Quantcast
Channel: The Mad Dog Monk Wirathu(MSY)
Viewing all articles
Browse latest Browse all 2129

"တစ်ကမ္ဘာလုံးနှင့် တစ်ယောက် "(အပိုင်း ၂)

$
0
0


ကျော်ဇေယျာထွန်း ရေးသည်။

(ပြီးခဲ့သည့် ဧပြီလထုတ်တွင် ဆရာတော်ဦးဝီရသူ၏ ငယ်ဘဝအကြောင်း၊ သာသနာ့ဘောင်ထဲ ရောက်ရှိလာပုံ၊ ကျောက်ဆည်မှ မန္တလေးမြို့သို့ ပြောင်းရွှေ့လာပြီးသည့်နောက် အမျိုးသားရေးစာပေများကို လေ့လာခွင့်ရခဲ့ပြီး အမျိုးသားရေးစိတ်ဓာတ်နိုးကြားကာ လျှို့ဝှက်စွာတရားဟောကြားခဲ့ပုံ၊ သကျသီဟ ဓမ္မာစရိယစာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ပုံများကို ဖော်ပြခဲ့ပြီးဖြစ်သည်။
ယခုလတွင် "ဝီရသူ"ဆိုသည့် နာမည်ရရှိလာပုံ၊ ပထဆုံးအကြိမ် ပလ္လင်အထက်တွင် တရားစတင်ဟောကြားခဲ့ပုံ၊ ကျောက်ဆည် အဓိကရုဏ်းဖြစ်စဉ်၊ ယင်းအဓိကရုဏ်းနှင့် ပတ်သက်၍ ဦးဝီရသူနှင့် သူ၏ဆရာသမားတို့ အဖမ်းခံရပုံတို့ကို ထပ်မံဖော်ပြလိုက်ပါသည်။)

အခန်း(၁)
ဆရာတော်ဦးဝီရသူ၏ မူရင်းကလောင်နာမည်မှာ "ဝီရသူရ"ဖြစ်သည်။ "ဝီရ"၏အဓိပ္ပါယ်က လုံ့လ ဝီရိယရှိသူ၊ ရဲရင့်တည်ကြည်သူဟု အဓိပ္ပါယ်ရလေသည်။ "သူရ"၏ အဓိပ္ပါယ်မှာလည်း ရဲရင့်သူဟူ၏။  "ဝီရသူရ"ဟု နှစ်ခုပေါင်းလိုက်သောအခါ ရဲရင့်သူတို့ထက် ရဲရင့်သူဟု ဆိုသည်။ သို့သော် ခေါ်ရပြောရလွယ်စေရန် ရကောက်ကိုဖြုတ်ကာ "ဝီရသူ"ဟု ပြောင်းလဲထားခြင်းသည်။
ဦးပဉ္စင်းသည် ဗုဒ္ဓဟူးသားဖြစ်သည့်အတွက် ဗုဒ္ဓဟူးနှင့်လိုက်ဖက်မည့် နေ့နံများကို စာဖတ်ရင်းဖြစ်စေ၊ သွားရင်းလာရင်းဖြစ်စေ အမြဲလိုလို လေ့လာသည်။ ထိုစဉ် မဟာဝီရမြတ်ဗုဒ္ဓနှင့် နမောတေ ဗုဒ္ဓ ဝီရတု ဆိုသည့် ဂါထာတော်အား ရှာတွေ့ခဲ့သည်။ ယင်းမှတဆင့် ဝီရသူရ ဆိုသည့် နာမည်ကို ရှာဖွေရရှိခဲ့ခြင်းဖြစ်သည်။
သူသည် ထိုနာမည်ကို ကျောက်ဆည်မှ မန္တလေးသို့ ပြောင်းရွှေ့ခဲ့စဉ်ကပင် သုံးစွဲနေပြီဖြစ်သည်။ သူအသုံးပြုသည့် ဗလာစာအုပ်များတွင် သူ၏ဘွဲ့နာမည်ကို မရေးဘဲ "ကလောင် ဝီရသူ (မစိုးရိမ်)"ဟုသာ ရေးသည်။ သို့သော် မည်သည့် စာတစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်မှ ပုံနှိပ်ဖော်ပြခံရခြင်း မရှိသေး။ သူ၏အပြုအမူတွေကို တွေ့သော အခြားသော ရွယ်တူကိုယ်တော်များက စာရေးဆရာရောဂါဖြစ်နေပြီဟု စကြ နောက်ကြသည်။ တချို့က သရော်ကြ၏။ အရူးလို့ ဆိုကြသူများလည်း ရှိလေ၏။
သို့သော် "ဝီရသူ"ဆိုသည့် နာမည်ထင်ရှားလာဖို့အတွက် အကြောင်းက ဖန်လာလေသည်။ ဦးပဉ္စင်း ဝီရသူ၏ မူလရဟန်း ဘွဲ့နာမည်၏ ဘဒ္ဒန္တဝိစိတ္တ ဖြစ်သည်။ သကျသီဟ ဓမ္မာစရိယ အောင်မြင်ခဲ့သဖြင့် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ ဖြစ်လာခဲ့သည်။ ထိုစာမေးပွဲအောင်သည့်နှစ် (၁၉၉၉-ခုနှစ်)မှာပင် ဦးပဉ္စင်းသည် ဘာသာရေးစာအုပ်တစ်အုပ် ရေးသားခဲ့လေသည်။ စာအုပ်၏ အမည်က "တရားထိုင်ခြင်း၊ ငိုရယ်ခြင်းအကြောင်း"ဟူ၏။
စာအုပ်၏အဓိကအကြောင်းရင်းမှာ တန့်ကြည်တောင် ဆရာတော်ကြီး၏ အမှားလေးချက်ကို ရေးသားထားခြင်း ဖြစ်သည်။ တန့်ကြည်တောင်ဆရာတော်ကြီးက တရားထိုင်ပါက ငိုလျှင်၊ ရယ်လျှင် တရားရသည်ဆိုကာ လွတ်လွတ်လပ်လပ် ငိုခိုင်း၊ ရယ်ခိုင်းသည်ဟု ဦးဝီရသူက ဆိုသည်။ စိတ်ရှိလက်ရှိ ရယ်ခွင့်ပေးသည်၊ ကခွင့်ပေးသည်ဟု ဆိုသည်။
"ဝိပဿနာနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ ဘုရားရဲ့တရားတော်က ငိုတဲ့သူ အငိုတိတ်တယ်၊ ရယ်တဲ့သူ အရယ်ရပ်တယ်။ သူက ငိုခိုင်းတယ်၊ ရယ်ခိုင်းတယ်။ ငိုတာ ရယ်တာ တရားထူးလို့ ဟောတယ်ဆိုတော့ ဦးဇင်းက နာမည်နဲ့တကွ ထည့်ရေးတာ"ဟု ဆရာတော် ဦးဝီရသူက စာအုပ် ရေးဖြစ်ရခြင်းအကြောင်းကို ရှင်းပြသည်။
သို့သော် စာအုပ်ထုတ်ဝေခွင့်ကို သာသနာရေးဌာနက ခွင့်မပြုခဲ့။ ထို့ကြောင့် ဦးပဉ္စင်းဦးဝီရသူကိုယ်တိုင် သာသနာရေးဌာနသို့ သွားကာ ဆရာတော်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဦးပဉ္စင်း၏ ဆွေးနွေးပြောဆိုချက်များကို ဆရာတော်ကြီးများက ပြန်လည် မချေပနိုင်။ သို့တိုင် စာအုပ်ထုတ်ဝေခွင့်ကိုတော့ ခွင့်မပြုခဲ့။
