ထွန်းခိုင်။
ရန်ကုန်= မြန်မာ့ထုံးတမ်းအစဉ်အလာများနှင့် ကိုက်ညီသော နိုင်ငံသား အစ္စလာမ်ဘာသာဝင် မွတ်စလင် အသိုင်းအဝိုင်းများ ပေါ်ပေါက်လာရန် ဝိုင်းဝန်းကြိုးပမ်းသွားမည်ဟု ဆရာတော်ဦးဝီရသူနှင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့က မတ်လ ၂၉ ရက်တွင် ပူးတွေကြေညာချက် ထုတ်ပြန်သည်။
“သမိုင်းကြောင်းနဲ့ပြောရရင် ဆရာကြီး ဦးရာဇတ်တို့လိုပေါ့။ လက်ရှိဆိုလို့ရှိရင် ကိုမြေအေးတို့၊ ဒိုင်းမွန်းရွှေကြည် တို့လို မြန်မာ့ရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုပြုတဲ့ ပုဂ္ဂိုလ်တွေပေါ့။ အဲဒီလို မြန်မာ့ရိုးရာ ယဉ်ကျေးမှု၊ ဒေသခံတွေနဲ့ လိုက်လျောညီထွေစွာ ဝတ်တတ်၊ ဆင်တတ်၊ သွားတတ်၊ လာတတ်တဲ့ မွတ်စလင်အသိုင်း အဝိုင်း ပေါ်ပေါက်လာမှ မြန်မာတွေနဲ့ တစ်သားတည်းဖြစ်မှာလေ။ တိုင်းရင်းသားတွေနဲ့ တစ်သားတည်းဖြစ်မှာပါ။ အဲဒီအတွက် ရည်ရွယ်တာပါ” ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
အမျိုးသားရေးဝါဒီဟု လူသိများသည့် ဆရာတော် ဦးဝီရသူနှင့် အစ္စလာမ်ဘာသာဝင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးတို့သည် ရန်ကုန်မြို့ မီကာဆာဟိုတယ်၌ တွေ့ဆုံခဲ့ပြီးနောက် ထုတ်ပြန်ခဲ့သည့် အဆိုပါ ကြေညာချက်တွင် အခြားအချက်နှစ်ခုကိုလည်း ထည့်သွင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နှစ်ဖက်အကြား ဆွေးနွေးမှုများထဲတွင် လက်ရှိဖြစ်ပွားနေသည့် သွေးထွက်သံယို ပဋိပက္ခဖြစ်စဉ်များ အဆုံးသတ်ရေးအတွက် အဖြေရှာရန်နှင့် နှစ်ဖက်အင်အားစုများအကြား စိုးရိမ်မှုများကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း ဦးဝီရသူနှင့် ဦးမြအေးက ပြောသည်။
“မွတ်စလင်ပြည်သူလူထုကို ပြောချင်ပါတယ်။ မြန်မာပြည်ထာဝရငြိမ်းချမ်းဖို့အတွက် ကိုမြအေးနောက်ကနေ ဖြောင့်ဖြောင့်တန်းတန်း ငြိမ်းငြိမ်းချမ်းချမ်း လိုက်ကြပါလို့” ဟု ဦးဝီရသူက မိန့်ကြားသည်။
ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် “နိုင်ငံတော်အလံကို ရိုသေသူ၊ တရားဥပဒေကို လေးစားသူ၊ နိုင်ငံအပေါ် သစ္စာစောင့်သိသူ၊ ကျေးဇူးသတိတတ်သူ မည်သူ့ကိုမဆို လူမျိုးဘာသာ မခွဲခြားဘဲ ထိန်းသိမ်းစောင့်ရှောက် သွားမည်” ဟုလည်း ပါဝင်ခဲ့သည်။
“နားလည်မှုတွေ တည်ဆောက်လာနိုင်ပြီဆိုရင် တဖြည်းဖြည်း ပဋိပက္ခတွေ ချုပ်ငြိမ်းသွားမှာပါ” ဟု ဦးမြအေးက ပြောသည်။
ထို့အပြင် “မြန်မာနိုင်ငံရှိ လူများစု ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအကြား အထင်အမြင်လွဲမှား မှုများ နိုင်ငံ့အပေါ် သစ္စာစောင့်သိမှုများနှင့်အတူ တဖြေးဖြေးခြင်း နားလည်မှုရရှိအောင် တည်ဆောက်သွားမည်” ဟု အဆိုပါ ကြေညာချက်တွင် ထည့်သွင်းရေးသားထားသည်။
၎င်းတို့နှစ်ဦးလက်ရှိ ပဋိပက္ခများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့မှုများနှင့် ပတ်သက်ပြီး အစ္စလာမ်ဘာသာရေးခေါင်း ဆောင်များကလည်း ကြိုဆိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
“မြန်မာမွတ်စလင်အများစုက အဲဒီအတိုင်း(ကြေညာချက်တွေထဲကအတိုင်း)ပဲ တစိုက်မတ်မတ် ခံယူထားပါ တယ်။ ဒီအပေါ်မှာ ဘာမှ ကန့်ကွက်စရာမရှိပါဘူး” ဟု ဘာသာပေါင်စုံ ငြိမ်းချမ်းရေးအဖွဲ့(မြန်မာနိုင်ငံ) မှ အစ္စလာမ်ဘာသာရေး ကိုယ်စားလှယ် ဦးအေးလွင်က ပြောကြားသည်။
မတူညီသည့် ဘာသာနှစ်ဖက်မှ ထင်ရှားသော ပုဂ္ဂိုလ်နှစ်ဦး၏ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုကြောင်း မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာမှ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအတွက် ဖြစ်နိုင်မည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။