အိုးဘိုထောင်ထဲမှာ ရေးခဲ့တဲ့ စာလေးပါ။
၂၀၁၂ လွတ်လာတော့ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး ၄င်းမှ တစ်ဆင့် တောရောမြို့ပါ သူ့နည်းသူ့ဟန်နှင့် ပျံ့နှံ့ခဲ့ပါတယ်။
မိုးမခ ဝက်ဘ်ဆိုဒ်မှာ E-Book အဖြစ် အမြဲတင်ထားပြီး ၂၀၁၃ ဖေဖဝါရီလမှာ ပုံနှိပ်ထုတ်ဝေ ခဲ့ပါတယ်။
၂၀၁၄ မှာတော့ နိုင်ငံတော်သံဃမဟာနာယက၏ ညွှန်ကြားချက်ကြောင့် တိုက်တာအကြီးအကဲ ဆရာတော်ကြီးများက ခေါ်ယူ သတိပေးခံရတဲ့ လက်ရာလေးပါ။
၂၀၀၃ ခုနှစ်အထိသာ သုံးသပ် ရေးသားနိုင်ခဲ့သေးတာပါ။ ဒီနာမည်ကြောင့် နိုင်ငံရေးမှာလည်း သမိုင်းရဲ့ တရားခံ အဖြစ် စစ်အစိုးရကို ဝေဖန်ရေးသားဖို့ တိုက်တွန်းသူများတောင် ရှိပါတယ်။
အရှုပ်တွေလုပ်နေလို့ အလုပ်တွေရှုပ်နေတာကြောင့် ဝါသနာပါတဲ့ စာရေးခြင်းကို မသက်မသာဖြင့် အောင့်အီးနေရတာကြောင့် စာရေးဖို့နေနေသာသာ ထောင်ထဲမှာရေးခဲ့တဲ့ စာတွေတောင် ကုန်အောင် ထုတ်ချိန် မရခဲ့ပါဘူး။
အမျိုးစောင့်ဥပဒေပေါ်ပေါက်လာရင်တော့ ဝီရသူ ကုလားတရားဟောစရာမလိုတော့ဘူးလေ။ အဲဒီကျမှပဲ အတိုးချ ရေးသားရပါတော့မယ်။
ယခု သန္တိသုခအရေးတော်ပုံကြောင့် လူ့အဖွဲ့အစည်းကိုသာမက သံဃာ့အဖွဲ့အစည်းကိုပါ ပြုပြင် ပြောင်းလဲရတော့မယ်ဆိုတာ တတစ်ကမ္ဘာလုံးက သိလာကြပါပြီ။
နည်းနည်းလေး အထောက်အကူဖြစ်ဖြစ် ဒါလေးကို ပြန်ဖတ်ကြည့်စေချင်ပါတယ်။ သမိုင်းမှာ တရားခံ မဖြစ်စေချင်ပါဘူး။
ဝီရသူ(မစိုးရိမ်)
17.6.2014
PM 6:12
“ရဟန်းပျို အုပ်ချုပ်ရေး”
ရဟန်းပျိုခေတ်တုန်းက ဤကဲ့သို့ အကျည်းတန်မှုမျိုး မကြုံသေးပေ၊ သာသနာကို စော်ကားကြသော ကျေးဇူးကန်းအဓမ္မဝါဒီများလည်း မထွန်းကားပေ၊ ရဟန်းပျိုအဖွဲ့ကား သြဇာရှိ၏။ အာဏာရှိ၏။ ရဟန်းပျိုအဖွဲ့ ၏ နောက်မှာ သံဃာထုက တစ်ခဲနက်တည်ရှိ၏။ ရဟန်းပျိုများသည် သံဃာထု၏ စံပြခေါင်းဆောင်များ ဖြစ်ကြ၏။ သို့သော် ရဟန်းပျိုများခေတ်က ဓမ္မစက်သည် အာဏာစက်၏ အကူအညီကိုမရ၍ အုပ်ချုပ်မှုစနစ် မသိမ်မွေ့လှပေ။ ရုတ်ရုတ်သဲသဲနိုင်လွန်းသည်လည်း ရှိ၏။ ထို့ကြောင့် ရဟန်းပျို၏ ဓမ္မစက်မျိုးကို အာဏာစက် အကူအညီဖြင့် ထူထောင်သင့်လှပေသည်။
