင်အတွက် ဂုဏ်ပြုပူဇော်စကား မိန့်ကြားသွားခဲ့ပါတယ်။ ဆရာတော်ဦးဝီရသူရဲ့ မိန့်ကြားချက်တွေထဲမှာ မြန်မာ့နိုင်ငံရေး သမိုင်းတစ်လျှောက် ဆရာတော်ဦးဥတ္တမ၊ ဦးဝိစာရနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ကို ပြန်ကြည့်ရင် သူတို့အားလုံးဟာ ခံစစ်နဲ့တိုက်ခဲ့ကြတဲ့ သူရဲကောင်းတွေဖြစ်ခဲ့တဲ့အကြောင်း၊ တကယ်တမ်းတော့ သတ္တိဆိုတာ ခံရဲတာကို ပြောတာဖြစ်ကြောင်း၊ ဆရာတော်ဦးဥတ္တမ ခေတ်မကောင်းတော့ချိန်မှာ နိုင်ငံရေးသမား လုပ်ဖော် ကိုင်ဖက်တွေဆီ သတိရလို့သွားလည်ချိန်မှာ အဲဒီပုဂ္ဂိုလ်တွေရဲ့ မောင်းထုတ်ခံခဲ့ရခြင်းကို ဆရာတော်သည်းခံနိုင် ခဲ့တာကို သတ္တိလို့ခေါ်ကြောင်း၊ နိုင်ငံရေးသမားများဟာ ဆရာတော်ကို လိုအပ်တုန်းက ဘုန်းဘုန်းဆိုပြီး မြှောက်စားခဲ့သလောက် မလိုအပ်တော့ချိန်မှာ ကတုံးဆိုပြီး နှင်ထုတ်ခဲ့ကြောင်း၊ စာနယ်ဇင်းသမားများကလည်း ကရက်ဒေါက်ကို Get Out ဆိုပြီး နှင်ထုတ်ခဲ့တုန်းက ဟီးရိုးလို့ရေးသားခဲ့ကြပြီး ဆရာတော်ခေတ်ကုန်သွား ချိန်ကျတော့ ဇီးရိုးလို့ ဆိုကြပြန်ကြောင်း စတဲ့ ပြောင်ပြောင်မြောက်မြောက် စူးစူးရှရှ စကားတွေ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ဦးဝီရသူက “အဲဒီတုန်းက ဘုန်းကြီးတွေကိုလည်း ကျောင်းထဲမှာပဲ ခေါင်းမြီးခြုံပြီး အိပ်မနေနဲ့။ လွတ်လပ်ရေးအတွက် ဝင်ပြီးဆင်နွှဲကြလို့ ဆရာတော်ဦးဥတ္တမ ပြောပါတယ်။ အဲဒီစကားကို ဆရာတော်တွေက မကြိုက်ကြလို့နေမှာပေါ့။ ဦးဥတ္တမကို ဘယ်ကျောင်းကမှ လက်မခံခဲ့ပါဘူး။ ဆရာတော်ခမျာ ပစ်ပယ်ခံရမှုတွေ အမျိုးမျိုးကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရတာပါ။
ကိုယ်ကရှေ့ကိုရောက်လွန်းအားကြီးနေရင် ကိုယ့်နောက်က လူတွေရဲ့ ငြူစူတာကိုတော့ ခံရမှာပဲ။ နိုင်ငံရေး သမားဆိုတာ သူတို့အလွန်ဆုံး စွန့်လွှတ်ရရင် သား၊ မယားပါပဲ။ ဘုန်းကြီးတွေကျတော့ သင်္ကန်းပါ ချွတ်ရတာ ဗျ” လို့လည်း ဖွင့်ဟသွားခဲ့ပါသေးတယ်။
ဆရာတော်ဦးဥတ္တမနေ့ စိန်ရတုအခမ်းအနားကြီးရဲ့ ကြေညာချက်ကို အတွင်းရေးမှူး ဦးစံညွန့်က ဖတ်ကြား သွားခဲ့သလို ဦးဥတ္တမနေ့ အထိမ်းအမှတ်ကဗျာ၊ ဆောင်းပါး၊ စာစီစာကုံး ပြိုင်ပွဲဆုရရှိသူများကို ဆုချီးမြှင့်တဲ့ အစီအစဉ်လည်း ပါဝင်ခဲ့ပါတယ်။ ဆရာတော်အတွက် ဂုဏ်ပြုအခမ်းအနား ဖြစ်မြောက်ရေးနဲ့ပတ်သက်ပြီး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာစံလှကျော်က အပြီးသတ်ကျေးဇူးတင်စကားပြောကြားပြီးနောက်ပိုင်း ညနေ ၅နာရီခွဲ မှာတော့ အခမ်းအနားကို အောင်အောင်မြင်မြင်နဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေးမီးရှူးတန်ဆောင် အသျှင်ဥတ္တမအတွက် ဂုဏ်ပြုပွဲအခမ်းအနားကြီးကို ဒုတိယအကြိမ်မြောက်မှာ ခုလောက်ထိ ကြီးကျယ်အောင် ကျင်းပနိုင်ခဲ့တာဟာ အမျိုးသားရေး သတိမေ့နေတဲ့ ပုဂ္ဂိုလ်တွေကို တပ်လှန့် သတိပေးလိုက်တဲ့ အမျိုးသားရေးဆိုင်ရာ အခမ်းအနားကြီးတစ်ခုလို့ပဲ သုံးသပ်ရမှာပါ။ တကယ်လို့ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ အမျိုးသားရေးကို အရေးမကြီးဘူးလို့ ထင်နေတဲ့ ခေါင်းဆောင်တွေ ရှိနေခဲ့တယ်ဆိုရင်လည်း သူတို့အနေနဲ့ “ကျွန်သာသနာ အလိုမရှိ” ဆိုတဲ့စကား အစချီပြီး မြန်မာ့အမျိုးသားရေးအတွက်၊ မြန်မာ့ လွတ်လပ်ရေးအတွက် ရှေ့ဆောင်လမ်းပြကြိုးစားသွားတဲ့ အာရှနေဝန်း ဆရာတော် ဦးဥတ္တမရဲ့ သမိုင်းကြောင်း ရာဇဝင်ကို ပြန်လှန်ပြီး အောက်မေ့ကြပါလို့ပဲ တိုက်တွန်းလိုက်ပါရစေ…….။
မိုးအောင်လင်းနိုင်
အတွဲ(၂) အမှတ်(၆) ၁၃၇၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော်(၁၅)ရက်နေ့ထုတ် သာကီသွေးဂျာနယ်မှ ကူးယူဖော်ပြသည်။