“ရခိုင်မူဆလင်ဆိုသည်မှာ ယခင်ကလည်းမရှိ ယခုလည်းမရှိကြောင်း ရခိုင်ဒေသခံများ ပြောကြား”
စစ်တွေ၊ ဇူလိုင် ၂၀
ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများအနေဖြင့် အစ္စလာမ်ဘာသာဝင်များမဟုတ်သည့်အတွက် ရခိုင်မူဆလင် ဆိုသည်မှာ ယခင်ကလည်းမရှိ၊ ယခုလည်းမရှိကြောင်း ရခိုင်ဒေသခံများကပြောသည်။ “လက်ရှိဘင်္ဂါလီလူမျိုး တွေကို ရခိုင်မူဆလင်ဆိုရင် ကျွန်တော်တို့လုံးဝလက်ခံမှာ မဟုတ်ဘူး။ ရခိုင်မူဆလင်ဆိုပြီး အခုပြဿနာဖြစ်နေတဲ့ ရိုဟင်ဂျာအရေးကိစ္စ မပေါ်ပီကတည်းက ဘင်္ဂါလီလူမျိုးတွေက ရခိုင်ဒေသခံတွေအဖြစ် ရအောင် အစဉ်တစိုက်ဆောင်ရွက်ခဲ့တာ ရှိပါတယ်။ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းကောက်ယူတဲ့အခါမှာလည်း ဒီကိစ္စဟာအရေးကြီးကိစ္စတစ်ရပ်အဖြစ် ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ အဲဒီအခါတုန်းက သန်းခေါင်စာရင်းကောက်ယူတဲ့ အခါ မူဆလင်တွေက သူတို့ဟာ မူဆလင်တွေဖြစ်တယ်။ ဒါကြောင့် လူမျိုးအမည်မှာ ရခိုင်ထည့်ပြီး ကိုးကွယ်တဲ့ ဘာသာနေရာမှာ အစ္စလာမ်ထည့်ဖို့ တောင်းဆိုခဲ့ပေမယ့် အဲဒီတုန်းက ဒေသခံအာဏာပိုင်တွေက လက်မခံ ခဲ့ပါဘူး။”ဟု ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရာတွင် ရပ်ကွက်ကော်မရှင်အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူရဲနွယ်စုရပ်ကွက်မှ ဦးမောင်ကျော်အေးက ပြောသည်။ ရပ်မိရပ်ဖ ဦးသန်းထွန်းက လည်း ယခုလ ၁၃ ရက်တွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းတို့ ရပ်မိရပ်ဖများနှင့် တွေ့ဆုံရာတွင် တာဝန်ရှိသူတစ်ဦးက ဘင်္ဂါလီလူမျိုးအချို့၏ သုံးခေါက်ချိုးမှတ်ပုံတင်များတွင် ရခိုင်မူဆလင်ဆိုသည်ကို တွေ့ရကြောင်း ပြောကြားခဲ့သည်။
နုနုနွေ (ဓညဝတီ)
21.7.2014 ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာမှ ကူးယူဖော်ပြသည်။