မန္တလေး ဇွန် ၁၂
ရခိုင်ပြည်နယ်အတွင်းရှိ ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်)ပြန်လည်အပ်နှံပြီး၊ နိုင်ငံသား စိစစ်ခံရမည့်သူအဖြစ် သက်သေခံလက်မှတ်များ ပြန်ရမည့် ဘင်္ဂါလီများ လေးသန်းနီးပါးကို ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့်ပြုမည်မဟုတ်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံက သိရသည်။
"ကျွန်တော်တို့က နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသား သုံးမျိုးကိုပဲ မဲပေးခွင့် ရှိသူစာရင်းထဲမှာ ထည့်ပါတယ်။ ကျန်တာတွေကို မထည့်ပါဘူး။ လက်ရှိဥပဒေအရ မဲပေးခွင့် မရနိုင်ပါဘူး"ဟု အဆိုပါ ကော်မရှင် အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးသူရိန်ထွဋ်က ပြောသည်။
ရခိုင်ပြည်နယ်တွင် ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်) ကိုင်ဆောင်ထားသူ ဘင်္ဂါလီဦးရေခြောက်သိန်းကျော်ရှိရာမှ သုံးသိန်းကိုးသောင်းကျော် လာရောက်အပ်နှံထားပြီး ဖြစ်သည်။ ယင်းသို့ လာရောက်အပ်နှံပြီးသူများကို နှစ်နှစ်သက်တမ်းရှိ နိုင်ငံသား စိစစ်ခံရမည့်သူအဖြစ် သက်သေခံလက်မှတ်များ ပြန်ထုတ်ပေးမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက သိရသည်။
"ဒီကတ်က နိုင်ငံသားမဖြစ်ဘူး။ နိုင်ငံသားဖြစ်ဖို့ရာအတွက် လိုသေးတယ်ဆိုတဲ့ သဘောပါပဲ။ ဒီသက်သေခံကတ်ပြားကိုင်ဆောင်ခြင်းသည် နိုင်ငံသားဖြစ်ကြောင်း သက်သေခံအရှင်း မဖြစ်စေရပါဘူး"ဟု ရခိုင်ပြည်နယ် လ.ဝ.က ဦးစီးမှူး ဦးတင်စိုးက ပြောကြားထားသည်။
13.6.2015 ရက်၊ စနေနေ့ထုတ် မန္တလေးအလင်းဂျာနယ်မှ ကူးယူဖော်ပြသည်။