အိုးဘိုထောင်ထဲမှာ ရေးခဲ့တဲ့ စာလေးပါ။
၂၀၁၂ လွတ်လာတော့ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး ၄င်းမှ တစ်ဆင့် တောရောမြို့ပါ သူ့နည်းသူ့ဟန်နှင့် ပျံ့နှံ့ခဲ့ပါတယ်။
မိုးမခ ဝက်ဘ်ဆိုဒ်မှာ E-Book အဖြစ် အမြဲတင်ထားပြီး ၂၀၁၃ ဖေဖဝါရီလမှာ ပုံနှိပ်ထုတ်ဝေ ခဲ့ပါတယ်။
၂၀၁၄ မှာတော့ နိုင်ငံတော်သံဃမဟာနာယက၏ ညွှန်ကြားချက်ကြောင့် တိုက်တာအကြီးအကဲ ဆရာတော်ကြီးများက ခေါ်ယူ သတိပေးခံရတဲ့ လက်ရာလေးပါ။
၂၀၀၃ ခုနှစ်အထိသာ သုံးသပ် ရေးသားနိုင်ခဲ့သေးတာပါ။ ဒီနာမည်ကြောင့် နိုင်ငံရေးမှာလည်း သမိုင်းရဲ့ တရားခံ အဖြစ် စစ်အစိုးရကို ဝေဖန်ရေးသားဖို့ တိုက်တွန်းသူများတောင် ရှိပါတယ်။
အရှုပ်တွေလုပ်နေလို့ အလုပ်တွေရှုပ်နေတာကြောင့် ဝါသနာပါတဲ့ စာရေးခြင်းကို မသက်မသာဖြင့် အောင့်အီးနေရတာကြောင့် စာရေးဖို့နေနေသာသာ ထောင်ထဲမှာရေးခဲ့တဲ့ စာတွေတောင် ကုန်အောင် ထုတ်ချိန် မရခဲ့ပါဘူး။
အမျိုးစောင့်ဥပဒေပေါ်ပေါက်လာရင်တော့ ဝီရသူ ကုလားတရားဟောစရာမလိုတော့ဘူးလေ။ အဲဒီကျမှပဲ အတိုးချ ရေးသားရပါတော့မယ်။
ယခု သန္တိသုခအရေးတော်ပုံကြောင့် လူ့အဖွဲ့အစည်းကိုသာမက သံဃာ့အဖွဲ့အစည်းကိုပါ ပြုပြင် ပြောင်းလဲရတော့မယ်ဆိုတာ တတစ်ကမ္ဘာလုံးက သိလာကြပါပြီ။
နည်းနည်းလေး အထောက်အကူဖြစ်ဖြစ် ဒါလေးကို ပြန်ဖတ်ကြည့်စေချင်ပါတယ်။ သမိုင်းမှာ တရားခံ မဖြစ်စေချင်ပါဘူး။
ဝီရသူ(မစိုးရိမ်)
17.6.2014
PM 6:12
“ဒေါ်လာစား မဟန”
ကျွန်ုပ်သည် လွန်ခဲ့သော တစ်ဆယ့်လေးနှစ်ခန့်က တန့်ကြည့်တောင် ငိုရယ်တရားခွေကို ကြည့်ခဲ့ ရပါသည်။ မှားနေမှန်းသိသည်၊ ဘာကြောင့် မှားမှန်းမသိ၊ ဘယ်လိုမှားမှန်း မသိပေ။ ထို့ကြောင့် တဖြည်းဖြည်း စာတွေ့ လက်တွေ့ လေ့လာလိုက်စား၍ စုံစမ်းဆင်ခြင်မိသည့်အခါ ငိုရယ်တရားသည် ပဋကတ်တော်နှင့် မညီညွတ်သော၊ ပိဋကတ်တော်နှင့် ဆန့်ကျင်သော၊ ဘုရားသာသနာတော်ကို အိုးမည်းသုတ်နေသော အဓမ္မကြီး ဖြစ်နေသည်ကို တွေ့ရလေသည်။ ပြည်တွင်းမှာသာမဟုတ်ဘဲ ပြည်ပထိငိုရယ်တရားကြီး ထင်ရှားနေပါလျက် မဟနသည် လက်ပိုက်ကြည့်နေရကောင်းဟု ကျွန်ုပ် အားမလို အားမရ ဖြစ်ခဲ့ဖူးလေသည်။ သို့ဖြစ်၍ မဟန၏ သဘောထား အမှန်ကိုသိရအောင် စုံစမ်းရာမှ မဟနသည် အဓမ္မဘက်တော်သားများ ဖြစ်နေမှန်း သိခဲ့ရလေ သည်။
