Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“သန္တိသုခအရေးတော်ပုံ (၃)”

$
0
0
20.6.2014 ရက်နေ့ မနက် 8:30 နာရီအချိန်မှာ သန္တိသုခသို့ ကြွရောက်ခဲ့ပါသည်။ ကားပေါ်၌ မကွေးကျောင်းဆရာတော် ဦးပါမောက္ခနှင့် တိုင်ပင်ဆွေးနွေးဖြစ်ပါသည်။
အခွန်လွတ်ဈေးရောက်သည့်အခါ ရွှေညဝါဆရာတော် ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရပါသည်။
တာမွေရုံးနားရောက်သည်နှင့် ညီနောင်နှစ်ပါးကားပေါ်မှ ပြိုင်တူဆင်းကာ ရွှေညဝါဆရာတော်ထံသို့ အရောက် သွားပါသည်။ သတင်းသမားများ မှတ်တမ်းတင်နေကြ၍ ခရီးမတွင်ပါ။
ကွမ်းယာဆိုင်ဘေးမှာ ချထားသော ပလပ်စတစ်ထိုင်ခုံများပေါ်မှာ ထိုင်ကြပါသည်။ ရွှေဝါရောင်ဆရာတော်ကြီး ဦးဇဝန(ဦးဇင်းမုဆိတ်) ကြွလာပါသည်။ မနက်ကတည်းက ရောက်နေသည်ဟု မိန့်ပါသည်။ ကျေးဇူးတင် ကြောင်း အနူးအညွတ်လျှောက်ထားကာ နေရာပေးလိုက်ပါသည်။
ရွှေညဝါဆရာတော်က ဟွန်းတိုဖြင့် စည်းကမ်းရှိကြစေရေး သြဝါဒပေးပြီး စာရေးသူက သန္တိသုခအရေး အကျဉ်းချုပ်ပြကာ မကွေးကျောင်းဆရာတော်က စနစ်တကျ စီမံကိန်းချတောင်းဆိုသွားမည့်အရေး မိန့်တော်မူလျက် ရွှေဝါရောင်ဆရာတော်ကြီးက ဆန္ဒပြဖို့လာခြင်းမဟုတ်ကြောင်း မိန့်ကြားတော်မူပါသည်။
မူလအစီအစဉ်၌ စာရေးသူတို့သုံးပါးနှင့် ရွှေဝါရောင် ဦးပြည်ကျော်တို့ စီစဉ်ထားသော်လည်း ဦးပြည်ကျော် မပါဝင် ခဲ့ပါ။ ခြေဥပြင်ဆင်ရေးကို အာရုံလွှဲသည့် အရေးအခင်အဖြစ် ရှုမြင်ထားသူများ၊ ဒုတိယ ရှစ်လေးလုံး ပြန်ဖြစ်လာနိုင်ကြောင်း သုံးသပ်ထားသူများက စာရေးသူတို့ကို သဘောမကျပါ။
ပြည်သူလူထု၏ စိုးရိမ်သောက၊ နိုင်ငံရေးအသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှုတို့ကြားမှ အပြစ်မဲ့ အကျဉ်းသားများကို ကယ်ထုတ်ရသည်မှာ ဆူးကြား ဘူးခါးပုံစံမျိုးသာ ဖြစ်နေပါသည်။
အပေါ်ယံသာ ကြည့်မြင်တတ်သော နိုင်ငံရေးလောကနှင့် အတွင်းကျကျ စူးစမ်းတတ်သော စာရေးသူတို့ မည်သည့်အခါမျိုးမှာမှ အမြင်တူကြလိမ့်မည်မဟုတ်ပါ။
၎င်းနောက် တာမွေတရားရုံးရှေ့မှာ ညီနောင်သုံးပါးရပ်ကာ သတင်းသမားများ၏ မေးမြန်းမှုကို ဖြေကြားကြရပါ သည်။
တရားရုံးတွင်းသို့ ဝင်ခွင့်ရသည့် သတင်းသမားကနည်း၍ ဝင်ခွင့်မရသူများက ရန်တွေ့နေကြ၍ ရွှေညဝါ ဆရာတော်က ဝင်ညှိပေးပါသည်။
တာမွေဒေသခံ အာဏာပိုင်များက စာရေးသူတို့အား တရားရုံးအတွင်း ပင့်သွားကာ အခြေအနေကို လျှောက် ထားပါသည်။
တိုင်းသာသနာရေးမှူး ရောက်လာကာ အာမခံပေးမည့်အကြောင်း၊ တရားရေးဌာနနှင့် ညှိနှိုင်းထားပြီးကြောင်း လျှောက်တင်ပါသည်။
ဝေး……ဟူသော လူအုပ်ကြီးအသံကြားတော့ ရွှေညဝါဆရာတော် ကြွသွား၍ စာရေးသူတို့က နောက်မှ လိုက်ကြ ရပါသည်။
