ရန်ကုန်၊ စက်တင်ဘာ ၎
အိုစမာဘင်လာဒင်နေရာကို ဆက်ခံသူ အယ်လ်ကေဒါ ခေါင်းဆောင်၏ ဗီဒီယိုအသံဖိုင်တွင် မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲ ဆင်နွှဲမည်ဟု ပြောဆိုမှုများအပေါ် စိုးရိမ်ရန်မလိုကြောင်းနှင့် မြန်မာအစိုးရဘက်မှ လုံခြုံရေးတပ်ဖွဲ့ များ အဆင်သင့်ရှိကြောင်း နိုင်ငံတော်သမ္မတရုံး အကြီးတန်းအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။
အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံတွင်းသာမက နိုင်ငံတကာနဲ့ ပူးပေါင်း လုပ်ဆောင် သွားရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
ယင်းအပြင် အယ်လ်ကေဒါခေါင်းဆောင်၏ ကြေညာချက်အပေါ် စိုးရိမ်မှု မလွန်ကဲရန် လိုအပ်ပြီး လူ့အသိုက် အဝိုင်းအချင်းချင်း သံသယစိတ်နှင့် ပဋိပက္ခများ ထပ်မံမဖြစ်စေရန် သတိရှိရမည်ဖြစ်ကြောင်း၊ အစိုးရ၊ ပြည်သူနှင့် ဘာသာရေးခေါင်းဆောင်များ ပူးပေါင်းကာ တည်ငြိမ်အေးချမ်းမှု မထိခိုက်စေရန် ဆောင်ရွက်ရန်ရှိကြောင်း ၄င်းကပြောဆိုသည်။
“အချင်းချင်းအကြား သံသယတွေ ကြီးထွားလာပြီး ပဋိပက္ခတွေဆီပြန်လည်ဦးတည်မသွားအောင် သတိရှိကြဖို့ လိုပါတယ်” ဟု နိုင်ငံတော်သမ္မတရုံးအကြီးတန်းအရာရှိတစ်ဦးက သတိပေးပြောကြားသည်။
ပြည်သူလူထုဘက်က လုံခြုံရေးသတိနှင့် မသင်္ကာဖွယ်ရာတွေ့ရှိလျှင် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို သတင်းပေးပို့ပေးရန်လည်း ၄င်းက တိုက်တွန်းပြောဆိုသည်။
“အယ်လ်ကေဒါတွေဝင်မလာဖို့ကို အစ္စလာမ်ဘာသာဝင်တွေက ပူးပေါင်းဆောင်ရွက်ဖို့လိုလိမ့်မယ်။ သူတို့ မကူညီရင် ပိုဆိုးသွားလိမ့်မယ်။ သူတို့ ကူညီဖော်ထုတ်ပေးမှ အစွန်းရောက် သမားတွေ မခိုအောင်းနိုင်မှာ၊ အခြေမတည်နိုင်မှာ” ဟု သီပေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က The Voice သို့ပြော ဆိုသည်။
အယ်လ်ကေဒါအဖွဲ့၏လုပ်ရပ်များသည် မွတ်ဆလင်ဘာသာဝင်များကို ကိုယ်စားမပြုကြောင်း၊ ၄င်းတို့ကိုယ်တိုင် သိရှိပြီး ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအန္တရာယ်များကို ပြည်တွင်းရှိ မွတ်ဆလင်ဘာသာဝင်များ သဘောပေါက်နားလည်ရန် ကြိုတင်ဆွေးနွေး အသိပေးသင့်ကြောင်း ၄င်းက သုံးသပ်သည်။
“နိုင်ငံရေးအရကတော့ မွတ်ဆလင်ဘာသာဝင်တွေကြားမှာ ပိုကြီးမားတဲ့ အန္တရာယ်ရောက်ဖို့ ဖိတ်ခေါ်နေတာ။ သူတို့က ခင်ဗျားတို့ကိုကာကွယ်မှာ မဟုတ်ဘူးလို့ ပြောထားရမယ်” ဟု ဦးရဲထွဋ်က ဆက်လက်ပြောဆိုသည်။
အယ်လ်ကေဒါခေါင်းဆောင် အေမန်အယ်ဇာဝါဟီရီက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင် အစွန်းရောက်တပ်ဖွဲ့ခွဲများ ထူထောင်ထားပြီးဖြစ်ကြောင်း စက်တင်ဘာလ ၃ ရက်နေ့က အယ်လ်ကေဒါ ခေါင်းဆောင်များ၏ အွန်လိုင်းဖိုရမ်တွင် ဗီဒီယို မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။