Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

“မ.ဘ.သကို ဆန်းစစ်ခြင်း” (၂)

$
0
0
ခင်မောင်မြင့်နဲ့ ကျော်ဇေယျာထွန်း ရေးသည်။
ကောင်းမြတ်မိုး ပံ့ပိုးသည်။

ရန်ကုန် (မေ ၂ဝ၁၅)

လုပ်ကိုင်နေပုံတွေ မှားနေသလား
မ.ဘ.သ ဦးဆောင်ဆရာတော်တွေက လုပ်ဆောင်စရာရှိတာတွေကို လုပ်ဆောင်နေကြပေမယ့် ယင်းအဖွဲ့ရဲ့ လုပ်ငန်းဆောင်တာမှန်သမျှကို သံဃာထုအားလုံးက နစ်သက်လက်ခံကြတာတော့ မဟုတ်ပါဘူး။
နယ်လှည့်ဓမ္မကထိကဆရာတော်တစ်ပါးဖြစ်တဲ့ မန္တလေးမှ ဒယ်အိုးလေးဆရာတော် အရှင်တေဇနန္ဒက မ.ဘ.သအဖွဲ့ရှိသင့်တယ်ဆိုတဲ့အချက်ကို လက်ခံပေမယ့် လုပ်ပုံကိုင်ပုံနဲ့ပတ်သက်ပြီး ဝေဖန်စရာတွေရှိတယ်လို့ မိန့်ပါတယ်။
“ဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဆိုတာ သက်ဆိုင်ရာဘာသာတိုင်းမှာ ရှိတာပဲ။ ခရစ်ယာန်မှာလည်းရှိတယ်။ အစ္စလာမ်မှာလည်းရှိတယ်။ ဟိန္ဒူမှာလည်းရှိတယ်။ ဒါပေမယ့် သူများဘာသာကို မပုတ်ခတ်မစော်ကားတဲ့အသင်းအဖွဲ့ဖြစ်ဖို့လိုတယ်”လို့ အရှင်တေဇနန္ဒက ထောက်ပြပါတယ်။
ဒါ့အပြင် မ.ဘ.သရဲ့ လုပ်ဆောင်နိုင်စွမ်းပေါ်မှာလည်း ဒယ်အိုးလေးဆရာတော်က သံသယရှိနေပါတယ်။
“ဗုဒ္ဓဘာသာအတွင်းမှာရှိနေတဲ့ ကိုယ့်လူမျိုးအချင်း ကိုယ့်ရဟန်းအချင်းတောင် ယုံကြည်အောင် စည်းရုံးသိမ်းသွင်းနိုင်ခြင်းမရှိတဲ့ ဒီအဖွဲ့အစည်းသည် ဘယ်လိုလုပ် သာသနာကို စောင့်ရှောက်နိုင်မှာလဲ”လို့ ဆရာတော်က မိန့်ပါတယ်။
“ဦးဇင်းတို့ယုံကြည်လာအောင် ဒီအဖွဲ့အစည်းကို ဦးဇင်းတို့ အားကိုးလာအောင် သူတို့အနေနဲ့ စည်းရုံးသိမ်းသွင်းဖို့ မလုပ်သင့်ဘူးလား”လို့လည်း အရှင်တေဇနန္ဒက မေးခွန်းထုတ်ပါတယ်။
သူ့အတွက်ကတော့ လောလောဆယ်မှာ မ.ဘ.သအဖွဲ့ဟာ အားကိုးစရာမဟုတ်တဲ့အပြင် အနှောက်အယှက်တောင် အပေးခံနေရတယ်လို့ အရှင်တေဇနန္ဒက မိန့်ပါတယ်။
မ.ဘ.သရဲ့ လုပ်ငန်းစဉ်တစ်ချို့ကို ဝေဖန်ပေးတဲ့အတွက် သူ့မှာ အပုတ်ခတ်ခံနေရ၊ အဆဲအဆိုခံနေရတယ်လို့ အရှင်တေဇနန္ဒက မိန့်ပါတယ်။
“မ.ဘ.သရဲ့ အထက်ပိုင်း ဦးဆောင်ဆရာတော်တွေ မသိဘူး ဒီဖြစ်စဉ်တွေကို။ အောက်ခြေမှာရှိနေတဲ့မြို့နယ်၊ ရပ်/ကျေး အဲဒီကအဖွဲ့တွေက လိုက်နှောက်ယှက်တယ်။ ကြည့်မြင်တိုင်၊ သရက်တော ၄ လမ်းဆိုရင် ဦးဇင်းကို တရားပွဲကြိုပင့်ထားတာ တစ်နှစ်လောက်ရှိတယ်။ တရားပွဲနားလည်းနီးရော ဒီ မ.ဘ.သကကိုယ်တော်တွေ ဦးဇင်းဒီတရားပွဲကို တက်ရင် မပျက်ပျက်အောင် ဖျက်မယ်တဲ့။ ဒီလိုမျိုးဖြစ်စဉ်တွေရှိတယ်”လို့ ဒယ်အိုးလေးဆရာတော်က မိန့်ပါတယ်။
နောက်တစ်ခါ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ အာယုပါလက ပရဟိတအသင်းက ကြီးမှူးပြုလုပ်တဲ့ ဗိုလ်ချုပ်နှစ်တရာပြည့် တရားပွဲမှာ မြို့နယ်သံဃနာယက အာဏာပိုင်အဖွဲ့အစည်းတွေက သူ့ကိုခွင့်ပြုပေမယ့် မ.ဘ.သအဖွဲ့ဝင်တွေက ကန့်ကွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“၉၆၉၊ မ.ဘ.သ တွေကနေပြီးတော့ ဦးဇင်းကို တရားပွဲလာပိတ်တယ်။ တကယ်လို့ ဦးဇင်းက ပလ္လင်ပေါ်ကနေ သံဃာသင်းကွဲအောင် ဟောပြောလို့ရှိရင် ဒီပွဲကိုပျက်စီးအောင် ဖျက်ဆီးမယ် ဆိုတာတွေ ဖြစ်ခဲ့တယ်။ ဒါတွေက ဦးဇင်းဆီမှာ သက်သေသာဓက အားလုံးရှိတယ်”လို့ အရှင်တေဇနန္ဒက မိန့်ပါတယ်။