လန်ဒန်ဆရာတော် ဦးဥတ္တရတို့ လူဝတ်အသွင်ဖြင့် ရောက်ရှိလာကြပါသည်။ မျက်ရည်တွေ ရစ်ဝဲနေကြပါသည်။ စာရေးသူအတွက် မထူးဆန်းသော်လည်း ပြည်သူအတွက်ကား ရင်နင့်ဖွယ်ရာ အတိပင်ဖြစ်ပါသည်။
နားနေခန်းပင့်ဆောင်ကာ အားပေးနှစ်သိမ့်ရင်း ဂါရဝပြုဦးချကာ ရေနွေးကြမ်း ဘုန်းပေးကြပါသည်။
လူအားလုံးကို ရှင်းလိုက်ပြီးနောက် တိုင်းသာသနာရေးမှူး ဦးစိန်မော်က အာမခံပေးမည့်အကြောင်း လျှောက်ထားပြီး အစီအစဉ် အသေးစိတ် ထပ်မံလျှောက်ထားပြီး တရားရုံးသို့ ပင့်ဆောင်ပါသည်။
တရားရုံးကား ပွင့်လင်းမြင်သာသော အစစ်အမှန်တရားရုံးပင်ဖြစ်ပါသည်။
11:00 နာရီတွင် ဆွမ်းစားဖို့ ခဏနားပါသည်။
သင်္ကန်းဝတ်ဘုရားသားတော်များနှင့် လူဝတ်ဘုရားသားတော်များ ဆွမ်းတစ်ဝိုင်းတည်း စားရသည်မှာ ထူးခြားသည့် ဖြစ်စဉ်တစ်ခုပင် ဖြစ်ပါသည်။
12:00 မှာ ပြန်စပါသည်။ ရဟန်းရှင်လူ ပြည်သူများ ကားကြိတ်ကြိတ်တိုးလျက်ရှိပါသည်။
ရွှေညဝါဆရာတော်နှင့် မကွေးကျောင်းဆရာတော်တို့က ပရိသတ်ကို ထိန်းကျောင်းကြရပါသည်။
ရွှေညဝါဆရာတော်က “အပြစ်မဲ့ သံဃာတော်များ” ဟု တိုင်ပေးလျှင် ပရိသတ်များက “အမြန်လွှတ်မြောက်ပါ စေ” ဤသို့ သံပြိုင်ဆုတောင်းပေးကြပါသည်။
လန်ဒန်ဆရာတော်၏ တပည့်ဒကာတစ်ယောက်က “တရားရုံးကြီးမှာ အဲလို မဟုတ်ပါနဲ့ဘုရား” ဟု လျှောက်ထားရာ “ဒါ….ငြိမ်းချမ်းရေးလုပ်နေတာကွ” ဟု ဖြေလိုက်ရပါသည်။
ရှေ့နေများအားလုံးသည် ပီနန်ဆရာတော်ကြီး၏ တပည့်များဖြစ်ကြပြီး အစွမ်းထက်သူချည်းဖြစ်ပါသည်။
၂၀/၉၀ သာ မျှတမှုရှိလျှင် ဦးစိန်မော် အခုလို ခြံလေးထဲမှာ အစစ်ခံရမည်မဟုတ်ပါ။
ညနေ 4:00 နာရီမှာ အာမခံပေးပါသည်။ ပရိသတ်ကြီးက ဇွဲကြီးလှပါသည်။ “ရုံးချိန်းကုန်တော့မယ် မပြီးသေးဘူးလား” ဟု အော်ပြောသံလည်း ကြားရပါသည်။ “မယုံဘူးကွာ လွှတ်ပေးတဲ့အထိ စောင့်နေမယ်”ဟု လည်းကြိမ်းဝါးနေကြပါသည်။
တစ်ပါးလျှင် အာမခံကြေး သိန်း(၁၀၀) ကျပ်၊ အာမခံမည့်သူ ၂ ယောက်က သိန်းငါးဆယ်ဆီ တာဝန်ယူ လက်မှတ်ထိုးရပါသည်။ ပီနန်ဆရာတော်ကြီး၏ ဒကာ/မ ဆယ်ယောက် အာမခံယူပါသည်။ မင်းသမီး ဒေါ်ခင်သန်းနွယ် ဇာတ်မင်းသား ဦးမိုးဝင်တို့လည်း အပါအဝင်ဖြစ်ပါသည်။
ရွှေညဝါဆရာတော်သို့ ဖုန်းဖြင့် လျှောက်ထားရာ ဆရာတော်က အားရကျေနပ်မှုရှိကြောင်း မိန့်ကာ များပြားလှ သော လူအုပ်ကြီးကို ဦးဆောင်ကာ သုံးထပ်ကျောင်းသို့ ချီတက်သွားကြပါသည်။
ညနေ ငါးနာရီကျော်မှ ခရိုင်ရဲမှူး ဦးအေးမြင့်နှင့်တိုင်ပင်ကာ လူဝတ်ရဟန်းတော်များကို စူပါကာစတန်နှစ်စီးပေါ် တင်ပေးပြီး စာရေးသူနှင့် ဦးပါမောက္ခတို့က ပရိသတ်ကို ဦးဆောင်ချီတက်ခဲ့ကြပါသည်။
စာရေးသူတို့နောက်မှာ သံဃာတော်များက ဗီနိုင်းများကိုင်ဆောင်ချီတက်ကာ ပရိသတ်များက ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက်လိုက်လာကြပါသည်။
