ရန်ကုန် ဇွန် ၁၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် ပြည်ခိုင်ဖြိုးပါတီဝင် ဘင်္ဂါလီငါးသောင်းကျော်ရှိပြီး၊ ၄င်းတို့မှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရရန် မျှော်လင့်နေကြောင်း ယင်းနှစ်မြို့၏ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထွန်းလှစိန်က The Messenger Media သို့ ပြောသည်။
"မဲပေးခွင့်မရရင်တော့ သိတဲ့အတိုင်းပဲ နေရမှာ။ နယ်မြေလုံခြုံရေးအပေါ်မူတည်ပြီး လုပ်ရတယ်။ ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ချင်တယ်။ တစ်ဖက်သတ်လုပ်လိုက်ရင်လည်း မကောင်းဘူး"ဟု ဦးထွန်းလှစိန်က ဆိုသည်။
၎င်းဘင်္ဂါလီများသည် ပြည်ခိုင်ဖြိုးပါတီသို့ အသင်းအဖွဲ့ကတည်းက ဝင်ထားသူ ရှိသကဲ့သို့၊ ပါတီဖြစ်လာပြီးမှ ရောက်လာသူများလည်း ရှိကြောင်း၊ ဝင်ရောက်စဉ် ဘင်္ဂါလီများသည် White Card အပါအဝင် သက်ဆိုင်ရာ ကတ်များဖြင့် ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းတို့ကို ယခုအခါ ပါတီမှ ထုတ်ပယ်ခြင်းမရှိဘဲ အသင်းကို အားပေးသူ၊ ပါတီကို အားပေးသူများအနေဖြင့် ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း ဦးထွန်းလှစိန်က ဆိုသည်။
"ဘူးသီးတောင်၊ မောင်တောနဲ့ ပတ်သက်ပြီး အဖွဲ့ဝင် စုဆောင်းတာတို့၊ ဘာတို့ မရှိဘူး။ အခုတော့ ပြန်လုပ်နေတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ပါတီဝင်ရာဂဏန်းတောင် မရှိတော့ပါဘူး"ဟု ရခိုင်ပြည်နယ် NLD ပါတီဥက္ကဋ္ဌဦးညီပုက The Messenger Media သို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် အခြေခံမဲစာရင်း ကြေညာရန် ကျန်ရှိသောမြို့များကို ဇွန် (၂၂)ရက်နေ့တွင် ကြေညာမည်ဖြစ်သည်။ White Card အစားထုတ်ပေးမည့် အပြာရောင်ကတ်များသည် ဥပဒေအရ မဲပေးခွင့် ရမည်မဟုတ်ကြောင်း ကော်မရှင်ထံက သိရသည်။
13.6.2015 ရက်၊ စနေနေ့ထုတ် မန္တလေးအလင်းဂျာနယ်မှ ကူးယူဖော်ပြသည်။