ပညာရှိဆိုတာ အပြုသဘောနဲ့ အကြံပေးလာသူကို ကြိုဆိုကြတယ်။
စိတ်ကောင်းစေတနာ အရင်းခံမယ်။
မျှတတဲ့ အကြံပြုချက်ဖြစ်မယ်။
အမှန်တကယ် အကျိုးရှိမယ်ဆိုရင်
ရန်သူ/မုန်းသူတို့ရဲ့ အကြံဉာဏ်ဖြစ်သော်လည်း ခံယူကျင့်သုံးကြတယ်။
သူတော်ကောင်းဆိုတာ ဆိုဆုံးမရ လွယ်ကူသူတွေဖြစ်တယ်။
နော စာ ဌာနေ နိယောဇကော-အကျိုးမဲ့မည့်အရာဆို သူတော်ကောင်းတွေက မတိုက်တွန်းတတ်ပါဘူး။
ရှေ့ဆောင်တစ်ယောက်ဆိုတာ ပညာရှိတစ်ယောက်ရဲ့ နှလုံးသား၊ သူတော်ကောင်းတစ်ယောက်ရဲ့ နှလုံးသွင်းမျိုး ရှိနေရမယ်။
ဝီရသူ(မစိုးရိမ်)
15.3.2015
AM 8:45
========================================================
“လူမှုရေးစိတ်ဓာတ်ဖြင့် ကျောင်းသားရှုတ်ချပွဲ နာရေးကူညီမှုအသင်း၌ လက်ခံကျင်းပရခြင်းဖြစ်”
အိသန္တာမိုး၊ ရန်ကုန်၊ မတ်-၁၃
လူမှုရေးစိတ်ဓာတ်တစ်ခုတည်းဖြင့် ကျောင်းသားရှုတ်ချပွဲကို နာရေးကူညီမှုအသင်း၌ လက်ခံကျင်းပရခြင်း ဖြစ်ကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူက စံတော်ချိန်သို့ ပြောကြားခဲ့သည်။ (အပေါ်ပုံ)
လူမှုရေး
တစ်တိုင်းပြည်လုံးနဲ့ သက်ဆိုင်တဲ့အတွက်ကြောင့် ကျွန်တော်ကလုပ်နေတာပါ။ နိုင်ငံရေးလောကထဲဝင်ပြီး တော့ ပါတီထောင်ပြီးတိုင်းပြည်ကို အုပ်ချုပ်တဲ့အထဲမှာ ကျော်သူမပါဘူး။ ဘယ်အစိုးရတက်တက် ကျွန်တော်ကတော့ လူမှုရေးလုပ်ငန်းပဲလုပ်နေမှာပါ။ လူမှုရေးဆိုတာ အားလုံးနဲ့ အကျုံးဝင်တယ်။ နိုင်ငံ့အရေးပဲ။ နိုင်ငံတော်ရဲ့ အနာဂတ်ကို ဖန်တီးတဲ့အတွက်ကြောင့် ကျွန်တော်ပါရခြင်းဖြစ်ပါတယ် ဟု ၄င်းက ပြောကြားသည်။
ဝေဖန်
ပရဟိတလုပ်ငန်းများကိုသာ စဉ်ဆက်မပြတ်လုပ်ဆောင်နေသူတစ်ဦးအဖြစ်တွေ့မြင်နေကြသော်လည်း ယခုကဲ့သို့ ကျောင်းသားရှုတ်ချပွဲတွင် ပါဝင်ခဲ့သည့်အတွက် ဝေဖန်မှုများအပေါ် “ဒီလိုမှတ်ချက်ပေးတဲ့သူ တွေ၊ လူမှုရေးသမားဆိုပြီးတော့ ပြောတဲ့သူတွေ ကိုယ့်ဟာကိုယ်ပဲ အသုဘပဲချနေကြပါ။ မှတ်ချက်ပေးတဲ့ အထဲမှာ တချို့ဘုန်းကြီးတွေလည်းပါတယ်။ ဘုန်းကြီးလည်း ဘုန်းကြီးအလုပ်လုပ်ကြပေါ့။ ဘုန်းကြီး ဆိုတဲ့ အလုပ်ဆိုတာလည်း ဗြဟ္မစိုရ်တရားကို လက်ကိုင်ထားကြတာပဲ။ ဒီဟာလည်း အားလုံးနဲ့ သက်ဆိုင်တယ်။ ပရဟိတဆိုတာဘာလဲ၊ လူမှုရေးဆိုတာဘာလဲ။ လူမှုရေးပရဟိတဆိုတာ လူသားချင်းစာနာစိတ်နဲ့ လုပ်ပေး ရတာ၊ အသုဘချည်းပဲ ချပေးရတာ ပရဟိတသမားမဟုတ်ဘူး” ဟု လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ၄င်းကဆိုသည်။
ထောက်ပြ
အသိဉာဏ်တရားနည်းပါးခြင်းမှာ ပညာရေးကဏ္ဍအပိုင်းတွင်ချို့တဲ့သောကြောင့်ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး မိမိအနေဖြင့် လူမှုရေးဘက်တွင် အသုဘချပေးခဲ့သည်မှာ နှစ်သိန်းနီးပါးရှိပြီဖြစ်ကြောင်း၊ တစ်ရက်လျှင် လူပေါင်း ၅၀နီးပါးသေဆုံးရခြင်းမှာ ကျန်းမာရေး ဆေးဝါးမြင့်မားမှုနှင့် အဓိသက်ဆိုင်သည်ဖြစ်ပြီး အသိတရားမရှိခြင်းမှာလည်း ပညာရေးစနစ်ကောင်းမွန်မှုမရှိသောကြောင့်ဖြစ်ကြောင်း ၄င်းကထောက်ပြ ပြောဆိုသည်။
(မတ်လ ၁၄ ရက်နေ့ထုတ် စံတော်ချိန်သတင်း)