ကိုထေရ (ပါ) ၇ ဦးတို့ကို မတရားဖမ်းဆီးချုပ်နှောင်ခြင်းနှင့်ပတ်သက်၍ ၁၃၇၇ ခုနှစ် ကဆုန်လဆန်း(၁၂)ရက်၊ ၂၀၁၅ ခုနှစ် ဧပြီလ (၂၉)ရက် ဗုဒ္ဓဟူးနေ့ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့၊ ပြည်လုံးပေါ်ဘုရားကြီးကျောင်းတိုက်၌သံဃနာယကဆရာတော် (၄၈)ပါး၊ သံဃာတော်(၆၁)ပါး၊ လူပုဂ္ဂိုလ် (၁၀၈)ယောက် စုစုပေါင်း (၂၁၇)ယောက် တက်ရောက်သော ဧရာဝတီတိုင်းဒေသကြီးဆိုင်ရာ ကျွဲနွားဇီဝိတဒါနအဖွဲ့ အရေးပေါ်အထူးအစည်းအဝေး ကျင်းပကြောင်း သိရှိရပါသည်။
အစည်းအဝေကို ဧရာဝတီတိုင်းဒေသကြီးဆိုင်ရာ ကျွဲနွားဇီဝိတဒါနအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တစန္ဒာသီရိက အဖွင့်သြဝါဒစကား မိန့်ကြားပြီး ကျုံပျော်မြို့နယ် သံဃနာယကဆရာတော် ဘဒ္ဒန္တပညာသီဟမှ အစည်အဝေးကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားပါသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ယခုဖြစ်ပေါ်ဆဲဖြစ်သော ကိုထေရ(ပါ) ၇ဦးတို့ကို မတရားဖမ်းဆီးခြင်းကိစ္စနှင့် နောက်ဖြစ်ပေါ်လာမည့် အခက်အခဲကိစ္စရပ်များ ဖြေရှင်းရန်အတွက် သံဃာတော်(၃၀)ပါး၊ လူပုဂ္ဂိုလ်(၂၂)ဦးပါဝင်သော ဆပ်ကော်မတီဖွဲ့စည်းပြီး ကိုထေ(ပါ) ၇ဦးတို့ကို မတရားဖမ်းဆီးချုပ်နှောင်ခြင်းနှင့်ပတ်သက်၍ မည်ကဲ့သို့ရပ်တည်လုပ်ဆောင်မည်ဆိုသည့် ကိစ္စရပ်များကို အကြေအလည်ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ကြကာ ကြေငြာချက်(၄)ရပ် ထုတ်ပြန်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီးဆိုင်ရာ ကျွဲနွားဇီဝိတဒါနအဖွဲ့ အရေးပေါ်အထူးအစည်အဝေး၏ ထုတ်ပြန်ကြေငြာခဲ့သော ကြေငြာချက်များမှာ
၁။ (၁.၅.၂၀၁၅) ရက်နေ့အတွင်း ဧရာဝတီတိုင်းဒေသကြီး ကျွဲနွားဇီဝိတဒါန အသက်ကယ်ကုသိုလ်တော်အဖွဲ့ ဆပ်ကော်မတီက ဧရာဝတီတိုင်းအစိုးရအဖွဲ့ကို ကိုထေရ(ပါ) ၇ဦးတို့အား မတရားဖမ်းဆီးချုပ်နှောင်ခြင်းကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမည်။
၂။ ထိုသို့ ဆွေးနွေးညှိနှိုင်းပါသော်လည်း သက်ဆိုင်ရာက အမှန်တရားအတိုင်း ဆောင်ရွက်ခြင်းမရှိပါက ဧရာဝတီတိုင်းဒေသကြီး တစ်တိုင်းလုံးအနေဖြင့် ပုသိမ်မြို့တွင် (၇.၅.၂၀၁၅)ရက်နေ့၌ဆန္ဒထုတ်ဖော်သွားမည်။
၃။ ဧရာဝတီတိုင်း တစ်တိုင်းလုံးအနေဖြင့် ဆန္ဒထုတ်ဖော်မှုဖြင့် သက်ဆိုင်ရာများက အမှန်တရားအတိုင်း ဆောင်ရွက်ခြင်းမရှိပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်သွားမည်။
၎။ ယခုလို ကိုထေရ(ပါ) ၇ဦးတို့အား မတရားဖမ်းဆီးချုပ်နှောင်သော သက်ဆိုင်ရာရဲတပ်ဖွဲ့များကို ဧရာဝတီတိုင်းဒေသကြီးဆိုင်ရာ ကျွဲနွားဇီဝိတဒါန အသက်ကယ်ကုသိုလ်တော်အဖွဲ့က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်။ တို့ ဖြစ်ပါသည်။
အစည်းအဝေးပြီးဆုံးသည့်နောက် သံဃာတော် အပါး(၁၀၀)ကျော်တို့က သင်္ကန်းဝတ်ရုံကာ (၂)ပါးတစ်တွဲ ကျုံပျော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်တို့အား အစည်းအဝေးဆုံးဖြတ်ချက်နှင့် ထုတ်ပြန်ကြေငြာချက်တို့ကို အသိပေး အကြောင်းကြားကာ အစည်းအဝေးကျင်းပရာ ကျုံပျော်မြို့ ပြည်လုံးပေါ်ဘုရားကြီးသို့ ပြန်လာခဲ့ကြပါသည်။ ဆက်လက်ပြီး ဆပ်ကော်မတီက ဆန္ဒထုတ်ဖော်ခြင်းနှင့်ပတ်သက်သော အကြွးကြော်သံများ၊ စာတင်ရမည့်ကိစ္စရပ်များ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမည့်ကိစ္စရပ်များ ဆွေနွေးခဲ့ကြပါသည်။ ဆုံးဖြတ်ခဲ့သော ကြွေးကြော်သံများမှာ
၁။ တရားဥပဒေစိုးမိုးရေး တို့အရေး တို့အရေး။
၂။ မတရားထိန်းသိမ်း ဖမ်းဆီးခံထားရသော ကိုထေရ အပါ ဇီကယ်အဖွဲ့ဝင်များ ချက်ချင်းလွှတ် ချက်ချင်းလွှတ်။
၃။ ဇီဝိတဒါနကို ဖျက်ဆီးနေသူ တို့ရန်သူ တို့ရန်သူ။
၎။ မတရားအမှုဆင် ဖမ်းဆီးသော ရဲဝန်ထမ်းများ အရေးယူပေး အရေးယူပေး။
၅။ ကျေးဇူးရှင် ကျွဲနွားများ အသက်ကယ်ဆယ်ရေး တို့အရေး တို့အရေး။
၆။ ကျွဲနွားမှောင်ခို အားပေးသူ တို့ရန်သူ တို့ရန်သူ။
တို့ဖြစ်ကြောင်း သတင်းရရှိပါသည်။