“ဒါကြောင့် ဦးဇင်းက တရားဝင်စိန်ခေါ်တာ။ မ.ဘ.သ ၉၆၉ တွေအကုန်လုံးကို စိန်ခေါ်တယ်လို့ပြောတာ။ ဘာလို့ မ.ဘ.သ လုပ်တယ်လို့ ပြောလို့ရလဲဆိုရင် တရားပွဲဖြစ်မြောက်ရေးကော်မတီတွေကိုယ်တိုင်က ဦးဇင်းကိုပြောတာ”
ရွှေညဝါဆရာတော်လည်း ဘိုကလေးကိုသွားဟောမယ့် တရားပွဲတစ်ပွဲ အပိတ်ခံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။
“ငါ့ကိုလက်မခံပါဘူး။ တရားဟောခွင့်မပေးဘူး။ (ဆိုပြီး) သူတို့စာတွေထုတ်ပြန်တယ်။ မ.ဘ.သနှင့် သံဃာ့မဟာနာယက က ထုတ်ပြန်တာ”လို့ ရွှေညဝါဆရာတော်က မိန့်ပါတယ်။
ပုံမှန်အနေအထားဆိုရင် ဇွတ်တိုးမှဖြစ်ပေမယ့် ‘ခွင်’ဆင်ထားတယ်ထင်တာနဲ့ ဘိုကလေးကို မသွားဖြစ်တော့ဘူးလို့ ရွှေညဝါက မိန့်ပါတယ်။
“ဇွတ်တိုးရင် တစ်နေ့ သုံးထောင် (ကျပ်)နှင့် ဒံပေါက်တစ်ထုတ်ကြွေးပြီး လုပ်လို့ရတဲ့အကောင်တွေ ငါ့ကိုလုပ်ကြံမယ်။ ငါနိုင်လည်းမကောင်းဘူး။ သူတို့နိုင်လည်းမကောင်းဘူး။ ဘယ်သူပဲနိုင်နိုင် မကောင်းဘူး”
ဦးဝီရသူကတော့ မ.ဘ.သ မှာ တရားပွဲတွေ ဟောပြောတွေလိုက်ပိတ်တဲ့မူ မရှိဘူးလို့ ဆိုပါတယ်။
“တရားပွဲပဲဖြစ်ဖြစ်၊ ဟောပြောပွဲပဲဖြစ်ဖြစ် မပိတ်ပင်ကောင်းဘူး။ သူများလုပ်တဲ့ကုသိုလ် နှောက်ယှက်ရာရောက်တယ်။ ဦးဇင်းတို့ မ.ဘ.သမှာလည်း အဲဒီလို မူမရှိပါဘူး”လို့ ဦးဝီရသူက မိန့်ပါတယ်။
သူကိုယ်တိုင်လည်း တရားပွဲအပိတ်ခံခဲ့ရတယ်လို့ ဦးဝီရသူက ဆိုပါတယ်။
“၂၀၁၃ က စမ်းချောင်းက တရားပွဲမှာ ဦးဇင်းတစ်ပါးတည်းကို ချန်ခဲ့တယ်။ အခုလည်းမရမ်းကုန်း ၂ ရပ်ကွက်တရားပွဲမှာ ဦးဇင်းတစ်ပါးတည်းကို ကွက်ချန်ခိုင်းတယ်။ ဒါတွေက ဒေသအာဏာပိုင်ရယ်၊ မြို့နယ်သံဃာ့မဟာနာယကရယ် ဒါတွေနဲ့ပဲဆိုင်တယ်။ မ.ဘ.သနဲ့မဆိုင်ဘူး”လို့ ဦးဝီရသူက မိန့်ပါတယ်။
ဒယ်အိုးလေးဆရာတော်နှင့် ရွှေညဝါဆရာတော်တို့က သူတို့ရဲ့တရားပွဲ မဖြစ်မြောက်အောင် အနှောက်အယှက်ခံခဲ့ရတယ်လို့ ပြောဆိုနေတဲ့အချိန်မှာ စာရေးဆရာထင်လင်းဦးကတော့ သံဃာအချို့ကို ပြင်းပြင်းထန်ထန် ဝေဖန်မိတဲ့အတွက် ဘာသာ သာသနာညိုးနွမ်းစေမှုနဲ့ တရားစွဲခံထားရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အောက်တိုဘာ ၂၃ ရက်မှာကျင်းပခဲ့တဲ့ စာပေဟောပြောပွဲမှာ ဟောပြောခဲ့တဲ့ စာရေးဆရာထင်လင်းဦးရဲ့ အပြောအဟောတွေဟာ ဗုဒ္ဓဘာသာကိုစော်ကားရာကျတယ်ဆိုပြီး တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။
သူ့ဟောပြောချက်တစ်ချို့ကြောင့် သံဃာတော်တွေရဲ့ စိတ်နှလုံး မချမ်းမြေ့ဘူးဆိုတာ သိရတဲ့အတွက် လူအများရှေ့မှာ ရဟန်းသံဃာတွေကို တောင်းပန်ခဲ့ပေမယ့် ချောင်းဦးမြို့နယ် သာသနာရေးဦးစီးဌာနက ခွင့်မလွတ်ခဲ့ပါဘူး။ တရားစွဲဆိုခဲ့ပါတယ်။
