ကျော်ဇေယျာထွန်း ရေးသည်
(kzyh@mawkun.com)
(၁)
မန္တလေး၊ အိုးဘိုထောင်၏ ထောင်ဘူးဝရှေ့သို့ ဗင်ကားတစ် စီးထိုးရပ်လိုက်သည်နှင့် ထောင်တံခါးသည် တဂျိမ်းဂျိမ်းမြည်ကာ ပွင့်လာလေသည်။ ကားသည် ထောင်ဝင်းထဲသို့ တဖြည်းဖြည်း ချင်း လှိမ့်ဝင်လာသည်။ ထောင်ဝင်းအတွင်းသို့ ကားတစ်စီးလုံး ရောက်လာသည့်အခါ ထောင်ဘူးဝတံခါးလည်း တဂျိမ်းဂျိမ်းမြည် ကာ ပြန်ပိတ်သွား၏။
ထိုအခိုက်မှာပဲ ကားပေါ်မှလူတစ်ယောက်ဆင်းလာသည်။ ထိုသူ ကားပေါ်မှဆင်းလိုက်သည်နှင့် ဘောင်းဘီအရှည်ဝတ်ထားသော ထောင်ဝန်ထမ်းတချို့ သူ့အနားသို့ ၀ိုင်းလာသည်။ လူနှစ်ယောက်က လက်မောင်းတစ်ဖက်စီကို ဆုပ်ကိုင်လိုက်သည်။ နောက်တစ်ယောက်က သူ့ခေါင်းကို အနက်ရောင် အစွပ်တစ်ခုဖြင့် စွပ်ချလိုက်၏။
ခေါင်းကို အစွပ်ခံလိုက်ရခြင်းကြောင့် သူ့စိတ်ထဲတွင် သူ့ကို ၀ိုင်းအုံထိုးကြိတ်တော့မလားဟု ထင်လိုက်သည်။ သို့သော် လက်မောင်းတစ်ဖက်တစ်ချက်ကိုကိုင်ထားသော လူနှစ်ဦးက သူ့အား ဆွဲခေါ်ရုံဆွဲခေါ်သွားသည်။ ခေါင်းကို အစွပ်စွပ်ထားခြင်းကြောင့် လမ်းကိုတော့ ကောင်းကောင်း မလျှောက်နိုင်။ စမ်းတ၀ါးဝါးနှင့်သာ မှန်းဆကာသွားနေရသည်။
လက်မောင်းကို ကိုင်ထားသော ၀န်ထမ်းများက လမ်း လျှောက်တာနှေးကွေးသည့် သူ့ကို စိတ်မရှည်သဖြင့် အော်ငေါက် ကာ အတင်းဒရွတ်တိုက်ဆွဲခေါ်သည်။ အခန်းထဲသို့ရောက်သော အခါ လက်မောင်းမှကိုင်ပြီး ကြမ်းပြင်ပေါ်သို့ ဘတ်ခနဲပစ်ချ လိုက်သည်။ ခေါင်းစွပ်နှင့် လူသည် ကြမ်းပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားလေ၏။
သူ့ကိုလိုက်ပို့သော သူများက “နောက်ကို လှည့်မကြည့်နဲ့”၊ “နောက်ကို လှည့်မကြည့်နဲ့” ဟု အော်ငေါက်ကာ ခေါင်းစွပ်ကို ချွတ်လိုက်သည်။
“နောက်လှည့်မကြည့်နဲ့၊ ရှေ့ကြည့်၊ ရှေ့ကြည့်”ဟု ထပ်အော်ပြီး အခန်းသံတံခါးပိတ်သံ ‘၀ုန်း’၊ ‘ဒိုင်း’မြည်သံကြားလိုက်ရသည်။ သံတံခါးပိတ်ပြီးသည့်နောက် သစ်သားတံခါးကို ပိတ်လိုက် သံကြားလိုက်သည်။ ပြီးတော့မှ ‘ကြည့်လို့ရပြီ’ဟု ထောင်ဝန်ထမ်း များက လှမ်းအော်သည်။ သူလှည့်ကြည့်လိုက်သည့်အခါ ဘယ် သူမှမရှိတော့။ အခန်းထဲတွင် သူက တစ်ယောက်တည်း။
ခဏကြာတော့ ဦးမှိုင်းဆိုသည့် အကျဉ်းသားတစ်ဦး သူ၏အခန်းရှေ့သို့ရောက်လာသည်။ သူ့ကိုမြင်သောအခါ ဦးမှိုင်းက “ခေါင်းတုံးကြီးနဲ့ ဘုန်းကြီးလား၊ လူလား”ဟုမေး၏။ “ဦးဇင်းပါ”ဟု ပြန်ဖြေလိုက်သောအခါ ဦးမှိုင်းသည် လက်အုပ်ချီလျက်…
“တင်ပါ့၊ ဘာအမှုတုံး ဘုရား”
“ဒီလိုပဲ တရားဟောလို့”ဟု ဦးပဉ္ဇင်းက ပြန်မိန့်၏။
သို့ဖြင့် ဦးပဉ္ဇင်းအကြောင်းနှင့် အပြင်လောကတွင် ဖြစ် ပျက်နေသည့် အခြေအနေတို့ကို စုံစမ်းမေးမြန်းကြသည်။ အပြန် အလှန် မိတ်ဆက်ကြသည်။ မန္တလေးမြို့၊ အိုးဘိုထောင်သို့ ညနေ အချိန်တွင် အကျဉ်းသားအဖြစ်ရောက်လာခဲ့သည့် ဦးပဉ္ဇင်းမှာ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှ စာချကိုယ်တော်တစ်ပါးဖြစ်သည်။ ပုဒ်မငါးခုဖြင့် တရားစွဲခံရပြီး ထောင်ဒဏ် ၂၅နှစ် အပြစ် ပေးခံရခြင်းဖြစ်သည်။
သူ၏အမည်ကား ယနေ့အချိန်တွင် နိုင်ငံတကာသတင်း မီဒီယာများပေါ်တွင် “အစွန်းရောက်ဘုန်းကြီး”၊ “မွတ်ဆလင်မုန်းတီးရေးတရားများကို လိုက်လံဟောကြားနေသော ဘုန်းကြီး”၊ “မြန်မာပြည်ရဲ့ ဘင်လာဒင်”စသဖြင့် ဝေဖန်ခံနေရသည့် ဦးပဉ္ဇင်း ဦးဝီရသူပင်ဖြစ်သည်။
သို့သော် အိုးဘိုထောင်ထဲကို ထိုအချိန်က ရောက်လာသည့် ဦးဝီရသူသည် နောင်ဆယ်စုနှစ်တစ်ခုကျော်လောက်မှာ “မျိုးချစ်စိတ်ဓာတ် ပြင်းထန်ပိုကဲသော ဦးပဉ္ဇင်းတစ်ပါး”ဖြစ်လာလိမ့်မည်ကိုတော့ မည်သူမှ မှန်းဆနိုင်ခဲ့ကြမည်မဟုတ်ပါ။
(ဦးဝီရသူ သာသနာ့ဘောင်ကို ဘယ်လိုရောက်လာသလဲ၊ ဘယ်အယူအဆတွေက သူ့ကို လွှမ်းမိုးခဲ့သလဲ၊ ဘယ်လိုတရားမျိုးကို ဟောသောကြောင့် ထောင်ကျခံခဲ့ရသလဲ… မော်ကွန်းဧပြီလထုတ်မှာ ဖော်ပြထားပါတယ်။)