အာမခံရ အချုပ်သား သံဃာတော်များက ပရိသတ်နောက်မှ လိုက်လာကြပါသည်။
သုံးထပ်ကျောင်းရှေ့မှာ ရွှေညဝါဆရာတော်က ကြိုဆိုနေရာချပေးပြီး ကျောင်းပေါ်တက်ကြရပါသည်။
ဇွဲကပင်ဆရာတော်ဘုရားကြီးက အောင်သပြေညောင်ရေများ ပက်ဖြန်းရင်း ကြိုဆိုနေပြီး များပြားလှသည့် လူအုပ်ကြီးကြားမှ အပြစ်မဲ့ အချုပ်သားများကို ကျောင်းပေါ်ပင့်ဆောင်ခဲ့ရပါသည်မှာ မလွယ်ကူခဲ့ပါ။ ကိုယ်တိုင်ယဉ်ထိန်းလုပ်ခဲ့ရသည်အထိပင် ဖြစ်ပါသည်။
သင်္ကန်းတော်ဆင်မြန်းခြင်း အခမ်းအနားကို ရွှေညဝါဆရာတော်က နမောတဿဖြင့် စဖွင့်ကာ စာရေးသူက အခန်းအနားမှူးလုပ်ပါသည်။
အချုပ်သား သံဃာတော်များ သင်္ကန်းတော်နှင့် ကင်းကွာရသည်မှာ ဆက်ရက်သာရှိသော်လည်း သင်္ကန်းငတ် နေကြသည်မှာ သိသာလွန်းပါသည်။
ကမန်းကတန်း အငန်းမရ ချက်ချင်းကြီးတန်းပြီး သင်္ကန်းဝတ်နေကြသောကြောင့် “ဆရာတော်တို့က ကလေ ကချေတွေမဟုတ်ဘူးဘုရား အခမ်းအနားနှင့် ဝတ်ပါဘုရား” ဟု မနည်းလျှောက်ထားလိုက်ရပါသည်။
တစ်ပါးချင်းစီကို ဇွဲကပင်တောင်ဆရာတော်ကြီးက သဖြေခက်ဖြင့် မေတ္တာရေးသွန်းဖြန်းပေးခြင်း၊ အလှူရှင်များ က သင်္ကန်းကပ်လှူခြင်း၊ သင်္ကန်းတော်ဆင်မြန်းခြင်း၊ ဆရာတော်ဦးဥတ္တရက အတွေ့အကြုံ ရှင်းပြခြင်း၊ ဆရာတော်ဦးတေဇိန္ဒက ကျေးဇူးတင်စကား ပြောကြားခြင်းတို့အပြီးမှာ ဗုဒ္ဓသာသနံ စီရံ တိဋ္ဌတု ဖြင့် အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။
၈၈ အဖွဲ့မှ မနီလာသိန်းနှင့် မမီးမီးတို့ တက်ရောက်ပါသည်။ လွှတ်မြောက်သံဃာများအား သင်္ကန်များ လှူဒါန်းပါသည်။ နိုင်ငံရေးအဖွဲ့အစည်းများ နိုင်ငံရေးလုပ်ဖို့ ပူးပေါင်းသလိုပင် အမျိုးသားရေးမှာ ပူးပေါင်းနိုင်ခဲ့သော် အတွေးဝင်ရောက်လာသဖြင့် အာရုံပြောင်းပစ်လိုက်ပါသည်။
အခမ်းအနားအပြီး၌ “ကဲ…..ကြိုက်သလိုမေးကြ မြန်းကြ အလွမ်းသယ်ကြ” ဟုပြောကာ ပြန်လာခဲ့ပါသည်။
ဖမ်းဆီးခံရပြီးနောက် ကြက်ပျောက် ငှက်ပျောက် ပျောက်သွားကြသူများပင် သူရဲကောင်းကြီးအသွင်း လျှောက်တင်ကြဦးမည်ကို ကြိုသိနေပါသည်။
ကျေးဇူးတင်စကားထဲတွင်လည်း ရဲသုံးဖော် ဆရာတော်များဘွဲ့ အမည်မပါပါ။ နောင်လည်း မှတ်မှတ်ရရ ပြောကြမည်လည်း မဟုတ်ပါ ဤသည်မှာ စာရေးသူအတွက် အချိုမြိန်ဆုံး အရသာတစ်ခုပင် ဖြစ်ပါသည်။
ဘဝဆက်တိုင်း…..ဤကဲ့သို့ပင် ထီးလိုအရိပ်ပေး၍ ငြမ်းလိုအလုပ်အကျွေး ပြုနိုင်သည့်ဘဝမျိုးသာ ရရှိချင်ပါသည် အရှင်ဘုရား……။
ဝီရသူ(မစိုးရိမ်)
22.6.2014
00:49 နာရီ။























Viewing all articles
Browse latest Browse all 2129

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း