မ.ဘ.သ အဖွဲ့ကတော့ စာရေးဆရာထင်လင်းဦးကို တရားစွဲဆိုထားတာ သူတို့အဖွဲ့က တရားစွဲတာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် စာရေးဆရာထင်လင်းဦးကိုတရားစွဲဖို့အတွက် မ.ဘ.သ အဖွဲ့က ဖိအားပေးခဲ့တယ် ဆိုတဲ့ သတင်းတွေကိုတော့ သတင်းမီဒီယာတွေမှာ တွေ့မြင်ခဲ့ရပါတယ်။
မ.ဘ.သရဲ့ မူဝါဒထဲမှာ တရားပွဲတွေ စာပေဟောပြောတွေ ပိတ်ဖို့ မူဝါဒမရှိပေမယ့် မ.ဘ.သကိုတိုက်ခိုက် ပုတ်ခတ်စော်ကားလာမယ့် စာပေဟောပြောပွဲမျိုးမလုပ်ပါဘူးလို့တော့ ပွဲစီစဉ်တဲ့သူနှင့် ဟောပြောမယ့်သူတွေက နယ်မှာရှိတဲ့ မ.ဘ.သတွေဆီမှာ လက်မှတ်ထိုးရတယ်လို့ ဦးပါမောက္ခက ရှင်းပြပါတယ်။
အကြောင်းကတော့ အမျိုးဘာသာ သာသနာနှင့် ၉၆၉ကို စော်ကားဟောပြောလာရင် ပြဿနာတစ်စုံတစ်ရာမဖြစ်အောင် ကြိုတင်တားဆီးတဲ့သဘောလို့ ဆရာတော်က ရှင်းပြပါတယ်။
“မ.ဘ.သတို့ ၉၆၉ တို့ကို ထိခိုက် ပုတ်ခတ်လို့ ဖြစ်ပေါ်လာမယ့် ပြဿနာတွေကို ဟောပြောသူနှင့် ဟောပြောပွဲဖြစ်မြောက်ရေးတာဝန်သာ ဖြစ်တယ်။ မ.ဘ.သနှင့် မသက်ဆိုင်ဘူး”လို့လည်း ဆရာတော်က မိန့်ပါတယ်။
စာရေးဆရာထင်လင်းဦး ဖြစ်ရပ်နောက်ပိုင်းမှာ မ.ဘ.သဟာ အဝေဖန်ခံနိုင်တဲ့ အဖွဲ့မျိုးမဟုတ်ဘူးလို့ ပြောဆိုမှုတွလည်း ရှိလာပါတယ်။
ဝေဖန်မခံနိုင်တာ တွေနဲ့ပတ်သက်ပြီး ရွှေညဝါဆရာတော်က “အခုက ဆတ်ဆတ်ထိမခံ ကြက်ခေါင်းဆိတ်မခံ”လို့ မှတ်ချက်ပြုပါတယ်။
“အဲဒါတွေကို လူတွေက မလုပ်ဖို့ ဘုန်းကြီးတွေက ဆုံးမရမှာ။ အခုက ဘုန်းကြီးတွေကိုယ်တိုင်က အဲဒီလိုဖြစ်နေတယ်”
မ.ဘ.သအဖွဲ့ကို ဝေဖန်ပြောဆိုနေခြင်းနှင့်ပတ်သက်လို့ ဦးဝီရသူက နိုင်ငံရေးလောကနှင့် စာနယ်ဇင်းလောကဟာ ဝေဖန်တာနှင့် ပြစ်မှားစော်ကားတာကို မသဲကွဲသေးဘူး လို့ ဆိုပါတယ်။ မ.ဘ.သကို ဝေဖန်ကြတဲ့သူတွေဟာ ဝေဖန်တဲ့အဆင့်ကိုကျော်လွန်ကာ ပြစ်မှားစော်ကားတဲ့အထိ ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

ပဋိပက္ခတွေနဲ့ ၉၆၉ ဆက်စပ်မှုရှိလား
မ.ဘ.သကို အခုလိုထောက်ပြစရာဖြစ်နေတာဟာ မ.ဘ.သအဖွဲ့ဦးဆောင်ဆရာတော်တွေနဲ့ မသက်ဆိုင်ဘဲ တစ်ခြားသော မျိုးချစ်အဖွဲ့တွေက မ.ဘ.သအဖွဲ့အမည်ခံကာ တစ်သီးပုဂ္ဂလရေးသား၊ ပြောဆိုနေခြင်းတွေကြောင့် ဝေဖန်ချင်သူတွေအတွက် ထောက်ပြစရာတွေဖြစ်နေတယ်လို့ မ.ဘ.သ (အထက်မြန်မာပြည်) ဦးဆောင်ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။
တစ်ခါတစ်ရံမှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ ဦးဇင်းတစ်ပါး စသဖြင့် ပြောဟောသွားတာဖြစ်စေ၊ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားတာဖြစ်စေ တချို့က မ.ဘ.သအဖွဲ့လို့သာ ထင်မြင်ကြတယ်လို့ ဆရာတော်က မိန့်ပါတယ်။
