9.8.2014 မနက် 11:00 အမြန်လမ်းဘေးမှ ကျောက်စိမ်းစေတီတော်၊ ကျောက်စိမ်းဓမ္မာရုံမှာ ဆရာတော် သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ သင်္ကန်းလှူခြင်း၊ ကျောက်စိမ်းစေတီတော် တည်ထားပုံ မှတ်တမ်းကို ပရိုဂျက်တာဖြင့် လျှောက်ထားခြင်း၊ သြဝါဒခံယူခြင်း၊ အကြံဉာဏ်တောင်းခြင်းများ ပြုလုပ်ကြပါတယ်။
သံဃဥသျှောင် ဗန်းမော်ဆရာတော်ကြီး အမှူးပြုသော မစိုးရိမ်တိုက်ကြီးများမှ နာယကဆရာတော်များ ဒေသခံဆရာတော်များနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြပါတယ်။
ဘုရားဒကာ/မများမှာ ဦးစိုးနိုင်+ဒေါ်အေးအေးခိုင်(အေးအေးခိုင် ကျောက်မျက်ရတနာကုမ္ပဏီ)မိသားစု ဖြစ်ပါတယ်။
ဆရာတော်ကြီးများကရော ဆရာတော်လေးများကပါ ကောင်းသထက်ကောင်းအောင် အကောင်းဆုံး အကြံဉာဏ်တွေ ပေးကြတာတွေ့ရပါတယ်။
စေတီတော် တစ်ဆူလုံး ကျောက်စိမ်းရတနာတွေနှင့် တည်ထားတာတွေ့ရပြီး၊ Ever Winner ကုမ္ပဏီ လှူဒါန်းထားတဲ့ ကျောက်စိမ်းရုပ်ပွားတော်တစ်ဆူတည်းတင် ယူရိုငွေ တစ်သန်းခွဲ တန်ဖိုးရှိကြောင်း တွေ့ရပါတယ်။
ကျေးဇူးရှင် ဗန်းမော်ဆရာတော်ကြီးကတော့ ဂင်းနစ်စံချိန်ဝင်ပြီဟု မိန့်တော်မူသွားပါတယ်။
ထီးတော်မတင်ရခင်၊ အားလုံး အပြီးမသတ်သေးခင်မှာတောင် ဘုရားဖူး ပရိသတ်တွေ တစ်ဖွဲဖွဲ လာရောက်ကြ ကြောင်းနှင့် ဥပုသ်နေ့တွေမှာ ပို၍စည်ကားကြောင်း သိရပါတယ်။