“တောင်ဖီလာ ခရစ်ယာန်သင်္ချိုင်းကိုဖျက်၍ တိုင်းရင်းသားဆေးရုံဆောက်မည်”
ကလေး၊ မေ ၁၀
ကလေးမြို့အနောက်ခြမ်းရှိ တောင်ဖီလာရပ်ကွက် ခရစ်ယာန်သုသာန်မြေတွင် ၂၅ ကုတင်ဆန့် တိုင်းရင်းဆေးရုံတည်ဆောက်ရန် ခွင့်ပြုချက်ရရှိနေပြီဖြစ်ကြောင်း ကလေးခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက ပြောကြားသည်။
“ဒီနေရာကို အစက ကန့်ကွက်မှုတွေကြောင့် စောင့်ဆိုင်းပေးခဲ့တယ်။ စောင့်ဆိုင်းခိုင်းတဲ့သူတွေအနေနဲ့ လွှတ်တော်ကိုတင်ပြမယ်။ သမ္မတဆီတင်ပြမယ် ဆိုလို့ပါ။ ဒါကြောင့် သူတို့နှင့်အစည်းအဝေးလုပ်ပြီး မတ်လ ၁၅ ရက်အထိ သုံးလအချိန်ပေး စောင့်ပေးခဲ့တယ်။ အခုထိ သူတို့ဘာမှမထူးခြားဘဲ အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း ဆောက်လုပ်တော့မှာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။
တည်ဆောက်ရေးလုပ်ငန်းကို အောက်တိုဘာလတွင် ပြီးစီရန်စီစဉ်ထားပြီး လုပ်ငန်းခွင်ကို နှောင့်ယှက်ခြင်းမလုပ်ရန်နှင့် လုပ်ဆောင်ပါက ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“သူတို့အယူအဆမှာ တိုင်းဒေသကြီးမှာရှိတဲ့ နေရာအားလုံးဟာ တိုင်းဒေသကြီးအစိုးရကပဲ စီမံပိုင်ခွင့်ရှိတယ်။ သမ္မတက သူ့ကိုလွဲပေးပြီးသားဆိုတဲ့အယူအဆနဲ့ ငါတို့လုပ်နိုင်ဆိုတဲ့အသိနဲ့ အရင်က အာဏာရှင်ကနေ မလွှတ်ကြဘူးလို့ပဲ ပြောချင်တယ်” ဟု တောင်ဖီလာ ဘာသာရေးဂိုဏ်းပေါင်းစုံအဖွဲ့ နာယကကြီး ဦးဗန်ကိမ်းက ဆိုသည်။
ကလေးမြို့ တောင်ဖီလာရပ်ကွက်တွင် တည်ဆောက်မည့် ၂၅ ကုတင်ဆံ့ တိုင်းရင်းဆေးရုံကို ပြည်ထောင်စုရန်ပုံငွေမှ ကျပ် ၂၁၄,၂၇၂,၀၀၀ အကုန်အကျခံ တည်ဆောက်မည် ဖြစ်သည်။
မင်းရဲစစ်နိုင်
၁၁.၅.၂၀၁၅ Voice သတင်းစာ