၁၃၇၆-ခု၊ (သာသနာတော်နှစ်-၂၅၅၈-နှစ်) ကဆုန်လဆန်း (၁၅)ရက်
အပိုင်း (၁)
ယနေ့ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးသို့ ကြွရောက်တော်မူလာကြကုန်သော သြဝါဒါစရိယ ဆရာတော်ကြီးများ၊ သံဃာ့မဟာနာယက ဆရာတော်ကြီးများ၊ ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများနှင့် သမ္မုတိရ၊ အထူးပင့်သံဃာတော် အရှင်မြတ်တို့ဘုရား---။ ဘုရားတပည့်တော် ဉာဏိဿရ ဂါရဝမေတ္တာဖြင့် ရှေးဦးစွာ ဦးညွတ်အရိုအသေပြုအပ်ပါသည်ဘုရား။
ဘုရားတပည့်တော်တို့ မနေ့က ဗီယက်နမ်နိုင်ငံ ဗုဒ္ဓဘာသာအစည်းအဝေးကြီးမှ ပြန်လာခဲ့ပါတယ်ဘုရား။ နိုင်ငံပေါင်း (၉၅)က ကိုယ်စားလှယ်ပေါင်းများစွာနှင့် ဗုဒ္ဓဘာသာ ဂိုဏ်းပေါင်းစုံက ခေါင်းဆောင်ပေါင်း (၁၅၀၀)ကျော် တက်ရောက်ကြပါတယ် ဘုရား။ အဲဒီအစည်းအဝေးကြီးမှာ ဘုရားတပည့်တော် (၆)မိနစ် စကားပြောခွင့် ရခဲ့ပါတယ်ဘုရား။ ထိုင်းနိုင်ငံ ဗုဒ္ဓနေ့ အစည်းအဝေးမှာတော့ (၈)မိနစ် စကားပြောခွင့်ရခဲ့ပါတယ်ဘုရား။ အဲဒီတော့ ဒီကနေ့ မြန်မာသံဃာ့ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီးမှာ တပည့်တော်အား (၁၅)မိနစ် စကားပြောခွင့်၊ လျှောက်ထားခွင့် ပြုတော်မူပါဘုရား။
အနုပ္ပန္န ပုဗ္ဗာဓမ္မာ ဥပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာ ဓမ္မာ နိရုဇ္ဈန္တိ - မဖြစ်ပေါ်ဘူးတာတွေ ဖြစ်ပေါ်လာကြကုန်ပြီ၊ ဖြစ်ပေါ်ပြီးတာတွေလဲ ကွယ်ပျေက် ချုပ်ငြိမ်းကုန်ပြီ။
နိစ္စနဝါသင်္ခါရာ ဥပ္ပဇ္ဇန္တိ ဝယန္တိစ - သင်္ခါရတရားတွေဟာ ဖြစ်ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက်၊ အဟောင်းအဟောင်းတွေ ကွယ်ပျောက်၍ အသစ်အသစ်တွေ ပေါ်ပေါက်ပေါပေါက်လာတတ်ကြပါတယ်ဘုရား။ အဲဒါ သင်္ခါရတရားတို့ရဲ့ ဓမ္မတာပါပဲ ဘုရား။ ဘုရင်ခေတ်က ဘုရင်ခန့်တဲ့ သံဃာ့ရာဇာ သာသနာပိုင်ခေတ်တွေ ကုန်ဆုံးသွားတဲ့အခါ လွတ်လပ်ရေးခေတ်ကြိုကာလမှာ လွတ်လပ်ရေးဦးတည်ချက်နဲ့ သံဃာ့အဖွဲ့အစည်းများစွာ ပေါ်ပေါက်ခဲ့ပါတယ်ဘုရား။ လွတ်လပ်ရေးရပြီးနောက်မှာလည်း သာသနာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ အရေးမျိုးစုံရောယှက်တဲ့ သံဃာ့အဖွဲ့အစည်းများစွာ ပေါ်ပေါက်ခဲ့ပါသည်ဘုရား။