နောက်ဆုံးတွင် ဦးပဉ္စင်းသည် (၇)နှစ်ကြာ လေ့လာရေးသားခဲ့ရသည့် ယင်းစာအုပ်ကို ထုတ်ဝေရန် ဆုံးဖြတ်လိုက်တော့သည်။ ရန်ကုန်မြို့၊ ဝင်္ကဘာလမ်းရှိ စာပေစိစစ်ရေးသို့သွားကာ အဆိုပါရုံးမှ အရာရှိများနှင့် တွေ့ဆုံခဲ့သည်။ အရာရှိများက ယင်းစာအုပ်ကို ခွင့်ပြုချက်မရရှိဘဲ ထုတ်ဝေမည်ဆိုပါက ထောင်(၇)နှစ်အထိ ကျခံရမည်ဟု ပြန်ပြောလိုက်သည်။ "ကျုပ်ကလည်း ထောင်ကျခံနိုင်တယ်။"လို့ ပြောပြီး၊ စာအုပ်ကို ခွင့်ပြုချက်မရဘဲ ထုတ်ရန် စီစဉ်ခဲ့သည်ဟု ဦးဝီရသူက ဆိုသည်။
စာအုပ်ထုတ်ရန် စီစဉ်ခဲ့စဉ်က စာအုပ်ကို လေးလေးနက်နက် ခန့်ခန့်ညားညားဖြစ်ရန်အတွက် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ ဆိုသည့် ဘွဲ့အမည် တပ်ခဲ့သည်။ သို့သော် ယင်းအမည်သည် ရေးသည့်အကြောင်းအရာနှင့် ဓာတ်မတည့်သောကြောင့်လား မပြောတတ် အလုပ်မဖြစ်ခဲ့။ ထို့ကြောင့် စာအုပ်နာမည်နှင့် ကလောင်အမည်ကိုပါ ပြောင်းလိုက်၏။
"စာအုပ်ထုတ်တော့ ကလောင်အမည်ကို 'ဝီရသူ'လို့ ပြောင်းလိုက်တယ်။"စာအုပ်အမည်ကိုလည်း "ထေရဝါဒတိုက်ပွဲ"လို့ တပ်လိုက်တယ်။ အဲဒါကို အုပ်ရေ (၂၀၀၀)ရိုက်လိုက်တာ လေးရက်အတွင်း ပြတ်သွားတယ်"ဟု ဆရာတော်က မိန့်သည်။
ယင်းစာအုပ်များကို စာအုပ်ဆိုင်ပေါ်တွင် တင်ကာရောင်းခဲ့ခြင်းမဟုတ်၊ မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်တွင် ချရောင်းခဲ့ခြင်း ဖြစ်သည်။ စာအုပ် (၂၀၀၀) လေးရက်အတွင်း ကုန်သွားသောအခါ နောက်ထပ် အုပ်ရေ (၁၀၀၀၀) ထပ်မံ ရိုက်နှိပ်ခဲ့သည်။ တစ်ညနေတည်း အုပ်ရေ ငါးထောင် ပြတ်သွားသည်ဟု ဆိုသည်။
ထိုစဉ်က စာအုပ်ရောင်းချခဲ့ပုံကို ဦးဝီရသူက "ရုပ်ရှင်လက်မှတ် တိုးသလိုပဲ"ဟု ရယ်မောလျက် မိန့်တော်မူသည်။
ဆရာတော်ဦးဝီရသူက သူရွေးချယ်ထားသော ကလောင်အမည်နှင့် စာအုပ်ထုတ်လိုက်သည့်အခါ အရောင်းစွံကာ နာမည်ပေါက်ခဲ့သည့်အကြောင်းကို ဆက်၍ "အဲဒီမှာ ဝီရသူ ဆိုတဲ့ ကလောင်အမည်ဖြစ်သွားတာ၊ အဲဒီစာအုပ်ကို တစ်သာသနာလုံးမှာ ရှိတဲ့ သံဃာတော်တွေက လေးစားကြတာ၊ ဝီရသူဆိုရင် သူတို့က ထေရဝါဒတိုက်ပွဲနဲ့ တွဲမြင်ကြတယ်"ဟု မိန့်သည်။

အခန်း (၂)
မန္တလေးနဲ့ အမရပူရရှိ သုသာန်များတွင် အမျိုးသားရေးတရားများအား မျက်နှာဖုံးစွပ်ကာ ဟောပြောခဲ့သော ဦးဝီရသူသည် ကျောင်းထိုင်ဆရာတော်ကြီး၏ တားမြစ်မှုကြောင့် အမျိုးသားရေးတရားများ ဆက်လက်ဟောကြားခြင်း မပြုတော့ဘဲ၊ သကျသီဟ စာမေးပွဲကို ဖြေဆိုရန် ကြိုးစားခဲ့သည်။ ယင်းစာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည့်နောက် ၂ဝဝ၁ မေလမှာတော့ သူ၏ အမျိုးသားရေးတရားများကို ပြန်လည်ဟောကြားခဲ့သည်။ သူ၏ဟောကြားမှုများသည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ လေယာဉ်ပျံနှင့် ဝင်အတိုက်ခံခဲ့ရသည့် ၉/၁၁ ဖြစ်စဉ်ထက် စောသည်ဟု ဦးပဉ္စင်းက ဆိုသည်။ ပလ္လင်အထက်တွင် ဟောကြားခဲ့သော ပထမဆုံး တရားပွဲက ကြံခင်းမြို့တွင် ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ဆရာတော်ဦးဝီရသူသည် နှစ်စဉ် နွေရာသီတွင်  လာရောက်ကာ စာဝါ ချပေးတတ်သည်။ ယင်းကျောင်းတွင် ဓမ္မာစရိယ ကိုယ်တော်အပါး သုံးလေးဆယ်ခန့် အမြဲရှိတတ်သည်။ တစ်ရက်လျှင် သုံးလေးကြိမ်မျှ စာဝါချပေးရသည်။ ထိုသို့ စာဝါချပေးရာတွင် အမျိုးသားရေးတရားများကို အမြဲတမ်း ထည့်သွင်းပြောကြားလေ့ရှိသည်။ ယင်းသင်တန်းသို့ ကျေးရွာသူ/သားများ လာရောက်နားထောင်ကြသည်။
 ယင်းနောက်မှာတော့ ယဉ်ကျေးမှုသင်တန်းဆိုသည့် အမည်ဖြင့် သင်တန်းတစ်ခုခေါ်လိုက်သည်။ ဆရာ၊ ဆရာမများ ကျောင်းသူ၊ကျောင်းသားများနှင့် ကျေးရွာသူ ကျေးရွာသားတို့ တက်ရောက်ခဲ့ကြသည်။ ထိုသင်တန်းတွင် ဦးပဉ္စင်းသည် မြန်မာနိုင်ငံမြေပုံကို ဆွဲလိုက်သည်။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ရခိုင်ပြည်နယ် မောင်တောမြို့သို့ ဘင်္ဂါလီများ ဝင်ရောက်လာပုံ၊ မောင်တောမြို့မှ တဆင့် ဘူးသီးတောင်၊ ရသေ့တောင်မြို့များသို့ ပြောင်းရွှေ့အခြေချ နေထိုင်ကြပြီး၊ မြန်မာပြည်ထဲသို့ ရောက်လာကာ သူတို့နိုင်ငံအဖြစ် ထူထောင်ကြပုံတွေကို ဦးပဉ္စင်း မြေပုံနှင့်တကွ ရှင်းပြခဲ့သည်ဟု ဆိုသည်။
"ဆရာ၊ ဆရာမတွေ အားလုံး မျက်စိပွင့်သွားပြီး၊ တရားပွဲတောင်းဆိုတော့ ဦးပဉ္စင်းလည်း ဟောလိုက်တာပေါ့"ဟု ဦးဝီရသူက မိန့်သည်။