“ဦးဇင်းဖေ့စ်ဘုတ်မှာ တက်နေတာက မ.ဘ.သနဲ့ မဆိုင်ပါဘူး။ ဦးဇင်းတစ်သီးပုဂ္ဂလပါ။ ဝီရသူသဘောထားပါပဲ။ မ.ဘ.သကလည်း မတားမြစ်ထားဘူး။ အဖွဲ့အစည်းအမည်မသုံးရင် ကြိုက်သလိုလုပ်ခွင့်ရှိတယ်”လို့ ဆရာတော်ဦးဝီရသူက ဆက်လက်မိန့်ပါတယ်။
မ.ဘ.သအဖွဲ့ပေါ်လာတာ မကြာသေးတာကြောင့် စည်းကမ်းပိုင်းဆိုင်ရာမှာ သေသပ်မှုမရှိသေးဘူးလို့လည်း ဆရာတော်က မိန့်ပါတယ်။
ယခု မတ်လအတွင်း Justice Trust အဖွဲ့မှ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ၉၆၉ ခေါင်းဆောင်ဦးဝီရသူဟာ ရခိုင်၊ မိတ္ထီလာ၊ လားရှိုးနဲ့ မန္တလေးတို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ မွတ်ဆလင်မုန်းတီးရေးတရားတွေ ဟောပြီးဖြစ်စေ၊ လူမှုမီဒီယာမှာ လှုံ့ဆော်မှုတွေပြုလုပ်ပြီးဖြစ်စေ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“သူ့ရဲ့ဟောပြောချက်တွေနဲ့ ရာဇဝတ်ကြောင်း အကြမ်းဖက်မှုဖြစ်ရပ်တွေ ဆက်စပ်နေမှုဟာ လှုံ့ဆော်မှုအတွက် အဓိကသက်သေအကြောင်းရင်းဖြစ်တယ်”လို့ အစီရင်ခံစာက ဆက်လက်ဖော်ပြထားပါတယ်။
မ.ဘ.သ ဗဟိုအလုပ်အမှုဆောင် သုတေသနနှင့် သမိုင်းမှတ်တမ်းဌာနအဖွဲ့ဝင် ဦးအောင်မြိုင်ကလည်း ၉၆၉ အဖွဲ့ဟာ အကြမ်းဖက်မှုတွေ ဖြစ်အောင်လုပ်ဆောင်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေကို လုံဝလက်မခံပါဘူးတဲ့။
“၉၆၉ ဟောပြောချက်တွေကြောင့် အဓိကရုဏ်းတွေဖြစ်လာတယ်ဆိုတဲ့သတင်းက အမှားကြီးဗျ။ ဟောပြောပြီးမှ ပဋိပက္ခတွေဖြစ်လာတာမဟုတ်ဘူး။ အဲဒီစကားကို ကျွန်တော်တို့ ပြတ်ပြတ်သားသားငြင်းဆိုတယ်”လို့ ဦးအောင်မြိုင်က ဆိုပါတယ်။
မ.ဘ.သ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဒေါက်တာအရှင်သောပါက ကလည်း ၉၆၉ တွေသွားဟောတဲ့အထဲမှာ ဘာသာခြားတွေကိုထိခိုက်ဖို့၊ ဘာသာခြားတွေကို သတ်ဖြတ်အနိုင်ကျင့်ဖို့  ဟောပြောမှုဆိုတာ တစ်ခုမှမရှိခဲ့ဘူးလို့ တုံ့ပြန်ပါတယ်။
“ရှိခဲ့လို့ရှိရင် ကြိုက်သလိုလာပြီးတော့ဆွေးနွေးလို့ရတယ်။ ၉၆၉ ရဲ့ဟောပြောမှုက အကြမ်းဖက်တယ် ဟောတယ်ဆို ဘယ်စကားက ဟောလဲ၊ ဘယ်သူ့ကိုထိခိုက်အောင်ဟောလဲ”လို့ ဆရာတော်က မေးခွန်းထုတ်ပါတယ်။
၂၀၁၂၊ ဇွန်က ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခနောက်ပိုင်းမှာ ၉၆၉ ကွန်ရက်လှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ၉၆၉ ရဲ့အဓိပ္ပါယ်က ဘုရားဂုဏ်တော် ကိုးပါး၊ တရားဂုဏ်တော် ခြောက်ပါး၊ သံဃာ့ဂုဏ်တော် ကိုးပါးကို ရည်ညွှန်းထားတာဖြစ်ပါတယ်။ လှုပ်ရှားတဲ့ရည်ရွယ်ချက်ကတော့ ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ကြရေး ဖြစ်ပါတယ်။ အဲဒီအထဲမှာ ဗုဒ္ဓဘာသာတွေ ညီညွတ်ကြဖို့၊ စီးပွားရေးလုပ်ငန်းတွေမှာလည်း ကိုယ့်ဘာသာဝင်အချင်းချင်းအားပေးကြဖို့ တိုက်တွန်းတာတွေ ပါပါတယ်။
ဒါပေမယ့် ကမ္ဘာ့မီဒီယာစာမျက်နှာမှာတော့ ၉၆၉ လှုပ်ရှားမှုတွေဟာ အကြမ်းဖက်မှုတွေဖြစ်ပေါ်အောင် လှုံ့ဆော်တဲ့အဖွဲ့အစည်းအဖြစ် ရေးသားကြတာတွေ ရှိခဲ့ပါတယ်။ အဓိကထောက်ပြကြတာကတော့ မိမိဘာသာကို ကာကွယ်ထိန်းသိမ်းကြဖို့ လှုံ့ဆော်ရင်းနဲ့ အခြားဘာသာဝင်တွေကို ခြိမ်းခြောက်တဲ့ အဟောအပြောတွေ ပါလာတယ်လို့ ဆိုကြပါတယ်။