ကျွန်ုပ်အား နန်းတွင်းစစ်အကျဉ်းထောင်၌ စစ်ဆေးစဉ် ထောင်လှမ်းရေးများက သံဃာမကောင်း ကြောင်း ပြောလေသည်။ ထိုအခါ ကျွန်ုပ်က “ခင်ဗျားတို့ အသုံးမကျတာလည်း ပါတယ်၊ ဒုစရိုက်သမား၊ မှောင်ခိုသမား၊ အကျင့်ပျက်များကို ခင်ဗျားတို့က ဘာလို့ကြည့်နေကြလဲ၊ အရေးယူပါလား” ဟု ပြောလိုက်၏။ ထိုအခါ သူတို့က “ဦးဇင်းလိုစိတ်မျိုးဆိုရင် ဟုတ်တယ် သံဃနာယက က ဦးဇင်းလိုမဟုတ်ဘူး၊ ဖမ်းဆီးဖို့ သွားလျှောက်ရင် မလိုက်ရဲတာနဲ့ မလိုချင်တာနဲ့ အလုပ်မအားအာနဲ့ သံဃာမပါဘဲ ဘယ်လိုလုပ်အရေးယူ မလဲ” ဟု ပြန်ပြောကြ၏။ သူတို့ဘက်ကကြည့်လျှင်လည်းအမှန်ပင်။
တချို့အာဏာပိုင်များက သံဃာများ ဘာလုပ်လုပ် နိုင်ငံရေးမလုပ်လျှင် ပြီးရောဆိုပြီး ပစ်ထားကြ၏။ သတိပေးတားမြစ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်း မလုပ်ကြပေ။ လူမိုက်အားပေးနည်းဖြင့် သာသနာကို တစ်ဖက်လှည့် ဖျက်ဆီးခြင်းပေတည်း။ ထို့ကြောင့် သံဃာတော်များ အငြိုအငြင်မခံရလေအောင် အကျင့်ပျက်၊ အညစ်ကြေးများကို တိုက်ကြီးမှ ဦးဆောင်၍ လူ့အဖွဲ့အစည်းအကူအညီဖြင့် သန့်ရှင်းသင့်လှပေပြီ။ သံဃာ့အဖွဲ့ အစည်းသည် သူကိုယ်တိုင်လည်း မလုပ်ချင်၊ မလုပ်ရဲ၊ သူများလုပ်လျှင်လည်း အားမပေး ထောက်မခံ လုပ်တတ်ပေသည်။ သူတို့ထက် သြဇာကြီးသွားမည်၊ သူတို့ကို သြဇာလွှမ်းသွားမည်၊ သူတို့သြဇာ ကျဆင်းသွား မည်၊ သူတို့အာဏာမဲ့သွားမည်ကို မလိုလား၍ မထောက်ခံကြခြင်းဖြစ်၏။ ထို့ကြောင့် အဆိုပါ သံဃာ့အဖွဲ့ အစည်းမှ ဆရာကြီးများကို ဦးထိပ်တင်၍ ဆရာကြီးများ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်မှသာ အဆင်ပြေချော မွေ့မည်ဖြစ်လေသည်။ ကျွန်ုပ်သည် ရဲနှင့် သံဃနာယကတွဲ၍ ထိုကဲ့သို့ဆောင်ရွက်ခဲ့ဖူး၏။ ဘီယာဆိုင်တွင် မူးပြီး သီချင်းဆိုနေသည့် ရဟန်းတစ်ပါးကို ဆိုင်ရှင်တို့က မတားရဲ၍ ရဲကိုအကြောင်းကြားရာမှ ရဲက ကျွန်ုပ်အား အကူအညီတောင်းသဖြင့် လိုက်ခေါ်ပေးခဲ့ရလေသည်။ ပြီးလျှင် သံဃနာယကထံအပ်နှံခဲ့၏။ နောက်တစ်ပါး မူးပြီး အရပ်ထဲမှာ သောင်းကျန်းနေ၍ သံဃာထုနှင့် သွားပြီးခေါ်ဆောင်ခဲ့ရပေသည်။ ထိုတစ်ပါးကိုလည်း ရဲနှင့် သံဃနာယကထံ အပ်နှံလိုက်ပေသည်။
အုပ်စုဖွဲ့၍ အကြမ်းဖက်နေသည့် လူဆိုးဂိုဏ်းများကိုလည်း အာဏာပိုင်များ၊ သံဃာ့အဖွဲ့အစည်းများ နှင့် ပူးပေါင်းပြီး သံဃာထုက သုတ်သင်ရှင်းလင်းပစ်သင့်ပေသည်။ ထိုသူတို့ ရှိနေသမျှ သာသနာတစ်ရပ်လုံး သိက္ခာကျလေ၏။
(နေ့စဉ် တင်ပြသွားပါမည်။)