ဤသို့ဖြင့် ဦးဝီရသူသည် အမျိုးသားရေးတရားများကို ပြန်လည်ဟောကြားဖို့အတွက် ထပ်မံ၍ အကြောင်းဖန်လာလေတော့သည်။
ပထမဆုံး ဟောသည့် တရားပွဲက ၁၃၆၃-ခု၊ ကဆုန်လဆန်း (၈)၊ ဥပုသ်နေ့ဖြစ်သည်။ ယင်းတရားပွဲပြီးသည့်နောက် ကဆုန်လပြည့်နေ့တွင်လည်း ထပ်မံဟောကြားပေးရန် ကြံခင်းတစ်နယ်လုံးမှ ဆင်းပြီး တောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် ဆရာတော်သည် နောက်တစ်ပွဲ ထပ်မံဟောကြားခဲ့ရသည်။
ဟောကြားခဲ့သည့်အကြောင်းအရာများက ပထမတရားပွဲတွင် မူဆလင်ဘာသာဝင်တို့၏ ငွေအသပြာကို ယူခြင်း၊ အမျိုးသမီးများကို ယူခြင်း၊ မြေယာတွေကို ယူခြင်းနှင့် သာသနာသိမ်းပိုက်ခြင်း စသည်တို့ကို ဥပမာ သာဓကများဖြင့် ဟောကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယတရားပွဲတွင်တော့ ယင်းသို့ တဖြည်းဖြည်း သိမ်းပိုက်ခံရမှုများကို မည်သို့ ကာကွယ်ရမည် ဆိုသည့် ခုခံကာကွယ်သည့် နည်းလမ်းများကို ဟောကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ နှစ်ရက်ဆက်တိုက် ဟောကြားပြီးသည့် နောက်မှာတော့ တရားပွဲသတင်းသည် ကြံခင်းတစ်မြို့နယ်လုံး ပျံ့နှံ့သွားသည်။ ဒေသခံ အစိုးရဌာနဆိုင်ရာများက ဦးပဉ္စင်းကို ဖမ်းဆီးမည်ဆိုသည့် သတင်းများ ထွက်ပေါ်လာသည်။ သံဃာတော်များကလည်း ဆူပူအောင်လုပ်သည်ဟု ဆိုကာ ဦးပဉ္စင်း ဦးဝီရသူကို ဝိုင်းကျင်မည်ဟု ဆိုကြသည်။ ထို့ကြောင့် သူသည် တရားပွဲ ဆက်မဟောတော့ဘဲ စာဝါပို့ချသည့် သင်တန်းပြီးဆုံးသည်နှင့် မန္တလေးသို့ ပြန်ကြွခဲ့ရသည်။
"အခက်အခဲတော့ ရှိတယ်။ စိုးရိမ်တာမျိုးတော့ မဖြစ်ဘူး။ ထောက်လှမ်းရေးတွေက ဟိုဟာလာမေး၊ ဒီဟာလာမေးနဲ့တော့ ဒေါသတော့ ဖြစ်တာပေါ့"ဟု ပထမဆုံး ဟောကြားခဲ့ရသည့် တရားပွဲအတွေ့အကြုံကို ဦးပဉ္စင်းက ရှင်းပြသည်။ ကြံခင်းမြို့တွင် နှစ်ရက်တာဟောကြားခဲ့သည့် တရားပွဲ နှစ်ပွဲကို ပေါင်းကာ "ထလော့ မြန်မာ ရွှေမြန်မာ"ဆိုသည့် တိပ်ခွေသုံးခွေ ထွက်လာသည်။ ထိုတိပ်ခွေသုံးခွေကို သင်တန်းတက်ရောက်လာသည့် သံဃာများက သင်တန်းပြီးဆုံးသည့် အခါတွင် အသီးသီးကူးယူကာ အနယ်နယ်အရပ်ရပ်သို့ ပြန်သွားခဲ့ကြသည်။ ဤနည်းဖြင့် ဦးဝီရသူ၏ တရားခွေသည် တစ်နိုင်ငံလုံး ပျံ့နှံ့သွားသည်။
ဆရာတော်ဦးဝီရသူ မန္တလေးသို့ မရောက်ခင်မှာပင် "ထလော့ မြန်မာ ရွှေမြန်မာ"ဆိုသည့် တိပ်ခွေသုံးခွေသည် မန္တလေးသို့ ကြိုတင် ရောက်နှင့်နေပြီ ဖြစ်သည်။
"အဲဒီကနေ မထင်မှတ်ဘဲနဲ့ ဓမ္မကထိက ဖြစ်သွားတာပေါ့"ဟု သူက ရှင်းပြသည်။

အခန်း (၃)
ထို့နောက်မှာတော့ ဆရာတော်ဦးဝီရသူကို ဟိုကပင့် ဒီကပင့်ဖြင့် အကျဉ်းမကျခင် သုံးနှစ်လုံးလုံး (၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃) နယ်တကာလှည့်ကာ တရားဟောခဲ့ရလေသည်။ ရန်ကုန်တွင် ဟောကြားခဲ့သည့် တရားများအနက် ‘လက်ဖဝါပေါ်က ကံကြမ္မာ’ ‘မိခင်ရွာက သာသနာ’တို့မှာ တရားနာသူတို့အကြိုက်တွေ့ခဲ့သည့်တရားများဖြစ်သည်ဟု ဦးပဉ္စင်းကဆိုသည်။
ထိုကဲ့သို့ အမျိုးသားရေးတရားများဟောကြားနေမှုကို ဦးပဉ္စင်း၏ဆရာမသားဖြစ်သူ ဆရာတော်ကြီးကလည်း မတားမြစ်တော့ပါ။ အစိုးရနှင့် အတိုက်အခံမလုပ်ဖို့လောက်သာ တားမြစ်ထိန်းကျောင်းပေးသည်။ ဆရာတော်ဦးဝီရသူကိုယ်တိုင်သည်လည်း မစိုးရိမ်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်တစ်ပါးဖြစ်လာခဲ့သည်။
တရားပွဲများ လိုက်လံဟောကြားရာမှာ အခက်အခဲများစွာ တွေ့ကြုံခဲ့ရသည်။ အစိုးရက ပွဲမိန့်ချမပေးတာမျိုးလုပ်တတ်သည်။ တစ်ခါတစ်ရံတွင် ည (၈)နာရီစမည့်တရားပွဲကို ည (၇)နာရီအချိန်အထိ ပွဲမိန့်ကိုမချပေး။ ထိုအခါ မဖြစ်မနေဟောရတာမျိုးလည်း လုပ်ရသည်။ မ.ယ.က၊ ခ.ယ.က လူကြီးတွေကိုယ်တိုင် တရားပွဲသို့လာရောက်တားမြစ်တာမျိုးလည်း ကြုံဖူးသည်။ ဖမ်းမည် ဆီးမည်ဟုလည်း မကြာခဏ ခြိမ်းခြောက်ခံရဖူးသည်။
ယင်းတရားပွဲတို့အနက် ဦးပဉ္စင်းမှတ်မှတ်ရရဖြစ်ခဲ့သော လယ်ဝေးမြို့နယ်က တရားပွဲအတွေ့အကြုံကို ဦးပဉ္စင်းက ယခုလိုပြောပြသည်။
“မ.ယ.က၊ ခ.ယ.က လူကြီးတွေကိုယ်တိုင်က မဟောဖို့တားတယ်။ အဲဒီတော့ ဦးဇင်းကဟောမှာပဲ၊ ဟောတဲ့အခါ အပြစ်အနာအဆာတွေ့ရင် ချက်ချင်းဖမ်း။ ပလ္လပေါ်ကဆင်းတာနဲ့ သေးတောင်မပေါက်ပါဘူး။ ဒကာကြီးတို့ကားပေါ်ကို တန်းတက်ခဲ့မယ်လို့ ပြန်ပြောလိုက်တယ်”ဟု ဆိုသည်။