နောက်ပိုင်းမှာတော့ ၉၆၉ လှုပ်ရှားမှုဟာ အမှတ်တံဆိပ်တစ်ခုအနေနဲ့သာကျန်ခဲ့ပြီး ၉၆၉ သံဃာတော်တွေလည်း မ.ဘ.သ အဖွဲ့ထဲသို့ ရောက်လာခဲ့ကြပါတယ်လို့ ဦးဝီရသူက ရှင်းပြပါတယ်။ မ.ဘ.သမှ သံဃာအချို့ မိမိဘာသာကို ကာကွယ်ထိန်းသိမ်းရေး လိုက်လံဟောပြောစည်းရုံးတဲ့နေရာမှာ အခြားဘာသာတွေကိုဆိုးဆိုးရွားရွား ပုတ်ခတ်ပြောဆိုတာတွေအပေါ်မှာလည်း ဝေဖန်ကြတာတွေ ရှိပါတယ်။
ဦးဝီရသူဆိုရင် သူ့ရဲ့တရားပွဲအချို့မှာ အစ္စလာမ်ဘာသာဝင်တွေကို ရင့်သီးကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ သုံးနှုန်းကာ ပုတ်ခတ်ဟောပြောတာတွေ ရှိခဲ့ပါတယ်။
တခြားသော ဘာသာခြားတွေကို ဝေဖန်ပုတ်ခတ်ခြင်းမပြုဘဲ ပြောဟောစည်းရုံးလို့ မရဘူးလားဆိုတဲ့ မော်ကွန်းမဂ္ဂဇင်းရဲ့မေးခွန်းကို ဦးဝီရသူက “အဲဒါဆို ဂျပန်တော်လှန်းရေးကားတွေ၊ အင်္ဂလိပ်တော်လှန်ရေးကားတွေမရိုက်နဲ့။ ကမ္ဘာမကြေသီချင်းမဆိုနဲ့။ သူများတွေစော်ကားတာကို ပြောပြမှ မျိုးချစ်စိတ်ဆိုတာပေါ်မှာလေ။ အမှန်တရားကို မြတ်နိုးမှာလေ”လို့ တုံ့ပြန်ပါတယ်။
နိဗ္ဗာန်ရောက်ကြောင်းတရားဆိုတာ နူးညံ့သိမ်မွှေ့စွာ တစ်ခွန်းချင်းဟောရတာဖြစ်ပြီး မိမိဟောပြောနေသည်မှာ နိဗ္ဗာန်ရောက်ကြောင်းတရားဟောနေတာမဟုတ်ဘဲ ဇာတိသွေး၊ ဇာတိမာန်တွေ ကိန်းအောင်းလာအောင် ဆွပေးရ၊ နှိုးပေးရတာကြောင့် အခုလိုနည်းဗျူဟာတွေကို အသုံးပြုနေရတာလို့ ဦးဝီရသူက မိန့်ပါတယ်။
“ဦးဇင်းတို့က သူတို့ကို စော်ကားနေတာ၊ တိုက်ခိုက်နေတာမဟုတ်ပါဘူး။ ဦးဇင်းတို့က အစော်ကားခံနေရတာကို ချပြတာ။ စော်ကားတဲ့သူက ကိုယ်ထိလက်ရောက်စော်ကားတာကို ဦးဇင်းတို့က နာမည်လေးတောင် မတပ်ရဘူးလား။ ဒီဘက်ကလည်း ထည့်တွက်ကြဦး”လို့လည်း ဦးဝီရသူက မိန့်ပါတယ်။
ဦးဝီရသူ သုံးနှုန်းတဲ့ အသုံးအနှုန်းတွေထဲမှာ တစ်ကမ္ဘာလုံးက ရှုံ့ချတဲ့အထိဖြစ်သွားတဲ့အသုံးအနှုန်းကတော့ ကုလသမဂ္ဂလူ့အခွင့်အရေးသံတမန် မစ္စရန်ဟီလီကို ‘ပြည့်တန်ဆာမ’နဲ့ နှိုင်းပြီး ပြောဆိုခဲ့တဲ့ကိစ္စပါပဲ။
ဘင်္ဂလီတွေကို ရိုဟင်ဂျာအဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုနေတာကို လက်မခံနိုင်တဲ့အကြောင်း ကမ္ဘာကသိအောင် အခုလိုပြောဆိုခဲ့ရတာပါလို့ ဦးဝီရသူက ဆိုတဲ့တိုင်အောင် ဒီအသုံးအနှုန်းကြောင့် ကမ္ဘာ့အမြင်မှာ ဗုဒ္ဓဘာသာရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ဆရာတော်တွေက ဝေဖန်ခဲ့ကြပါတယ်။

အစိုးရလက်ကိုင်တုတ်လား
မ.ဘ.သ အနေနဲ့ အမျိုးဘာသာ သာသနာ ကာကွယ်ထိန်းသိမ်းနေတယ်ဆိုပေမယ့် အစိုရပိုင်းနဲ့ပတ်သက်နေတဲ့ ကိစ္စရပ်တွေအပေါ်မှာတော့ လက်ရှောင်နေတတ်ပြီး အစိုးရမကြိုက်တာတွေကို မလုပ်ဘူးလို့ သံဃာတော်တချို့နဲ့ လူပုဂ္ဂိုလ်တချို့က ဝေဖန်ထောက်ပြတာတွေ ရှိပါတယ်။
