အိုးဘိုထောင်ထဲမှာ ရေးခဲ့တဲ့ စာလေးပါ။
၂၀၁၂ လွတ်လာတော့ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး ၄င်းမှ တစ်ဆင့် တောရောမြို့ပါ သူ့နည်းသူ့ဟန်နှင့် ပျံ့နှံ့ခဲ့ပါတယ်။
မိုးမခ ဝက်ဘ်ဆိုဒ်မှာ E-Book အဖြစ် အမြဲတင်ထားပြီး ၂၀၁၃ ဖေဖဝါရီလမှာ ပုံနှိပ်ထုတ်ဝေ ခဲ့ပါတယ်။
၂၀၁၄ မှာတော့ နိုင်ငံတော်သံဃမဟာနာယက၏ ညွှန်ကြားချက်ကြောင့် တိုက်တာအကြီးအကဲ ဆရာတော်ကြီးများက ခေါ်ယူ သတိပေးခံရတဲ့ လက်ရာလေးပါ။
၂၀၀၃ ခုနှစ်အထိသာ သုံးသပ် ရေးသားနိုင်ခဲ့သေးတာပါ။ ဒီနာမည်ကြောင့် နိုင်ငံရေးမှာလည်း သမိုင်းရဲ့ တရားခံ အဖြစ် စစ်အစိုးရကို ဝေဖန်ရေးသားဖို့ တိုက်တွန်းသူများတောင် ရှိပါတယ်။
အရှုပ်တွေလုပ်နေလို့ အလုပ်တွေရှုပ်နေတာကြောင့် ဝါသနာပါတဲ့ စာရေးခြင်းကို မသက်မသာဖြင့် အောင့်အီးနေရတာကြောင့် စာရေးဖို့နေနေသာသာ ထောင်ထဲမှာရေးခဲ့တဲ့ စာတွေတောင် ကုန်အောင် ထုတ်ချိန် မရခဲ့ပါဘူး။
အမျိုးစောင့်ဥပဒေပေါ်ပေါက်လာရင်တော့ ဝီရသူ ကုလားတရားဟောစရာမလိုတော့ဘူးလေ။ အဲဒီကျမှပဲ အတိုးချ ရေးသားရပါတော့မယ်။
ယခု သန္တိသုခအရေးတော်ပုံကြောင့် လူ့အဖွဲ့အစည်းကိုသာမက သံဃာ့အဖွဲ့အစည်းကိုပါ ပြုပြင် ပြောင်းလဲရတော့မယ်ဆိုတာ တတစ်ကမ္ဘာလုံးက သိလာကြပါပြီ။
နည်းနည်းလေး အထောက်အကူဖြစ်ဖြစ် ဒါလေးကို ပြန်ဖတ်ကြည့်စေချင်ပါတယ်။ သမိုင်းမှာ တရားခံ မဖြစ်စေချင်ပါဘူး။
ဝီရသူ(မစိုးရိမ်)
17.6.2014
PM 6:12
“သာသနာ သန့်ရှင်းစေလိုလျှင်”
လက်ရှိ မဟနအဖွဲ့သည်ကား သာသနာသန့်ရှင်းရေးကဏ္ဍကို လျစ်လျူရှုထားကြလေသည်။ ထို့ကြောင့် ဤဆယ်စုနှစ် နှစ်ခုကာလ၌ သာသနာတော် ပို၍ ညှိုးနွမ်းခဲ့ရလေသည်။ သာသနာသန့်ရှင်းရေးအတွက် ဖွဲ့စည်းထားသော အဖွဲ့အစည်းက သာသနာသန့်ရှင်းရေးမလုပ်လျှင် ဘယ်အဖွဲ့က လုပ်ကြလိမ့်မည်နည်း။ ဤ မဟနအဖွဲ့ လက်ထက်ကျမှပင် အလှူခံအတုအပများ၊ ဒုစရိုက်ဂိုဏ်းများ၊ ဆိုးသွမ်းကိုယ်တော်များ၊ အနုကြမ်းစီးသူများ၊ အောင်းကောင်ကြီးများ၊ ခြစားမှုများ အမြင်မတော်အောင်၊ အမြင်မကောင်းအောင် အထင်အမြင် သေးခံရအောင်၊ ရွံစရာကောင်းလောက်အောင် ပေါများလှလေသည်။ မဟနအဖွဲ့ကား ရုံးမှာသာ ထိုင်ပြီး စားပွဲပေါ်ရောက်သော ဖိုင်တွဲလောက်သာ စိတ်ဝင်စားကြသူဖြစ်လေသည်။ အရပ်ထဲဆင်းရ ကောင်းမှန်း မသိ၊ ရပ်ရွာသာသနာကို အကဲခတ်ရကောင်းမှန်းမသိကြပေ။ တိုင်ကြားသူရှိမှ အလုပ်လုပ်လိုကြ၏။ ကန်တော့ပွဲ ကောင်းမှ ကန်တော့ပွဲပါမှ အလုပ်လုပ်လိုကြ၏။ ပျံလွန်တော်မူခဲ့ပြီးဖြစ်သော ကျွန်ုပ်တို့ဆရာတော်က သံဃာများအား သြဝါဒပေးခဲ့ဖူးလေသည်။ “သံဃမဟာနာယကဆိုပြီး အထင်မကြီးကြနဲ့ ငါတို့သံဃ မဟာနာယကအဖွဲ့ထဲမှာ လူယုတ်မာတွေ အများကြီး” ဟူ၍ ဖြစ်၏။ ကျွန်ုပ်တို့ဆရာနှင့်အတူ လိုက်ပါ၍ ဝေယျ ဝစ္စလုပ်ခဲ့ကြသော တပည့်များကလည်း “သာသနာရေးဌာနကြီး ပျက်စီးနေပြီ” ဟု ပြောကြ၏။
နိုင်ငံကျော် ဆရာတော်ကြီးတစ်ပါးကလည်း ကျွန်ုပ်တို့၏ မဟာနာယက ဆရာတော်ကြီးနှု့် ဆုံသည့်အခါ “ကမ္ဘာအေးဟာ ကမ္ဘာမအေးတော့ပါဘူးဘုရား” ဟု လျှောက်တင်ခဲ့ဖူး၏။ သံဃာဦးသျှောင် ဆရာတော်ကြီး များ၏ အရှိန်အဝါသြဇာကျဆင်း၍နေပေပြီ၊ သံဃာအဖွဲ့အစည်းကြီး အကြည်အညိုပျက်၍ နေပေပြီ။ ဤသည်မှာ အနာဂတ်သာသနာအတွက် ကောင်းသောလက္ခဏာမဟုတ်ပေ။ အချိန်မီပြုပြင်မှ တော်ကာကျ ပေလိမ့်မည်။
(နေ့စဉ် တင်ပြသွားပါမည်။)