အလားတူ မန္တလေးမြို့၊ ထောက်လှမ်းရေး ၁၆ မှ တပ်မှူးတစ်ဦးကလည်း ဦးပဉ္စင်းကို ခေါင်းရိုက်ခွဲမည်ဟုပင် ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။
အစိုးရဌာနဆိုင်ရာများ အကြိုက်ကြသည့်အကြောင်းမှာ အစ္စလာမ်ဘာသာဝင်နှင့်ပေါင်းပြီး အဂတိလိုက်စားကြသည့်အကြောင်းတို့ကို ဦးပဉ္စင်းက ဟောကြားခြင်းကြောင့် ဖြစ်သည်။ ထိုစဉ်က အစိုးရကိုဝေဖန်ထောက်ပြသည့်ဘုန်းကြီး သိပ်မရှိဟု ဦးပဉ္စင်းက ဆိုသည်။
“ဥပမာ လူဝစ်သောက် (Without)၊ ဘုန်းကြီးဝစ်သောက်၊ ကားဝစ်သောက်၊ အစိုးရဝစ်သောက်။ အဲဒါတွေထည့်ဟောတယ်။ သူတို့အစိုးရကို ဝစ်သောက်အစိုးရလို့ ပြောရမလားဆိုပြီး အငြိုးထားတယ်”ဟု ဦးပဉ္စင်းက အစိုးရကိုဟောကြားခဲ့သည့် ဝေဖန်းမှုတစ်ခုအား ထောက်ပြသည်။
ဆရာတော်ဦးဝီရသူက အမျိုးသားရေးတရားများကို ဦးစွာလိုက်လံဟောကြားခဲ့ပြီးသည့်နောက်ပိုင်းမှာတော့ ဖြူးဆရာတော်ကြီးအပါအဝင် ဆရာတော်တစ်ချို့သည်လည်း လိုင်းပြောင်းကာ အမျိုးသားရေးတရားများကို လိုက်လံဟောကြားလာခဲ့သည်ဟု သူကဆိုသည်။
“သူ (ဖြူးဆရာတော်)ဟောတာက ဦးဇင်းထက်ကျယ်ပြန့်တယ်။ သူက နိုင်ငံကျော်၊ နာမည်ကျော် ဓမ္မကထိကဆိုတော့ ပွဲစိပ်လာတယ်။ ဦးဇင်းက စာချဘုန်းကြီးဆိုတော့ ပွဲမစိပ်ဘူး”ဟု ဆိုသည်။

အခန်း ၎
ဆရာတော်ဦးဝီရသူသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် ၁၃၆၅ ခုနှစ် (၂၀၀၃) တော်သလင်းလပြည့်နေ့က တရားပွဲတစ်ခုကျင်းပခဲ့သည်။ ထိုတရားပွဲကျင်းပပြီး တစ်လကြာသည့်နောက် ကျောက်ဆည်မြို့မူဆလင်နှင့် မြန်မာလူမျိုးများကြား အဓိကရုဏ်းဖြစ်ပွာခဲ့လေတော့သည်။
“ဖြစ်တာက တိုက်ဆိုင်မှုပါပဲ။ အဓိကကတော့ ကိုယ်တော်လေးတွေ ဗဟုသုတ အတွေ့အကြုံမရှိလို့ပဲ”ဟု ကျောက်ဆည်အရေးအခင်းနှင့်ပတ်သက်၍ ဦးဝီရသူက မိန့်ဆိုသည်။
သူအဖမ်းခံရသည့် ကျောက်ဆည်အရေးအခင်းနှင့်ပတ်သက်၍ မည်သို့ မည်ပုံဖြစ်ခဲ့သည်ကို ဆရာတော်ဦးဝီရသူက ယခုလို ဆက်လက်ရှင်းပြသည်။
ထိုအဓိကရုဏ်းဖြစ်သည့်နေ့ ညနေစောင်းအချိန်တွင် ကျောက်ဆည်မြို့၊ ကျောက်သင်္ဘေားတောင်အောက်ဘက်ရှိ ဘုရားနီဟုခေါ်သည့် အုတ်ဂူနီအတွင်းသို့ မွတ်ဆလင်သုံးဦး လွယ်အိတ်၊ ကြိုးများနှင့်ဝင်သွားကြသည်။ ထိုအုတ်ဂူနီထဲတွင် ဘုရားရုပ်ပွားတော်များ ရှိလေသည်။ ယင်းကာလသည် ဆရာတော်ဦးဝီရသူက အမျိုးသားရေးတရားများ ဟောကြားထားသည့်အရှိန်ကြောင့် လူအများစုသည် မွတ်ဆလင်များအပေါ် သတိထားကာ စောင့်ကြည့်နေသည့်အချိန်လည်း ဖြစ်သည်။
ထို့ကြောင့် အုတ်ဂူနီဘုရားအတွင်းသို့ မွတ်ဆလင်သုံးဦးဝင်သွားသည်ကို တောင်ခြေရှိ ရပ်ကွက်လူများက သတိထားမိလိုက်ပြီး မသင်္ကာကြသဖြင့် ဝိုင်းဝန်းဖမ်းဆီလိုက်ကြသည်။ တစ်ဦးက လွတ်မြောက်သွားပြီး ကျန်နှစ်ဦးကို ဖမ်းဆီးနိုင်လိုက်သည်။
“လုပ်ထုံးလုပ်နည်းမသိတော့ ဘုန်းကြီးတစ်ပါးက ရဲစခန်းပို့လိုက်ဆိုပြီး ခိုင်းလိုက်တယ်။ ပို့တဲ့နေရာမှာ ရိုးရိုးတန်းတန်းမပို့ဘဲ လမ်းမှာရိုက်စစ်သွားတယ်။ (လမ်း)တစ်လျှောက်လုံး လူအုပ်ကြီးက လိုက်လိုက်လာတာ လူအုပ်က အင်မတန်ကြီးသွားတာ”ဟု ဦးဝီရသူက ကျောက်ဆည်အရေးအခင်း စတင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကို ပြန်လည်ရှင်းပြသည်။
လူအုပ်ကြီးရဲစခန်းရှေ့ရောက်သည့်အခါတွင် ရဲစခန်းရှေ့ရှိ ဗလီမှ မွတ်ဆလင်များနှင့် ထိပ်တိုက်တွေ့လေတော့သည်။ ထိုအခါ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်အော်ဟစ်ကြရင်း လူအုပ်ကြီး၏မျှားဦးသည် ဗလီဘက်သို့ရောက်သွားတော့သည်။ ရဲစခန်းမှ ရဲဝန်ထမ်းများလည်းမထိမ်းနိုင် မသိမ်းနိုင်ကာ ဗလီမှာ မီးရှို့ခံလိုက်ရသည်ဟု ဆရာတော်က မိန့်သည်။
ထိုသို့ ဗလီမီးရှို့ခံလိုက်သည့်အခါတွင် ခရိုင်ဥက္ကဋ္ဌ၊ မ.ယ.က ဥက္ကဋ္ဌနှင့် စခန်းမှူးတို့သည် ဦးရာတော်ဦးဝရသူ၏ ဆရာအရင်း ငယ်ဆရာတော်ကြီးရှိရာ ကျောင်းသို့ရောက်ရှိလာခဲ့သည်။ ထိုစဉ် ကျောင်းတွင် ဆရာတော်ကြီးက သံဃာတော်များ၏ ရှေ့ဆုံးဘုရားဝတ်တက်ကာနေသည်။ ဆရာတော်ကြီးက ဘုရားဝတ်တက်ပြီး သံဃာတော်များဘက်သို့လှည့်ကာ စကားပြောရန်လုပ်စဉ် စောင့်ဆိုင်းကာနေသော စခန်းမှူးက ...