ဖဆပလအစိုးရလက်ထက်မှာ နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ကို တည်ထောင်ပြီး အက်ဥပဒေများပြုစု၊ ပါလီမန်မှာ ပြဋ္ဌာန်းအတည်ပြု ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးများ ဆင်နွဲပြီး သာသနာတော်ကို အားပေးထောက်ပံ့ခဲ့တာတွေ ရှိခဲ့ဖူးပါသည် ဘုရား။ ထို့ပြင် ဗုဒ္ဓသာသနာကို တရားဝင် အခိုင်အမာထောက်ပံ့စောင့်ရှောက်ဖို့ ရည်ရွယ်ချက်များနဲ့ တိပိဋကရွေးချယ်ရေးအဖွဲ့ အက်ဥပဒေ၊ ဓမ္မာစရိယအက်ဥပဒေ၊ ပါဠိပထမပြန်အက်ဥပဒေ၊ ပါဠိတက္ကသိုလ်အက်ဥပဒေများ ပြဋ္ဌာန်း၍ ခိုင်မာအောင် ဆောင်ရွက်ခဲ့တာတွေ ရှိခဲ့ဖူးပါတယ် ဆရာတော် အရှင်သူမြတ်တို့ ဘုရား။
၁၉၆၂-ခုနှစ်မှာတော့ ခေတ်ပြောင်းတော်လှန်ရေးတစ်ရပ် ပေါ်ပေါက်ခဲ့ပါတယ်ဘုရား။ တပ်မတော်က နိုင်ငံရေး အာဏာကို သိမ်းပိုက်လိုက်ပြီး ပါတီစုံပါလီမန် ဒီမိုကရေစီစနစ်ကို ဖျက်သိမ်းလိုက်ပါသည်။ မြန်မာဆိုရှယ်လစ် လမ်းစဉ်ကို ချမှတ်ပြီး တစ်ပါတီ အာဏာရှင် စနစ်ကို ကျင့်သုံးချီတက်ခဲ့ပါတယ်ဘုရား။ အဲဒီတစ်ပါတီအာဏာရှင်စနစ်ရဲ့လက်အောက်မှာ တပည့်တော်တို့ရဲ့ သာသနာရေး အားပေးထောက်ပံ့မှုဆိုင်ရာ အက်ဥပဒေအားလုံး ဖျက်သိမ်းခြင်း ခံလိုက်ရပါသည်ဘုရား။ ထို့ပြင် ဆိုရှယ်လစ်တစ်ပါတီ အာဏာရှင်စနစ်ရဲ့ အာဏာအရှိန်အဟုန် အမြင့်တက်ဆုံးလို့ ဆိုရမည့် ၁၉၈၀-ခုနှစ်ဝန်းကျင် သံဃာ့အဖွဲ့အစည်း အားလုံးကို ဖိနှိပ်ဖျက်သိမ်း၊ သာသနာသန့်ရှင်းရေးအလုပ်၊ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့တွေ ဖွဲ့စည်းခဲ့ပါတယ်။ တစ်ပါတီ အာဏာရှင်စနစ်ရဲ့ လမ်းညွှန်မှုအောက်မှာ ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ကြီးထဲမှာ တစ်ပါတီစနစ်ရဲ့ အငွေ့အသက်တွေ၊ တစ်ပါတီအာဏာရှင်စနစ်ရဲ့ အသွေးအရောင်တွေ လွှမ်းမိုးလျက်၊ ငုတ်ဝင်လျက် ရှိနေပါသေးသည်ဘုရား။ အဲဒါတွေ ပြင်ရမှာပါဘုရား။
ဥပမာ - မြန်မာနိုင်ငံတော်တွင် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့များမှတစ်ပါး အခြားမည့်သည့်သံဃာ့အဖွဲ့အစည်းမျှ မရှိစေရ ဆိုတဲံ အချက်မျိုးဟာ တစသ်ပါတီအာဏာရှင်စနစ်ရဲ့ အငွေ့အသက်တွေ ကျန်နေသေးတယ်ဆိုတဲ့ အချက်ပါပဲဘုရား။ ယနေ့ မျက်မှောက်ခေတ်အခြေအနေရ - သံဃာ့အဖွဲ့အစည်းတွေများစွာ လိုအပ်နေပါတယ်ဘုရား။