ဝေဖန်သူတွေထောက်ပြတဲ့အကြောင်းအရာတွေထဲမှာ လက်ပံတောင်းတောင် ကြေးနီစီပံကိန်းရှိ လယ်တီသိမ်တော်ကြီးပြောင်းရွှေ့ခံရတဲ့ ဖြစ်စဉ်၊ ယင်းစီမံကိန်းလုပ်ငန်းခွင်အနီး သေနတ်နဲ့ပစ်ခံခဲ့ရတဲ့ ဒေါ်ခင်ဝင်းဖြစ်စဉ်တွေမှာ မ.ဘ.သအဖွဲ့ဟာ ထိထိရောက်ရောက် ဘာမှဝေဖန်ကန့်ကွက်တာမျိုးမလုပ်ခဲ့ဘူးလို့ ထောက်ပြကြပါတယ်။
အလားတူ ရန်ကုန်မြို့ရှိ သန္တိသုခကျောင်းတိုက် ဝင်ရောက်စီးနင်းခံရမှု၊ သံဃာတော်တွေကို သင်္ကန်းအတင်းချွတ်ကာ တရားစွဲဆိုခံရမှု ဖြစ်စဉ်တွေမှာ မ.ဘ.သအဖွဲက ပါဝင်ခဲ့ခြင်း မတွေ့ခဲ့ပါဘူး။
“ဘာသာခြားက ကိုယ့်ဘာသာကိုလာစော်ကားမှ အမျိုးစောင့်မှာလား၊ ဘာသာအချင်းချင်းက အာဏာ၊ လုပ်ပိုင်ခွင့်၊ ရာထူးတွေနဲ့ မတရားအနိုင်ကျင့်တာကိုရော ထိန်းသိမ်းစောင့်ရှောက်ဖို့မသင့်ဘူးလား”လို့ ဒယ်အိုးလေးဆရာတော် အရှင်တေဇနန္ဒက မေးခွန်းထုတ်ပါတယ်။
အရှင်ဝီရသူကတော့ အထက်ပါဝေဖန်ထောက်ပြချက်တွေကို အခုလို ပြန်လည်တုံ့ပြန်ပါတယ်။
“လယ်တီသိမ်တော် ဖျက်တာက မဟနရဲ့ခွင့်ပြုချက်နဲ့ ဖျက်တာဖြစ်ပြီး ဖျက်ဆီးတာမဟုတ်ဘဲ နေရာရွှေပြောင်းဖို့ ဖျက်တာဖြစ်တဲ့အတွက် တရားနည်းလမ်းကျတယ်”လို့ မိန့်ကြားပါတယ်။
လက်ပံတောင်းတောင်အရေးအခင်းမှာ သေဆုံးခဲ့တဲ့ ဒေါ်ခင်ဝင်းနဲ့ပတ်သက်လို့လည်း ဦးဝီရသူက “အစိုးရနှင့်ပြည်သူက ဗုဒ္ဓဘာသာအချင်းချင်းဖြစ်တာ (မ.ဘ.သက ဝင်ပြီး)မပါဘူး။ လူမှုရေးအရတော့ ဗဟိုမ.ဘ.သကလည်း ဒေါ်ခင်ဝင်းကိုသွားလှူသလို မန္တလေး မ.ဘ.သကလည်း ဒေါ်ခင်ဝင်းရော ဒဏ်ရာရ ရဲတွေကိုရော သွားလှူတယ်”လို့ မိန့်ဆိုပါတယ်။
ယင်းသို့ အစိုးရနဲ့ ထိပ်တိုက်တွေ့ရမယ့် ဖြစ်စဉ်တွေအပေါ်မှာ ဝေဖန်ထောက်ပြ၊ ကန့်ကွက်ပြောဆိုတာမျိုးမလုပ်တဲ့အတွက် မ.ဘ.သအဖွဲ့ဟာ အစိုးရရဲ့ လက်ကိုင်တုတ်များဖြစ်လေမလားဆိုတဲ့ အယူအဆမျိုးတွေနဲ့ ဝေဖန်ပြောဆိုနေကြတာတွေ ရှိပါတယ်။
“နိုင်ငံရေးအဖွဲ့အစည်းမဟုတ်တဲ့အတွက်ကြောင့် နိုင်ငံရေးမှာ၊ အစိုးရနဲ့ဆန့်ကျင်တာတွေမှာ မပါဝင်ဖို့ (မ.ဟ.န)က မေတ္တာရပ်ခံထားတယ်။ သံဃာ့မဟာနာယက ကလည်း သူတို့လုပ်ငန်းစဉ်မှာ ဝင်မပါဖို့ စည်းကမ်းသတ်မှတ်ပေးထားတယ်။ ဦးဇင်းတို့က အမျိုးဘာသာ သာသနာကာကွယ်ဖို့အတွက်ပဲ လုပ်ပိုင်ခွင့်ရှိတယ်”လို့ ဆရာတော်ဦးဝီရသူက မိန့်ဆိုပါတယ်။
မ.ဘ.သ (ရန်ကုန်တိုင်းဒေသကြီး)ဦးဆောင်ဆရာတော် ဦးပါမောက္ခကတော့ နိုင်ငံတော်သံဃာ့မဟာနာယကရဲ့ လုပ်ငန်းစဉ်သုံးရပ်ဖြစ်တဲ့ သာသနာသန့်ရှင်းရေး၊ သာသနာတည်တံ့ရေး၊ သာသနာပြန့်ပွားရေးမှာ နောက်ကလုပ်ငန်းစဉ်နှစ်ခုဖြစ်တဲ့ တည်တံ့နဲ့ ပြန့်ပွားရေးတို့ကို ကူညီဆောင်ရွက်ပေးတယ်လို့ ဆိုပါတယ်။
“ဘုန်းကြီးတို့က သန့်ရှင်းရေးဘက်မှာဝင်ပြီးတော့ မလုပ်ပါဘူး။ သန့်ရှင်းရေးဘက်မှာ ဓမ္မစက်နဲ့လုပ်လို့မရရင် အာဏာစက်နဲ့လုပ်ရတဲ့အတွက် နောက်ကအာဏာပိုင်အဖွဲ့အစည်း လိုအပ်ပါတယ်”လို့ ဆရာတော်က ရှင်းပြပါတယ်။