“ဆရာတော်ဘုရား ကယ်ပါဦး” “ဘယ်လိုဖြစ်တာတုံး” “ဗလီမီးရှို့နေပါပြီ ကယ်ပါဦးဘုရား ကူညီပါဦးဘုရား” ဆရာတော်ကြီးက အကျိုးအကြောင်း အစအဆုံး မေးကြည့်ပြီးသည့်နောက် ကျောင်းရှိသံဃာတော်များကို သြဝါဒပေးသည်။ အကြီးငါးပါးကို သူနှင့်အတူလိုက်ရန် ခေါ်လိုက်ပြီး ကျန်သံဃာတော်များကို အပြင်လုံးဝမထွက်ကြရန် မှာကြားလိုက်သည်။
“(ကျောင်း)တံခါးပိတ်ထား။ အပြင်မထွက်နဲ့။ ထွက်ရင် ထွက်တဲ့သူ ကျောင်းကနှင်ထုတ်ခံရမယ်”ဟု ဆရာတော်ကြီးမှာကြားခဲ့သည်ဟု ဦးဝီရသူက ပြန်လည်ရှင်းပြသည်။
အခင်းဖြစ်ပွားသည့်နေရာသို့ ဆရာတော်ကြီးရောက်သွားသည့်အခါတွင် လက်ကိုင်ဟွန်းတိုလေးထုတ်ကာ တော်ကြဖို့အတွက် မေတ္တာရပ်ခံစကားဆိုသည်။ သို့သော် မရ။ ထိုအခါ သေနတ်ပစ်ကာ ခြောက်လှန့်ဖို့အတွက် အကြံပြုသည်။ သို့သော် သေနတ်ပစ်ခွင့်မရှိသလို မိုးပေါ်ထောင်ဖောက်ခွင့်လည်း မရှိ။ မီးများက ဗလီမှတစ်ဆင့် တစ်ခြားသောနေရာများသို့ကူးတော့မည်။
“မီးသတ်ကားကို လှမ်းခေါ်တယ်။ မီးသတ်ကားကလည်းကူတယ်။ ဒါပေမယ့် မီးသတ်ကားမှာ ဆီမရှိဘူး”ဟု ထိုစဉ်က တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်ကို ဦးဝီရသူက ပြန်ပြောပြသည်။
ထို့ကြောင့် ဆရာတော်ကြီးက သူ၏ဘုန်းကြီးကျောင်းတွင်ရှိသော ဓာတ်ဆီကို သွားယူခိုင်းပြီး မီးသတ်ကားကို ဆီဖြည့်ပြီးသည့်နောက် ဦးပဉ္စင်းနှစ်ပါးသုံးပါးခန့်က မီးသတ်ကားပေါ်တက်ကာ လိုက်လံမီးငြိမ်းသတ်ပေးသည်။ ဤသို့ဖြင့် ဗလီတစ်လုံးမီးလောင်ခံရပြီးနောက် နောက်ထပ်ဗလီတစ်လုံးမှာ ထပ်မံလောက်ကျွမ်းခံခဲ့ရသည်။ တောရွာများဘက်မှ လူများလည်း အခင်းဖြစ်ပွားသည့်နေရာသို့ ထပ်မံတက်ရောက်လာခဲ့ရာ လူအုပ်ကြီးမှာ ပို၍ကြီးလာခဲ့သည်။
“ကြီးကြီးမားမားဖြစ်သွားတော့ မွတ်ဆလင်တွေ သေတဲ့အဆင့်အထိ ဖြစ်ကုန်တယ်”ဟု ဆရာတော်က မိန့်သည်။
သူကဆက်၍ “သေတာကလည်း သူတို့က အယူသည်းလို့ပါ။ ကိုယ်သတ်လို့သေတာမဟုတ်ဘူး။ လူတွေက သူတို့ကိုဆင်းခိုင်းတယ်။ သူတို့က လူအုပ်ကြီးကိုမယုံဘူး။ အလ္လာရှင်ရဲ့ အမိန့်ပဲခံယူမယ်။ မင်းတို့သတ်လို့တော့ အသေမခံဘူး။ ဒီလိုနဲ့ အိမ်မှာနေတော့ မီးခိုးမွှန်းပြီးသေတာ”ဟု ဆိုသည်။
ကျောက်ဆည်အရေးအခင်းဖြစ်ပွားစဉ်က ဆရာတော်ဦးဝီရသူသည် မန္တလေးမြို့တွင် ရှိနေခဲ့သည်။ သတင်းကြားသဖြင့် ကျောက်ဆည်ကို ဆင်းလာခဲ့သော်လည်း လမ်းတွင် လုံခြုံရေးတပ်ဖွဲ့များက ကျောက်ဆည်မြို့သို့ မည်သည့်သံဃာကိုမျှ အဝင်မခံတော့။ ထို့ကြောင့် လမ်းတစ်ဝက်က လှည့်ပြန်ခဲ့ရသည်။
အဓိကရုဏ်းကြီးပြီးသွားသည့်အခါမှာတော့ တရားခံရှာကြလေသည်။ အဓိကသံသယဖြစ်စရာ တရားခံနှစ်ဦးရှိသည်။ တစ်ဦးက ဦးဝီရသူ၏ ပရိယတ္တိငယ်ဆရာဖြစ်သည့် မင်းကုန်းဆရာတော် ဦးဇနိတဖြစ်သည်။ မူလတန်း၊ အငယ်တန်း၊ အလတ်တန်းနှင့် အကြီးတန်းစသဖြင့် ခြောက်နှစ်ကြာ အတူနေခဲ့ရသူဖြစ်၏။
နောက်တစ်ဦးက မြဘုရင် နို့ဆီလုပ်ငန်းပိုင်ရှင် ဦးဝင်းမောင်ဖြစ်သည်။ ထိုနှစ်ဦးအနက် အဖြစ်နိုင်ဆုံးမှာ မင်းကုန်းဆရာတော်ဟု ယူဆကြသည်။ ထို့ကြောင့် အဓိကရုဏ်းက အောက်တိုဘာလ ၁၈ ရက်တွင် ဖြစ်ပွားခဲ့ပြီး ၂၂ ရက်မှာတော့ မင်းကုန်းဆရာတော်ကြီးအပါအဝင် သူ၏တပည့်လေးပါး ငါးပါး အဖမ်းခံလိုက်ရသည်။
“ဦးဝီရသူနှင့် မင်းကုန်းဆရာတော်က ဆရာတပည့်။ ဆရာတော်ကြီးခိုင်းလို့ ဦးဝီရသူလုပ်တာ ဖြစ်မယ်လို့ သူတို့က လိုရာဆွဲတွေးပြီး သုံးသပ်လိုက်တာ။ ဆရာတော်ကြီးက ဘာမှမသိရှာဘူး”ဟု ဦးဝီရသူက ဆိုသည်။
သူ၏ ဆရာသမားအဖမ်းခံရသည်ဆိုသော သတင်းကြားသည့်အခါ ဦးဝီရသူသည် ဆရာဖြစ်သူကို လိုက်ရှာသည်။ သူ့စိတ်ထဲတွင် အပြစ်မရှိသော အဓိကရုဏ်းနှင့် ဘာမှမပတ်သက်သည့် သူ၏ဆရာသမားကို လူကြီးလူကောင်းတွေလို ဧည့်ရိပ်သာတွင် ထားမည်ဟု တွေးနေမိခဲ့သည်။ ထို့ကြောင့် မန္တလေးနန်းတွင်းတွင်လည်း လိုက်ရှာခဲ့သည်။ ကျောက်ဆည်မြို့သို့လည်း ရောက်ခဲ့သည်။ သို့သော် မတွေ့ခဲ့ရ။