တန့်ကြည့်တောင်ဆရာတော်သည် အမေရိကသို့ မကြာခဏကြွ၊ မကြွခင်လည်း မဟနအဖွဲ့ကို ဦးတင်အလှူဝတ်ပြုသည်။ ပြန်လာလျှင်လည်း နိုင်ငံခြားဖြစ် အသုံးအဆောင်များ နိုင်ငံခြားငွေဒေါ်လာများကို လှူဒါန်းသည် ဤသို့ဖြင့် မဟနသည် အငြိမ်းစားဒေါ်လာရ၊ ဒေါ်လာစားအာဏာရဘဝဖြင့် ပုတ်သင်ညိုလိုလို လိပ်လိုလိုလုပ်နေကြလေသည်။ ရိပ်သာလောကမှ ပွက်လောထ၍ ငိုရယ်အမှု ရောက်လာသည့် အကြိမ်ပေါင်း လည်း မနည်းလှပေ။ ထိုသို့ ရောက်လာသည့်အခါတိုင်း ဒေါ်လာစားအာဏာရှိကြီးများ ခေါင်းချင်းရိုက်ကြ ရလေသည်။ ထိုငိုရယ်အဓမ္မအမှု စားပွဲပေါ်ရောက်လာလိုက်၊ တစ်နည်းဖြင့် ပယ်ချလိုက် လုပ်နေကြလေသည်။ အဓမ္မကို အဓမ္မဟု မဆုံးဖြတ်နိုင်သူ၊ အဓမ္မကို အဓမ္မဟု မဆုံးဖြတ်ရဲသူ၊ အဓမ္မကို အဓမ္မဟု မဆုံးဖြတ်ချင်သူ တို့သာ များလေရာ ငိုရယ်အဓမ္မဝါဒသည် အရှိန်အဟုန်ဖြင့် မိုင်ကုန်ကြီးထွားလာလေတော့သည်။ ထိုသို့ အဓမ္မဝါဒကြီးထွားလာရခြင်း၏ အဓိကတရားခံမှာ ထိပ်တန်းအရာရှိ ဆရာတော်ကြီးများဖြစ်လေသည်။ ထိုဆရာတော်ကြီးများတွင် ဒုတိယဥက္ကဋ္ဌဆရာတော်ကြီးတစ်ပါးက “တန့်ကြည့်တောင်ဝါဒဟာ အဓမ္မတော့ မဟုတ်ဘူးကွ၊ ဝိပဿနု ပက္ကိလေသ (ဝိပဿနာညစ်ညူးကြောင်း) အဆင့်မှာ သာယာနေတာဖြစ်တယ်” ဟု မိန့်တော်မူလေသည်။
ထိုဆရာတော်ကြီးသည် တန့်ကြည့်တောင်ဘက် လိုက်၍ ပြောဆိုခြင်းမဟုတ်ပါ။ အရိုးခံအမြင်ဖြင့် ပြောခြင်းသာ ဖြစ်ပါသည်။ လက်တွေ့လောကသို့ ကွင်းဆင်းမကြည့်နိုင် မစုံစမ်းနိုင်ခြင်း၊ တန့်ကြည့်တောင် ဝါဒကို အတွင်းကျကျ မလေ့လာနိုင်ခြင်းကြောင့်သာ အဓမ္မမှန်း မသိခဲ့ခြင်းဖြစ်ပါသည်။ ဒုတိယ ဥက္ကဋ္ဌဆရာတော် နောက်တစ်ပါးကမူ “တရားထိုင်ရင် ငိုတာ၊ ရယ်တာ၊ သီချင်းဆိုတာ တကယ်ဖြစ်တတ်တယ်၊ ငါကိုယ်တိုင် ငါ့အခန်းထဲမှာထိုင်ရင်း စိန်ခြူးကြာညောင်သီချင်းဆိုပြီး ထကမိဖူးတယ်” ဟု သူ၏ လက်တွေ့နှင့်ပါ ယတိပြတ် အမှားထပ်လိုက်လေတော့သည်။ ထိုဆရာတော်သည် စိန်ခြူးကြာညောင်သီချင်းတစ်ပုဒ်ဖြင့် တန့်ကြည့်တောင် ဇာတ်ထုပ်ကို