တခြားတစ်ဖက်ကလည်း မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေဖြစ်ပွားနေတဲ့ အခြေအနေတစ်ခုမှာ မ.ဘ.သအဖွဲ့မှ အချို့သံဃာတော်တွေက တခြားသောဘာသာဝင်တွေအပေါ် အမုန်းပွားနိုင်စရာ စကားတွေ ပြောဆိုနေပေမယ့် အစိုးရက လျစ်လျူရှုထားသလို ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေကလည်း ရှိနေပါတယ်။
ဒါကြောင့်လည်း မ.ဘ.သဟာ အစိုးရရဲ့ဘက်မှာရှိတဲ့ အစိုးရရဲ့လူတွေလားလို့တောင် ဝေဖန်ခံရတာတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ မ.ဘ.သအဖွဲ့ကိုယ်တိုင်ကလည်း မ.ဘ.သအဖွဲ့ဟာ မည်သည့်နိုင်ငံရေးပါတီ၊ မည်သည့်နိုင်ငံရေးအသင်းအဖွဲ့နဲ့မျှ ဆက်စက်ပတ်သက်မှုမရှိဘူးလို့ ကြေငြာချက်ထုတ်ပြန်ခဲ့တယ်လို့ ဦးဝီရသူက မိန့်ပါတယ်။
“ဒီအဖွဲ့အစည်းဖွဲ့ဖို့အတွက် အစိုးရအကြံဉာဏ်ပေးတာလည်း မဟုတ်ဘူး။ အကူအညီလည်းမယူဘူး။ ဆက်စပ်မှုလည်း မရှိဘူး”လို့ ဆရာတော်ဦးဝီရသူက မိန့်ကြားပါတယ်။
မ.ဘ.သအနေနဲ့ အမျိုးဘာသာ သာသနာနဲ့ပတ်သက်ရင် အစိုးရက လုပ်ဆောင်နေတဲ့တိုင် မကြိုက်ပါကလည်း ကန့်ကွက်ခဲ့တာတွေ များစွာရှိတယ်လို့ မ.ဘ.သ ဦးဆောင်ဆရာတော်တွေက တုံ့ပြန်ပါတယ်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခဲ့တဲ့ မ.ဘ.သ ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတခန့်အပ်ခြင်းဆိုင်ရာ သတ်မှတ်ချက်ဖြစ်တဲ့ ၅၉(စ)ကို ပြင်ဆင်လိုတဲ့တောင်းဆိုမှုတွေကို ကန့်ကွက်ခဲ့ရာက နိုင်ငံရေးပါတီကြီးတစ်ခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(ပြည်ခိုင်ဖြိုး)ပါတီနဲ့ နီးစပ်သူတွေဖြစ်တယ်လို့ ဝေဖန်စွပ်စွဲခံရပါသေးတယ်။
တစ်ဖက်မှာလည်း ၅၉(စ)ကို ပြင်ဆင်လိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့လည်း ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ခဲ့ပါတယ်။
တချို့သောနိုင်ငံရေးလေ့လာသူတို့က မ.ဘ.သအဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လူကြိုက်နည်းအောင် တမင်လုပ်တဲ့အဖွဲ့သာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် လက်ရှိအစိုးရရဲ့ နိုင်ငံရေးအလှည့်အပြောင်းတွေကို ဖန်တီးပေးဖို့အတွက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ်တောင် ရှုမြင်ကြပါတယ်။
မ.ဘ.သဦးဆောင်ဆရာတော်တွေ တုံ့ပြန်တာကတော့ သူတို့အနေနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ထောက်ခံသလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိုလည်း ထောက်ခံတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပုဒ်မ ၅၉(စ)ပြင်ဆင်ရေးအတွက်တော့ စိုးရိမ်မှုရှိတယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကြောင့် ၅၉(စ)ကို ပြင်ဆင်မယ်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းကို ခြွင်းချက်အနေနဲ့ ခွင့်ပြုပြီး ကျန်တဲ့သူတွေမပါဝင်စေရလို့ဆိုတဲ့ ကြေငြာချက်ကို မ.ဘ.သက ထုတ်ပြန်ခဲ့တယ်လို့ ဆရာတော်ဦးဝီရသူက မိန့်ပါတယ်။