အောက်တိုဘာ ၂၅ ရက်မှာတော့ ဦးပဉ္စင်းဦးဝီရသူ မစိုးရိမ်ကျောင်းတိုက်၌ရှိနေစဉ် တယ်လီဖုန်းဝင်လာသည်။ ကောင်မလေးနှင့်ပတ်သက်သည့် အမှုကိစ္စဆွေးနွေးရန်အတွက် ထောက်လှမ်းရေး ၁ ရုံးသို့လာရန် ဖုန်းဆက်ခေါ်ခြင်း ဖြစ်သည်။ ထိုစဉ်က မွတ်ဆလင်အိမ်တစ်အိမ်တွင် ကြိုးဆွဲချသေဆုံးသွားသည့် မိန်းကလေးတစ်ယောက်၏အမှုကို ဆရာဝန်နှင့်ရဲပူးပေါင်းကာ အမှုဖျောက်လိုက်သည့်ကိစ္စကို ဆရာတော်က ထောက်လှမ်းရေးနှင့်ပေါင်းကာ စုံစမ်းနေခြင်းဖြစ်သည်။ ထောက်လှမ်းရေးနှင့်တွေ့လျှင်လည်း သူ၏ဆရာသမားအကြောင်းကို စုံစမ်းမည်ဟု တွေးလိုက်သည်။
“ခေါ်တဲ့အချိန်က ဆွမ်းစားချိန်။ ဆွမ်းစားဦးမယ်ဆိုတာ မရဘူး။ သူတို့ကပ်မယ် ပြောတယ်။ အဲဒါကို မရိပ်မိလိုက်ဘူး”ဟု သူကဆိုသည်။
ထောက်လှမ်းရေး ၁ သို့ရောက်သည့်အခါမှာတော့ ဆွမ်းကပ်သည်။ ဆွမ်းစားနေချိန်တွင် ထောက်လှမ်းရေးများက ဖုန်းတဂွမ်ဂွမ်ဖြင့် အလုပ်ရှုပ်ကာနေသည်။ သူ့အနားတွင် တပ်ကြပ်ကြီးတစ်ဦးသာရှိ၏။ ဆွမ်းစားပြီးသည့်နောက် ထောက်လှမ်းရေးတစ်ဦးက “အရှင်ဘုရား ဆရာတော်ကြီးနှင့်တွေ့ဖို့ ကြွလို့ရပါပြီဘုရား”ဟု လျှောက်သည်။ ရုံးသို့လာရောက်ရန်ခေါ်စဉ်က အမှုကိစ္စဟု ဆိုခဲ့ပြီး ယခုလျှောက်ထားသည့်အခါတွင် ဆရာတော်ကြီးနှင့် တွေ့ဖို့ဟု ဆိုသည့်အခါ ဦးပဉ္စင်း၏စိတ်ထဲတွင် ‘ထင့်ခနဲ’ဖြစ်သွားသည်။
သို့သော် ထိုသံသယစိတ်လေးက ခဏအတွင်း ဖျက်ခနဲပြန်ပျောက်သွားသည်။ ဦးပဉ္စင်းသည် အဖြူရောင်ဗင်ကားလေးအပေါ်သို့ တက်လိုက်ရသည်။ ကားနောက်ခန်းတွင်း ထိုင်လိုက်ရခြင်းဖြစ်၏။ ဘေးတစ်ဖက်စီတွင် ထောက်လှမ်းရေးက ညှပ်ကာ ထားသည်။ ထိုအခါမှာ ဦးပဉ္စင်းက “ငါ့ဖမ်းတာဖြစ်လောက်တယ်ကွလို့ တွေးမိတယ်”ဟု ထိုအချိန်က ခံစားရပုံကို ပြန်ပြောင်းပြောပြသည်။
ထိုထက်ပိုပြီး ကျိန်းသေတာက ဦးပဉ္စင်းကို ခေါ်ဆောင်သွားသည့်ကားသည် တစ်စီးတည်းမဟုတ် အရှေ့နှင့် အနောက်တွင် အတန်းလိုက်။ ထို့အပြင် ကားတန်းကြီးကို ဗီဒီယိုကလည်း လိုက်ရိုက်နေသေး၏။ အဖမ်းခံရမည်ဆိုပါကလည်း ဂုဏ်သိက္ခာရှိရှိ အဖမ်းခံမည်ဆိုသောအတွေးဖြင့် ဦးပဉ္စင်းသည် သင်္ကန်းကို သပ်သပ်ရပ်ရပ် ကောက်ရုံလိုက်သည်။ ဆရာသမားနှင့် တွေ့ပါကလည်း သင်္ကန်းလေးရုံထားသဖြင့် ဆရာသမားသဘောကျမည်ဖြစ်၏။
သူအဖမ်းခံရခြင်းနှင့်ပတ်သက်၍ ဦးဝီရသူက ယခုလိုသုံးသပ်သည်။
“ဆရာသမားကိုလိုက်ရှာနေတော့ သူတို့(ထောက်လှမ်းရေး)က ခြေရာခံမိသွားတာပေါ့။ အဲဒါနဲ့ ဦးဇင်းကို ထားလို့မဖြစ်တော့ဘူး ဆိုပြီးတော့ ဖမ်းတာပေါ့”
ဦးပဉ္စင်းဆီလာသည့်ကားသည် မန္တလေးနန်းထဲသို့ရောက်တော့ ‘စစ်အကျဉ်းထောင်’ဆိုသည့် ဆိုင်းဘုတ်ရှေ့တွင် ရပ်လိုက်သည်။ ဆိုင်ဘုတ်အောက်တွင် စစ်သားနှစ်ယောက် မျက်နှာချင်းဆိုင်ကာ သေနတ်တစ်လက်စီကိုင်ထားကြပြီး ထောက်လှမ်းရေးများ ရောက်လာသည့်အခါတွင် သေနတ်များကို ချလိုက်သည်။ အကျဉ်းထောင်၏အထဲမှာလည်း ဗီဒီယိုကင်မရာဖြင့် ရိုက်ကာ မှတ်တမ်းတင်လေသည်။
“အဲဒီတော့မှ ငါ့ဖမ်းတာပဲလို့ ဆုံးဖြတ်ချက်ချတော့တယ်”ဟု ဦးပဉ္စင်းကဆိုသည်။

အခန်း ၅
စစ်အကျဉ်းထောင်သို့ရောက်သည့်အခါတွင် ဦးပဉ္စင်းအား သူ၏ဆရာသမားနှင့် တွေ့ခွင့်ပေးသည်။ ဆရာတော်က သူ့အား ဖြစ်ပျက်သမျှအကြောင်းစုံကို ရှင်းပြ၏။ အောက်တိုဘာ ၂၂ ရက်နေ့ ဆရာတော်ကြီးကို ဖမ်းစဉ်က အစည်းအဝေးဟုဆိုကာ ခေါ်သွားခြင်းဖြစ်သည်။ ထောက်လှမ်းရေးရုံးသို့ ရောက်သွားသည့်အခါ သင်္ကန်းဝတ်ရုံကိုတန်းချွတ်သည်။ အဝတ်အစားလဲပြီးသည့်အခါ လက်နှစ်ဖက်ကို နောက်ပြန်လက်ထိပ်ခတ်လိုက်သည်။ မျက်နှာကို အဝတ်စည်းလိုက်၏။ ပြီးတော့ လူနာမည်ကိုခေါ်ကာ စားပွဲခုံကိုထုပြီး ခြိမ်းခြောက်လေ၏။ ဆရာတော်ကြီးကို စစ်ဆေးမေးမြန်းရာတွင် ခြေထောက်ကန်သည်။ လက်သီးနဲ့ထိုးကြ၏။
