မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ချမ်မြသာစည်မြောက်ရပ်ကွက်ရှိ နဂါးနီစုဘူးအသင်းဝင်များအား စုဘူးငွေထုတ်ပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို (၂၁.၃.၂၀၁၅)ရက်နေ့၊ ညနေ (၄း၃၀)နာရီ၊ ချမ်း/မြောက် ဗုဒ္ဓသာသနရက္ခိတ ဘုံဆွမ်းလောင်းအသင်းတိုက်၌ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ စုဘူးအသင်းတာဝန်ရှိသူများဖြစ်ကြသည့် အရှင်ဇဝန(နာယက)၊ အရှင်ဝိစိတ္တ(ဟောပြောတာဝန်ခံ)၊ ဒေါ်ကြည်ကြည်မာ(ဒု ဥက္ကဋ္ဌ)၊ ဒေါ်ကြင်ကြင်မြိုင်(အတွင်းရေမှူး)၊ ဒေါ်တင်တင်ဆန်း(စာရင်းစစ်)တို့တက်ရောက်ကြပြီး အရှင်ဝိစတ္တမှ အသိပညာများ ဟောပြောခဲ့ကြာင်း သိရသည်။
၎င်းနောက် ငွေစုပတ်ပြည့်ပြီးဖြစ်သည့် အသင်းဝင်များအား စုဘူးငွေထုတ်ပေးခဲ့ရာ အသင်းဝင်(၅၀)ဦးတို့အား (၁)သိန်းကျပ်စီနှင့် (၄၀)ဦးတို့အား (၅)သောင်းကျပ်စီ ထုတ်ပေးခဲ့ပါသည်။
ချမ်း/မြောက်နဂါးနီစုဘူးအသင်းသည် ဆရာတော်ဦးဝီရသူတည်ထောင်သည့် စုဘူးများအနက် (၃)ခုမြောက် စုဘူးဖြစ်ပြီး ဆရာတော်မှ (၃၁.၅.၂၀၁၄)နေ့တွင် ဦးရေ (၅၀)ဖြင့် စတင်တည်ထောင်ပေးခဲ့ကြောင်း၊ ယခုအခါ အသင်းဝင်ပေါင်း (၁၄၀)အထိ တိုးပွားလာပြီဖြစ်ကြောင်း သိရသည်။
နဂါးနီစုဘူး၏ ငွေချေးစနစ်မှာ (၅)ကျပ်တိုးဖြစ်ပြီး အတိုး(၅)ကျပ်ထဲမှ (၂)ကျပ်ကို စုဘူးအသင်းဝင်များအတွက် ကျန်းမာရေးရန်ပုံငွေ၊ (၃)ကျပ်ကို စုဘူးငွေတိုးချဲ့ထုတ်ပေးရန်နှင့် အသင်းဝင်သစ်များ တိုးချဲ့လက်ခံရန် စီးပွားရေးရန်ပုံငွေအဖြစ် စုဆောင်းပေးသည်ဟု သိရပါသည်။
ဝီရခေမိန် (နဂါးနီစုဘူးသတင်းထောက်)
“နဂါးနီစိတ်ဓာတ်”
အတိုးပေါ် အတိုးဆင့်၊ အတိုးနှင့်ဒုက္ခတွေ။
ဘဝတစ်ခုလုံး၊ လူညွန့်တုံး၊ လူဖြစ်ရှုံးမှုတွေ။
ပျောက်ပါစေ ရည်စူးပြီး၊ စုဘူးကြီး တည်ထောင်ပေ။
အသောက်အစား၊ အပျော်ပါး၊ လောင်းကစားရှောင်ကြင်လေ။
ရိုးရိုးသားသား၊ နိုးနိုးကြား၊ ကြိုးစားစုကြလေ။
အိုးမဲ့ အိမ်မဲ့၊ အခြေနေမဲ့၊ ကဲ့ရဲ့လွတ်ကြစေ။
ရခဲရကြ လူ့ဘဝ၊ အရတော်ကြစေ။
လူတစ်လုံး သူတစ်လုံး၊ အပီပြင်ဆုံး၊ ရုပ်လုံးဖော်ကြစေ။
(ဝီရသူ-မစိုးရိမ်)