အခြားတစ်ဖက်မှာလည်း အစိုးရက တချို့အခြေအနေတွေမှာ ပြည်သူကိုအာရုံလွဲဖို့ မ.ဘ.သကို ‘ဖမ်းစား’တဲ့ လုပ်ရပ်တွေရှိနေတယ်လို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။
အထူသဖြင့် ပညာရေးဥပဒေပြင်ဆင်ရေးအတွက် ကျောင်းသားတွေ ဆန္ဒပြတောင်းဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်နေတဲ့ တစ်ချိန်တည်းမှာပဲ အစိုးရက ယာယီနိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားသူတွေအနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိတယ်လို့ ရုတ်တရက် ထုတ်ပြန်ကြေငြာခဲ့တယ်။
ဒီလိုဖြစ်လာတာဟာ ပညာရေးဥပဒေပြင်ဆင်ရေးအတွက် ကျောင်းသားတွေ ဆန္ဒပြတောင်းဆိုမှုတွေအပေါ်မှာ အာရုံပြောင်း၊ အရှိန်လျော့အောင် အစိုးက တမင်လုပ်တာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။
ဒီလိုထုတ်ပြန်လိုက်တဲ့အချိန်မှာ မ.ဘ.သအဖွဲ့ဟာ ကန့်ကွက်ကြေငြာချက်တွေ ထုတ်ပြန်ခဲ့သလို ဝှိုက်ကဒ်ကိစ္စနဲ့ပတ်သက်ပြီး အစိုးရဘက်မှ တာဝန်ရှိသူတွေကို မ.ဘ.သ (ဗဟို)ကို ခေါ်ပြီးတော့ ဆွေးနွေးခဲ့တယ်လို့ မ.ဘ.သ ဦးဆောင်ဆရာတော်တွေက မိန့်ပါတယ်။

မ.ဘ.သ ဘာဆက်လုပ်မလဲ
ဒီမေးခွန်းနဲ့ပတ်သက်ပြီး ဦးဝီရသူမှာ အဖြေရှိနှင့်နေပါတယ်။ အမျိုးစောင့်ဥပဒေလေးရပ်စလုံး ပြဋ္ဌာန်းပြီးရင်တော့ “ထိုင်ပြီးတော့ ထောင်ချနေရုံပဲ။ ဘာတရားဟောစရာလိုသေးလို့တုံး။ ဒီဥပဒေမရှိလို့ ကုလားမယူနဲ့ ဟောနေရတာလေ”လို့ ဦးဝီရသူက ပြုံးပြုံးကြီးနဲ့ မိန့်ပါတယ်။
တစ်ဖက်မှာလည်း ယဉ်ကျေးလိမ္မာသင်တန်းတွေကို မြှင့်တင်သွားမယ်လို့ ဦးဝီရသူက မိန့်ပါတယ်။
မ.ဘ.သအဖွဲ့ကို ဝေဖန်ထောက်ပြသူတွေကတော့ မ.ဘ.သအဖွဲ့အား လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့ထောက်ခံတဲ့ပါတီအတွက် စည်းရုံးပေးတာမျိုး လုပ်ပေးလေမလား။ သို့မဟုတ် နိုင်ငံရေးပြောင်းလဲမှုတွေကို နောက်ပြန်ဆွဲချင်သူတွေက မ.ဘ.သအဖွဲ့ကို ခုတုံးလုပ်ပြီး ပဋိပက္ခတွေ ဖန်တီးလေမလားဆိုတဲ့ သံသယစိတ်တွေက ရှိနေကြပါတယ်။
မ.ဘ.သဦးဆောင်ဆရာတော်ဖြစ်တဲ့ ဒေါက်အရှင်သောပါက က သူတို့အဖွဲ့အနေနဲ့ နိုင်ငံရေးလုပ်သွားမှာမဟုတ်ပေမယ့် နိုင်ငံရေးနဲ့ပတ်သက်တဲ့  လှုပ်ရှားမှုတွေကိုတော့ လက်ဆက်စောင့်ကြည့်နေမှာဖြစ်တယ်လို့ ဆိုပါတယ်။
ပါတီနိုင်ငံရေးလုပ်သူတွေအနေနဲ့ “သူ့ပါတီနိုင်ငံရေး သူ့ဘာသာလုပ်၊ တိုင်ပြည်အတွက် သူတို့လုပ်ရင်တော့ တို့အားပေးတယ်။ ဒါပေမယ့် ဘာသာ သာသနာအတွက် ထိခိုက်တာတွေဖြစ်လာရင် တို့ မ.ဘ.သက ဝင်ပြီးတော့ ထိန်းကျောင်းပေးတာတွေ ညှိနှိုင်းတာတွေ လုပ်ပေးဖို့တော့ ရှိပါတယ်”လို့ မိန့်ပါတယ်။




Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...