ဆရာတော်ကြီးတွေ့ကြုံခဲ့ရသည်များကို ဦးပဉ္စင်းက ယခုလိုပြန်လည်မိန့်ကြားသည်။
“ဆရာတော်ကြီးက ‘ငါ့ ရေလည်းမတိုက်ဘူး။ ထမင်းလည်းမကျွေးဘူး။ ဒီလိုဘဲပစ်ထားကြတယ်။ ငါလည်းဘာမှမသိဘူး။ ငါလုပ်တယ် မလုပ်ဘူးဆိုတာ ဘုရားပဲသိတယ်။ ဘုရားကိုပဲတိုင်တည်တယ်’ ဆရာတော်ကြီးကိုကြည့်ပြီး သနားသွားတယ်”
ထို့ကြောင့် ဦးပဉ္စင်းသည် သူအမြဲဆောင်ထားတတ်သည့် ရေဆူဆေးပြားကို ထုတ်ပြီး ဖန်ခွက်ထဲထည့်ကာ ဖျော်ပေးရန် ပြင်လိုက်စဉ် ဆရာတော်ကြီးက “ငါ့တိုက်ပါ။ ငါ့တိုက်ပါ”ဟု ဆိုပြီး သုံးခွက်ဆင့်ကာ သောက်ပစ်လိုက်သည်ဟု ဦးဝီရသူက ဆိုသည်။
ဆရာတော်ကြီးသည် ရိုက်နက် ထိုးကြိတ်မှုတွေကို မခံနိုင်သည့်အဆုံး “မင်းတို့ဖြစ်စေချင်တာရေးခဲ့။ ငါလက်မှတ်ထိုးပေးမယ်”ဟု ဆိုကာ စစ်ဆေးမှုမှတ်တမ်းကို ဘာမျှမကြည့်တော့ဘဲ လက်မှတ်ထိုးပေးလိုက်တော့သည်ဟု ဆိုလေသည်။
“ရုံးထွက်တော့ ဆရာတော်ကြီးကို လာခေါ်တဲ့သုံးယောက် (အဓိကရုဏ်းဖြစ်ပွားစဉ်က ဆရာတော်ကြီးအား လာပင့်သော ခရိုင်ဥက္ကဋ္ဌ၊ မ.ယ.ကဥက္ကဋ္ဌနှင့် စခန်းမှူး)က မခေါ်ဘူးဖြစ်သွားတယ်။ ဟွန်းတပ်ပြီး လူစုခွဲဖို့ပြောတာကို ဗလီကိုဖျက်ခိုင်းတာ ဖြစ်သွားတယ်။ ဓာတ်ဆီယူတာကိုလည်း ဗလီမီးရှို့ဖို့ထုတ်ပေးတာဆိုပြီး ဖြစ်သွားတယ်”ဟု ဆရာတော်ကြီးအား ရုံးတင်စစ်ဆေးသည့်အခါ တွေ့ကြုံရသည်တို့ကို ဦးဝီရသူက ရှင်းပြသည်။
ဤသို့ဖြင့် မင်းကုန်းဆရာတော် ဦးဇနိတသည် လူသေမှု မီးရှို့မှုများဖြင့် နှစ်ကျွန်းနှင့် ထောက်ဒဏ် ခုနှစ်နှစ်ကျခံခဲ့ရလေသည်။
“ဆရာတော်ကြီးက ရိုးရိုးအေးအေးကြီးပါ။ အခုကျောက်ဆည်မှာရှိသေးတယ်။ စာသင်တိုက်မှာ မနေတော့ဘူး။ တောရဆောက်တည်နေတယ်”ဟု ဦးပဉ္စင်း ဆိုသည်။

အခန်း ၆
ဦးဝီရသူသည် စစ်အကျဉ်းထောင်အတွင်းရှိ အခန်းတစ်ခု၏ ဆက်တီခုံပေါ်တွင်ထိုင်နေသည်။ ခဏကြာတော့ အခန်းအတွင်းသို့ ထောက်လှမ်းရေးများဝင်လာသည်။ ထောက်လှမ်းရေးတစ်ဦးက “အရှင်ဘုရားကိုမေးဖို့၊ မြန်းဖို့ခေါ်လာတာပါ။ ဆရာတော်ဦးဇနိတနှင့်ပတ်သက်ပြီး မေးစရာရှိတယ်”
ဦးပဉ္စင်းက “ပွင့်ပွင့်လင်းလင်းမေးပါ။ ကြိုက်တာမေးပါ။ သူ့အရှေ့လည်းမေးရတယ်။ ကွယ်ရာလည်းမေးလို့ရတယ်”
အဲဒီအခါမှာ ထောက်လှမ်းရေးက “ဒါပေမယ့် ဒီလိုတော့မေးလို့မရဘူး။ တပည့်တော်တို့က ဗုဒ္ဓဘာသာဆိုတော့ သင်္ကန်းပါနေလို့ မမေးရဲဘူး။ အရှင်ဘုရားသင်္ကန်းချွတ်ပေးပါ”
ထို့ကြောင့် ဦးပဉ္စင်းက လက်နှစ်ဖက်ကို ဆန့်တင်ပေးလိုက်သည်။ ထောက်လှမ်းရေးများက ဦးပဉ္စင်း၏သင်္ကန်းများကို ဆွဲချွတ်လိုက်ကြသည်။ အတွင်းခံသင်္ကန်းကကျန်နေသည်။ သူတို့က ဦးပဉ္စင်းအား အင်္ကျီပေးသည်။
“ထောင်ပုံစံဆိုရင်ဝတ်မယ်။ အရပ်အဝတ်အစားဆိုရင် မဝတ်နိုင်ဘူး”ဟု ဦးပဉ္စင်းကငြင်းသည်။
“ထောင်ပုံစံကတော့ ဒီမှာမရှိဘူး။ ဒါပဲဝတ်ရမယ်”
ထို့ကြောင့် ဦးပဉ္စင်းသည် ကမ်းပေးသည့်အင်္ကျီကိုယူကာ ဝတ်လိုက်သည်။ အတွင်းခံသင်္ကန်းအပေါ်မှာ အင်္ကျီလက်ရှည်ကို ထပ်ဝတ်လိုက်သည်။ ပုဆိုးကိုလည်း သင်းပိုင်ဝတ်သကဲ့သို့ ဝတ်လိုက်သည်။ အတွင်းခံသင်္ကန်းကိုပါချွတ်ပေးရန် ထပ်တောင်းသဖြင့် ဦးပဉ္စင်းက ထပ်မံချွတ်ပေးလိုက်ရသည်။
သင်္ကန်းအားလုံး ချွတ်ပေးလိုက်ပြီးသည့်နောက်မှာတော့ သူတို့က အပေါ်ကထိုင်ပြီး ဦးပဉ္စင်းကို အောက်ပြောင်းထိုင်ခိုင်သည်။
“သင်္ကန်းချွတ်လိုက်တာနဲ့ ဘဝကပြောင်းပြန်ပဲလေ။ သိက္ခာချတာမဟုတ်တဲ့အတွက် ရွတ်ဖတ်စရာမလိုဘူး။ သင်္ကန်းချွတ်တဲ့ဘုန်းကြီးမှာတော့ အပြစ်မရှိဘူးပေါ့။ သင်္ကန်းဆွဲချွတ်တဲ့လူတွေကတော့ အပြစ်ကြီးတာပေါ့။ ဘုရားအရေခွာပြစ်တာလေ။ သာသနာဖျက်အဆင့်မျိုးရောက်သွားတယ်”ဟု သူကဆိုသည်။
