ရန်ကုန်၊ သြဂုတ် ၁၇
မလေးရှားနိုင်ငံ ဆလင်ဘန်းမြို့ရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးကို လက်သီးဖြင့် ရင်ဘတ်ကို ထိုးကြိတ်ခဲ့သည့် မလေးရှားနိုင်ငံသားကို သြဂုတ်လ ၁၇ ရက်နေ့တွင် ပုဒ်မ ၃၂၃ (နာကျင်စေမှု)ဖြင့် အမှုဖွင့်လိုက်ပြီဖြစ်ကြောင်း ကာယကံရှင်ဖြစ်သူ ဒေါ်ခင်ဆွေဦးက ပြောကြားသည်။
TANJUNG SENAWANG INDuSTRIAL PARK 70400 SE စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် အဆိုပါအမျိုးသမီးကို မလေးရှားနိုင်ငံသားက သြဂုတ်လ ၁၂ ရက်နေ့ ည ၁၁ နာရီကျော်တွင် ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါစက်ရုံရှိ ကြီးကြပ်သူ (Supervisor)က ယင်းမလေးရှားနိုင်ငံသားနှင့် အလုပ်နေရာလဲပြီးလုပ်ရန် ပြောဆိုခဲ့သဖြင့် အလုပ်လက်စသတ်နေရာ ကြန့်ကြာသဖြင့် အလုပ်လဲမည့် မလေးရှားနိုင်ငံသားက ရင်ဘတ်ကို လက်သီးနှင့်နှစ်ချက်ထိုးခဲ့ကြောင်း ဒေါ်ခင်ဆွေဦးက ပြောဆိုသည်။
“နင် ငါ့ကို ဘာလို့ထိုးတာလဲ။ ပါးစပ်နဲ့ပြောလဲရတာပဲလို့ ပြန်ပြောတော့။ နင် ငါ့ကို ပြန်ပြောစရာလားဆိုပြီး နောက်တစ်ချက် ထိုးတယ်”ဟု ၎င်းက ရှင်းပြသည်။
မလေးရှားနိုင်ငံသား အလုပ်သမားသည် အလုပ်များပြီး ဒေါ်ခင်ဆွေဦး၏ အလုပ်မှာ အလုပ်နည်းနေသဖြင့် ချိန်းရန် ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင် ဒေါ်ခင်ဆွေဦးက ဆိုသည်။
ယင်းကဲ့သို့ဖြစ်ပွားမှုများကို မလေးရှားရဲတပ်ဖွဲ့က သြဂုတ်လ ၁၇ ရက်နေ့က မေးမြန်းရာတွင် ဘာသာစကား အခက်အခဲရှိသဖြင့် ဖြစ်စဉ်အသေးစိတ်ကို မပြောဆိုနိုင်ခဲ့ကြောင်း၊ ဒဏ်ရာများကို ဆေးရုံတွင် ဓာတ်မှန်ရိုက်ရာတွင်လည်း ဘာသာစကား အခက်အခဲရှိခဲ့ပြီး Supervisorကလည်း အကူအညီမပေးသဖြင့် ဆေးရုံက ဓာတ်မှန်မရိုက်ပေးဘဲ ဆေးပေးကာ ပြန်လွှတ်လိုက်ကြောင်း ဒေါ်ခင်ဆွေဦးက ပြောဆိုသည်။
ဒေါ်ခင်ဆွေဦးမှာ ဘာသာစကား အခက်အခဲရှိသဖြင့် မြန်မာအစိုးရ တာဝန်ရှိသူများက ကူညီပေးသင့်ကြောင်း ကပုန်း ၇ ရက်သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။
18.8.2014 ရက်နေ့ထုတ် The Voice Daily News နေ့စဉ်သတင်းစာမှ ကူးယူဖော်ပြသည်။