စွမ်းရဲထွဋ်
နေပြည်တော်၊ ဇွန် ၂
မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများအား ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းပါ ထောင်ဒဏ်ပြစ်မှုအချို့ကို အမျိုးသားလွှတ်တော်က ပယ်ဖျက်လိုက်သဖြင့် ဥပဒေအားပျော့သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ပြောသည်။
အဆိုပါ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများအား ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းပါ ပြစ်မှုများသည် ရဲအရေးပိုင်သော ပြစ်မှုများအဖြစ် သတ်မှတ်ထားကြောင်း ပြည်သူ့လွှတ်တော်က အတည်ပြုထားသော်လည်း အမျိုးသားလွှတ်တော်က ထိုပြစ်မှုများကို ပယ်ဖျက်ထားသည်ဟု ၎င်းက ပြောသည်။
“တကယ်လို့ ဒါကိုသာ ပယ်ဖျက်လိုက်ရင် ဥပဒေထိရောက်မှုက အားပျော့သွားနိုင်ပါတယ်။ ထောင်ဒဏ် သုံးနှစ်ဆိုရင် အလိုအလျောက် ရဲအရေးပိုင်တယ်။ ဒီဟာက အထူးဥပဒေတစ်ရပ်ဖြစ်လို့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေက အလွန်လိုလားနေတဲ့ ဥပဒေလည်းဖြစ်လို့ ဒီဥပဒေပါ ပြစ်မှုပြစ်ဒဏ်တွေကို ရဲအရေးပိုင်တယ်လို့ လုပ်ထားရခြင်း ဖြစ်ပါတယ်”ဟု ဦးသိန်းထွန်းဦးက ပြောသည်။
ရဲအရေးမပိုင်သော ပြစ်မှုများဖြစ်ပါက တရားရုံးသို့ ဦးတည်လျှောက်ထားရမည်ဖြစ်ပြီး အချိန်များလည်း ကြန့်ကြာမှုများ ဖြစ်လာနိုင်သောကြောင့် ဥပဒေ၏အာဏာသက်ရောက်မှု အားနည်းသွားနိုင်သည်ဟု ၎င်းက ပြောသည်။
ဆက်လက်၍ ယင်းဥပဒေကြမ်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ဦးသိန်းထွန်းဦးက အဓိကသဘောထား ကွဲလွဲချက်နှစ်ချက်သုံးချက်ခန့်ရှိကြောင်း၊ ဥပဒေကြမ်းပုဒ်မ ၂၂၊ ပုဒ်မခွဲ (ဃ )တွင် ပြည်သူ့လွှတ်တော်က မြန်မာဗုဒ္ဓဘာသာဝင် မိန်းမက ဘာသာတရားဆိုင်ရာ ကုသိုလ်ပြုခြင်း၊ ဘုရားရှိခိုးခြင်း၊ တရားဓမ္မနှင့် ပရိတ်ရွတ်ခြင်း၊ ပုတီးစိပ်ခြင်း၊ တရားနာခြင်း၊ တရားထိုင်ခြင်း၊ ဘုရားကျောင်းကန်သို့ သွာရောက်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ ဗုဒ္ဓစာပေများ၊ ကျမ်းဂန်များထားရှိလေ့လာဖတ်ရှုခြင်း၊ ကြည့်ရှုခြင်း၊ နာကြားခြင်းတို့ကို ခွင့်ပြုရမည်ဟု အတည်ပြုထားသော်လည်း အမျိုးသားလွှတ်တော်က အနှစ်ချုပ်ကာ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများက ဗုဒ္ဓဘာသာဆိုင်ရာ ဒါန၊ သီလ၊ ဘာဝနာအစရှိသည့် ကိစ္စရပ်များ ဆောင်ရွက်ခြင်းကို ခွင့်ပြုရမည်ဟု ပြင်ဆင်အတည်ပြုခဲ့ခြင်းဖြစ်သောကြောင့် သဘောထားကွဲလွဲမှုရှိသည်ဟု ၎င်းက ပြောဆိုခြင်း ဖြစ်သည်။
“ဗုဒ္ဓဘာသာဝင်မိန်းကလေးနဲ့ ထိမ်းမြားတဲ့ အခြားဘာသာဝင်ယောက်ျားက ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ အဓိပ္ပါယ်ကိုမသိနိုင်ဘူး။ ဒါကြောင့် ဒီဥပဒေအရေးကြီးတဲ့ဥပဒေဖြစ်လို့ ပြည်သူ့လွှတ်တော်က အပြည့်အစုံ ဖော်ပြထားတယ်။ အမျိုးသားလွှတ်တော်က မပြည့်စုံတဲ့အတွက် ပြည်သူ့လွှတ်တော်အတိုင်းသာ ထားရှိမယ်လို့ ထင်တယ်”ဟု ဦးသိန်းထွန်းဦးက ပြောသည်။
ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့သော ထိုဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အချက် လေးချက်ကို ပယ်ဖျက်ခြင်း၊ (၁၂)ချက်ကို ပြင်ဆင်ခြင်းတို့ဖြင့် အတည်ပြုခဲ့ကာ ပြည်သူ့လွှတ်တော်တွင် ယနေ့ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့ခဲ့ကြောင်း၊ ဆွေးနွေးလိုသူများအနေဖြင့် ယခုလ ၄ ရက်တွင် ဆွေးနွေးနိုင်ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ကြေညာခဲ့သည်။
(၃.၆.၂၀၁၄) ပြည်ထောင်စုနေ့စဉ်။