ဦးပဉ္စင်းကို ငါးရက်တိုင်တိုင် လူတစ်ယောက်ပြီးတစ်ယောက်ပြောင်းကာ ဘေးကြပ်နံကြပ်သဘောမျိုးဖြင့် စစ်ဆေးကြသည်။ ဦးပဉ္စင်း၏ ရှေ့စကား နောက်စကား ညီမညီ ကြည့်သည်။ ပြီးလျှင် စစ်ဆေးသူပြောင်းတိုင်း ပုစ္ဆာတစ်ပုဒ်ကို ပြန်ပြန်မေးသည်ဟု ဦးပဉ္စင်းက ဆိုသည်။
“ဦးဇင်းမှာ သူတို့သံသယရှိတာ ဘာမှမတွေ့ဘူး။ ကျောက်ဆည်အဓိကရုဏ်းက ဦးဇင်းနှင့် ပတ်သက်မှုမရှိဘူးဆိုတာ သူတို့ကိုယ်တိုင်ယုံကြည်ကြတယ်။ ပြန်လွှတ်ဖို့ပဲ။ မနက်ဖြန်ပြန်လွှတ်မယ် ကတိပေးပြီးသွာပြီ”ဟု ဦးဝီရသူက သူ့အား စစ်ဆေးမေးမြန်းမှုများပြုလုပ်ပြီး အပြစ်မရှိကြောင်း တွေ့ရသဖြင့် ပြန်လွှတ်ပေးရန် ဆုံးဖြတ်ခဲ့သည့်အစီအစဉ်ကို ပြောပြသည်။
သို့သော် မထင်မှတ်ထားသည့် ဖြစ်ရပ်တို့က အကြောင်းဖန်လာလေသည်။ ထိုနေ့ညက ‘ဝီရသူလွတ်မြောက်ရေး ဒို့အရေး’ဟုဆိုကာ မစိုးရိမ်တိုက်မှ သံဃာတော်များက ဦးဝီရသူလွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆိုကြတော့သည်။ အစိုးရက သေနတ်ဖြင့် ပစ်ခဲ့ရသည့်အထိ ဖြစ်သွားခဲ့သည်။ သံဃာတစ်ချို့ ဒဏ်ရာရခဲ့သည်။ ထိုဆန္ဒပြမှုတွင် သံဃာတော် ၁၇ ပါး ထောင်ထဲသို့ ရောက်သွားခဲ့သည်ဟု ဦးပဉ္စင်းက ဆိုသည်။
“သူတို့ကို ထောင်ထဲပို့ရမယ်ဆိုတော့ ဦးဇင်းကို ပြန်လွှတ်လို့မရတော့ဘူး။ သူတို့က လာလျှောက်တယ်။ ဦးဇင်းလည်း ထောင်ထဲသွားရတော့မယ်။ ပြန်လွှတ်လို့မရတော့ဘူး”ဟု ထောင်ထဲသို့ ရောက်ခဲ့ရသည့်အဖြစ်ကို ဦးဝီရသူက ရှင်းပြသည်။
မစိုးရိမ်ကျောင်းတိုက်မှ သံဃာများ ရုတ်တရက်လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြသည့် အကြောင်းရင်းနှင့်ပတ်သက်၍ ဆရာတော်ဦးဝီရသူက ယခုလိုသုံးသပ်သည်။
“ဦးဇင်းကို ပြန်လွှတ်ချင်တဲ့အဖွဲ့နှင့် အလွှတ်ချင်တဲ့အဖွဲ့ နှစ်ဖွဲ့ရှိတယ်။ မလွှတ်ချင်တဲ့အဖွဲ့က ဦးဇင်းတရားပွဲဆို လုံခြုံရေးယူရတယ်။ အလုပ်ရှုပ်တယ်။ ဦးဇင်းကို ထောင်ထဲထည့်ထားချင်တယ်။ ပြန်လွှတ်ချင်တဲ့အဖွဲ့ကတော့ ဘာမှမကျူးလွန်လို့”
သို့ဖြစ်၍ ဦးပဉ္စင်းကို မလွှတ်ချင်သည့်အဖွဲ့က သံဃာထဲဝင်ကာ ဆူပူအုံကြွအောင် မြှောက်ပေးသည်။
စစ်ကြောရေးတွင် ဦးပဉ္စင်းသည် မည်သို့အနှိပ်စက်ခံနေရသည်၊ မည်သို့ရက်စက်နေကြသည် စသဖြင့် သံဃာတော်တွေ မခံမရပ်ဖြစ်အောင် လုပ်ပြီး ဆန္ဒပြပွဲဖြစ်အောင် ဖန်တီးခဲ့ခြင်းဖြစ်သည်ဟု ဦးဝီရသူက ယူဆသည်။
“တကယ်က စစ်ကြောရေးမှာ ၅ ရက်ကာလ အကောင်းဆုံးကြွေးတယ်။ မနက်စာ နေ့လည်စာအကောင်းစားပဲ ညစာတောင် စားဦးမလားမေးသေးတယ်။ ရိုက်နှက်တာလည်း မရှိဘူး”ဟု သူကဆိုသည်။
ဤသို့ဖြင့် ဦးဝီရသူသည် စစ်ကြောရေးတွင် အပြစ်မရှိသဖြင့် ပြန်လွှတ်ပေးရန် စီစဉ်ပြီးမှ ရုတ်တရက်သံဃာတော်များ ဆန္ဒပြလိုက်ခြင်းကြောင့် စစ်အကျဉ်းထောင်မှတစ်ဆင့် မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်သို့ အပို့ခံလိုက်ရလေသည်။
“စစ်အကျဉ်းထောင်ကနေ အိုးဘိုထောင်ကိုပို့တော့မယ် အမှုရင်ဆိုင်ရတော့မယ်ဆိုတော့ ဘယ်လိုဖြစ်မယ်မှန်းမသိတော့ ရေအဝသောက်သွားရတယ်။ ဦးဇင်းမှာ ပိုက်ဆံတွေလည်း ပါသွားတယ်။ ချမ်းချမ်းသာသာနေလို့ရတယ်”
ထို့နောက် ဦးပဉ္စင်း ဦးဝီရသူကို အဖြူရောင်ဗင်ကားလေးဖြင့် မန္တလေး အိုးဘိုအကျဉ်းထောင်သို့ ခေါ်ဆောင်သွားလေသည်။

(အိုးဘိုထောင်ထဲတွင် ဦးဝီရသူ ဘယ်လိုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့သလဲဆိုတာကို ရှေ့လတွင် ဆက်လက်ဖော်ပြပါမည်)


Viewing all articles
Browse latest Browse all 2129

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...