စားပွဲခုံပေါ်မှ ရုပ်သိမ်းပေးခဲ့သူဖြစ်လေသည်။ အရည်အချင်းရှိသော်လည်း တရားမရှိ၍ အမှား မသိခြင်းလည်းဖြစ်ပေမည်။ သစ္စာမသိရှိ လိမ်ညာမိခြင်းလည်း ဖြစ်ပေမည်။ စိန်ခြူးကြာညောင် လှိုင်ထိပ်ခေါင်တင် ဆရာတော်ကြီး၏ ထောက်ခံချက်ကြောင့် တန့်ကြည့်တောင်ငိုရယ်တရားများ အတင့်ရဲလာ လေသည်။
ဤသို့ဖြင့် ကျွန်ုပ်သည် ၁၃၆၂ ခု၊ ခရစ်နှစ် ၂၀၀၀ ခုနှစ်တွင် တန့်ကြည့်တောင်အမှားတော်ပုံစာအုပ်ခေါ် “တရားထိုင်ရင်း ငိုရယ်ခြင်းအကြောင်း” စာအုပ်ကို ရေးသား၍ သာသနာရေးဌာနသို့ မှတ်ပုံတင်လိုက်လေသည်။ ထိုအခါ ဆရာတော်ကြီးများက သူတို့ အထုတ်ဖြေသလိုဖြစ်၍ ကျွန်ုပ်အပေါ် အမျက်တော်ရှိကြလေသည်။ အကြံဉာဏ်ပေးခြင်း၊ အပြုသဘောပြင်ဆင်တည်းဖြတ်ပေးခြင်းများမပြုဘဲ သာသနာအတွက် အရေးကြီးသော စာအုပ်ကို ထုတ်ဝေခွင့်ပိတ်လိုက်လေသည်။ ကမ္ဘာအေး စာအုပ်ကို ထုတ်ဝေခွင့်ပိတ်လိုက်လေသည်။ ကမ္ဘာအေး စာပေစိစစ်ရေး ကျမ်းစာဌာနမှ ဒကာတစ်ဦးက ဓမ္မဝိနယခုံရုံးတင်ရန် အကြံပြုလေသည်။ လူပုဂ္ဂိုလ် ကမှ အကြံပြုဖော်ရပေသေးသည်။ သားမရှိ မယားမရှိသည့် ဆရာတော်ကြီးများကား အကြံပြုဖော်ပင် မရရှာပေ။ ကျွန်ုပ်က အဖမ်းခံကာ ဇွတ်ထုတ်မည်လျှောက်သောအခါ အစွန်းရောက်ဘွဲ့ထူးပင်ချီးမြှင့် လိုက်ပေသေးသည်။ ဆရာတော်ကြီးများသည် ကိုယ်ကိုယ်တိုင်လည်း မဆုံးဖြတ်နိုင်၊ ဆုံးဖြတ်နိုင်သူကိုလည်း အားမပေးဘဲ အဓမ္မဘက်မှ အကြောက်အကန် ရပ်တည်နေလေသည်။
တစ်ခုတော့ မဟနကို ကျေးဇူးတင်ရပါသည်။ တန့်ကြည့်တောင် ဆရာတော်ကို ကမ္မဋ္ဌာနစရိယ (ကမ္မဋ္ဌာန်းဆရာ) ဘွဲ့ မပေးသောကြောင့်ဖြစ်၏။ ဘွဲ့ရူးရူးနေသော တန့်ကြည့်တောင် ဆရာတော်ကလည်း ကမ္မဋ္ဌာန်းဆရာဘွဲ့ လျှောက်ခဲ့လေသည်ကို သဒ္ဓမ္မဇောတိက (သာသနာပြု) ဘွဲ့သာ ချီးမြှင့်ခဲ့လေသည်။ အကယ်၍ တန့်ကြည့်တောင် လျှောက်တိုင်းသာ ကမ္မဋ္ဌာန်းဆရာဘွဲ့ပေးလိုက်လျှင်ကား “သွားပြီ ကမ္ဘာအေး သာသနာရေးဌာနကြီး ပျက်စီးပြီဟူ၍သာ” မှတ်ထင်ရတော့မည်ဖြစ်လေသည်။ ယခုတော့ တော်ပါသေး၏။ သိက္ခာသမာဓိရှိသော ဆရာတော်ကြီးများ ကျေးဇူးကြောင့် “ရသေးသည်၊ မသွားသေး” ဟု ဖြေသာနိုင်ပါသည်။
(နေ့စဉ် တင်ပြသွားပါမည်။)