၁။ မိဘမဲ့ကလေးများ စောင့်ရှောက်ရေးအတွက် သံဃာ့အဖွဲ့အစည်းများ။
၂။ အားကိုးရာမဲ့ မိန်းကလေးများ ကယ်တင်စောင့်ရှောက်ရေး သံဃာ့အဖွဲ့အစည်းများ။
၃။ သဘာဝဘေးဒဏ်သင့်ရောက်ရာ ဒေသများက ဒုက္ခသည်များအတွက် ကူညီစောင့်ရှောက်ရေး သံဃာ့အဖွဲ့အစည်းများ။
၎။ ဘုန်းတော်ကြီးသင် မူလ၊ အလယ်၊ အထက်တန်းကျောင်းများဆိုင်ရာ ပညာရေးစောင့်ရှောက်မှု သံဃာ့အဖွဲ့အစည်းများ။
၅။ ပြည်ပသာသနာပြုလုပ်ငန်းဆိုင်ရာ သံဃာ့အဖွဲ့အစည်းများ။
စသည်ဖြင့် လူမျိုးရေး၊ လူမှုရေး၊ သာသနာရေး စောင့်ရှောက်မှုဆိုင်ရာ အဖွဲ့အစည်းများကို နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ကြီးက ဦးဆောင်၍ စည်းကမ်းဥပဒေ အနည်းဆုံးဖြင့် သည်းခံခြင်းပေါင်းများစွာဖြင့်၊ ခွင့်လွတ်ခြင်းပေါင်းများစွာဖြင့် လက်တွဲခေါ်ဆောင်ဖွဲ့စည်းသွားဖို့ တိုက်တွန်းလျှောက်ထားပါသည်ဘုရား။
ထို့ပြင် (၂၅)ရာခိုင်နှုန်းဆိုတဲ့ ဥပဒေပုဒ်မကြီးနဲ့ အင်အားချိနဲ့တဲ့ ကူးတို့ဂိုဏ်း၊ ငှက်တွင်းဂိုဏ်း၊ ဝေဠုဝန်ဂိုဏ်း စတဲ့ ဂိုဏ်းကလေးတွေကို နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ထဲမှာ ပါဝင်ခွင့်မရအောင် တားမြစ်ထားခြင်းဟာလည်း ယနေ့ခေတ်မှာ အလွန်အဆင်မပြေတဲ့ အချက်ဖြစ်ပါတယ်ဘုရား။ ယနေ့ခေတ်မှာ ပါတီစုံပါလီမန် ဒီမိုကရေစီနဲ့ နိုင်ငံတော်ကို တည်ဆောင်နေတဲ့ အချိန်ဖြစ်တဲ့အားလျှော်စွာ အင်အားငယ်တဲ့ သူတွေကို အင်အားကြီးတဲ့ သူတွေက အားပေးရမှာပါ။ တွဲခေါ်သွားရမှာပါ။ လူဦးရေ သိန်းဂဏန်းမျှသာရှိတဲ့ ‘ဝ’လူမျိုးစုများ၊ ကိုးကန့်လူမျိုးစုများ၊ နာဂလူမျိုးစုများဟာ သီးခြားအစိုးရဖွဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်များ ရနေကြပါပြီဘုရား။ အဲဒါကြောင့် အဲဒီ (၂၅)ရာခိုင်နှုန်း ကန့်သတ်ချက်နဲ့ ဘေးဖယ်ထားခံရတာကြာပြီဖြစ်တဲ့ ဂိုဏ်းငယ်ကလေးများကို မဟာနာယကအဖွဲ့ထဲ အလိုအလျောက်ပါဝင်ခွင့် ပေးလိုက်ဖို့ လျှောက်ထားလိုပါတယ်ဘုရား
ဆက်လက်ဖော်ပြပါမည်။